Shoon Lei
[ဒေါက်တာ]
ဒေါက်တာ့ကိုမတော်တဆတွေ့ခဲ့ပါတယ်။
ခင်မင်ရင်းနှီးခွင့်လည်းရခဲ့ပါတယ်။ဒေါက်တာဟာ သိပ်ကိုသဘောကောင်းပါတယ်။လူနာတွေကိုသိပ်ဂရုစိုက်တတ်ပြီး တရင်းတနှီးစကားပြောပါတယ်။ကျွန်တော့်ကိုတော့ ပိုတယ်ထင်ခဲ့မိပါတယ် ဒေါက်တာ။ကလေးအတွေးလို့ထင်မယ်ဆိုလည်းရပါတယ် ဒေါက်တာ။
ဒေါက်တာဆေးပေးတဲ့အခါ ကျွန်တော်ကဒေါက်တာအနားမှာမတ်တပ်ရပ်ရင်းစကားပြောနေမယ်။ကျွန်တော်ပြောတဲ့ဟာသတွေကြောင့် ဒေါက်တာရယ်တဲ့အခါ ကျွန်တော်သဘောကျပါတယ်။ဒေါက်တာရယ်လိုက်တဲ့အခါ ပေါ်လာတဲ့သွားတက်လေးကိုကျွန်တော်ချစ်ပါတယ် ဒေါက်တာ။
ဆေးမထိုးချင်ပါဘူးလို့အတင်းငြင်းတဲ့ ကျွန်တော့်ကို ဒေါက်တာဟာ စိတ်ရှည်လက်ရှည်ဖြောင်းဖြပေးတတ်တယ်။ဆေးတွေမသောက်ချင်ပါဘူးလို့ ပြောနေခဲ့ပေမယ့် ဒေါက်တာပေးတဲ့ဆေးကိုတော့ မေတ္တာဓာတ်တွေထည့်ထားတယ်အထင်နဲ့ သောက်ချင်ခဲ့ပါတယ် ဒေါက်တာ။
ဒေါက်တာဟာ အက်ျီအဖြူလက်ရှည်လေးကို တံတောင်ဆစ်ထိရောက်အောင် ခေါက်ဝတ်တတ်တယ်။ဒေါက်တာက လူကြီး လူကောင်း ဆန်တယ်။ဒေါက်တာရဲ့ လှုပ်ရှားမှုတိုင်းကို ကျွန်တော်သဘောကျတယ်။
ဒေါက်တာ နားကြပ်လေးနဲ့ ကျွန်တော့်ကို
စမ်းသပ်တဲ့အခါ၊ကျွန်တော့်ကို သွေးပေါင်တိုင်းပေးတဲ့အခါ၊အကြောဆေးသွင်းပေးတဲ့အခါ၊
ကျွန်တော့်အတွက် လိုအပ်တဲ့ဆေးပေးတဲ့အခါ
(ကျွန်တော်တိတ်တခိုး ခိုးကြည့်မိပါတယ်)၊ဒါလေးတွေကိုလည်း ကျွန်တော်သဘောကျပါတယ်။
တကယ်တော့ ဒေါက်တာနဲ့ ပတ်သက်သမျှအရာအားလုံးကို သဘောကျတာပါ။ဒေါက်တာ့
ဂရုစိုက်မှုတွေကအစ ဥပက္ခာတွေအဆုံး။ချစ်ရပါတယ် ဒေါက်တာ။မပိုင်ဆိုင်နိုင်တော့ဘူး၊လက်လွှတ်လိုက်ရပြီဆိုတာ သိနေပေမယ့် တချို့နေ့တွေမှာလေ ရူးရူးနှမ်းနှမ်း ဒေါက်တာ့ရင်ခွင်ထဲ ပြေးပုန်းချင်တာ။
ဘယ်အချိန်ကတည်းက ကျွန်တော်တို့ဝေးသွားကြတာလဲ ဒေါက်တာ။messageလေး တစ်ကြောင်းတောင် မပို့ဖြစ်ကြတော့တဲ့အထိ။
ဒေါက်တာ့ pre wedding photoလေးတွေ့လိုက်ကတည်းက ငါတို့ဝေးတော့မယ်ဆိုတဲ့ အသိက ကျွန်တော့်ကို အမြဲခြောက်လှန့်နေခဲ့တာ။အခုရော?ဝေးသွားပြီ ဒေါက်တာ။ကံက နောက်ထပ်ဆုံခွင့်မပေးတော့ဘူး။
ဒေါက်တာ့ မေတ္တာဓာတ်တွေပါတဲ့ဆေးတွေလည်း ကျွန်တော့်လက်ထဲ ရောက်မလာတော့ဘူး။ဒေါက်တာ သွင်းပေးတဲ့ဆေးမှ မဟုတ်ရင် အကြောတွေကလည်း လက်မခံချင်ဘူး။ဒေါက်တာဟာလည်း ကျွန်တော့်ကိုအရင်လို
နားကြပ်နဲ့ မစမ်းသပ်တော့ပါဘူး။အမြင်တွေဝါးလာတယ် ဒေါက်တာ။မီးတွေက လင်းလွန်းလို့ မျက်လုံးတွေလည်းစူးလိုက်တာ။ဒေါက်တာ့ မျက်နှာလေး၊အပြုံးလေး၊သွားတက်ကလေး၊မျက်မှန်ကိုင်း နက်နက်ကလေး၊ဒေါက်တာ လက်ပေါ်က အမာရွတ်ကလေး....
ဒေါက်တာနဲ့ပတ်သက်လို့ အားလုံးဟာ ရူးချင်စရာပါပဲ။ဒီလောက်ရူးရ တော်လောက်ပြီပေါ့နော် ဒေါက်တာ။နှုတ်ဆက်ပါတယ် ဒေါက်တာ။ကျွန်တော် မပိုင်တဲ့အပြုံးလေး အမြဲတောက်ပပါစေ........။ ။
Keep Reading