Me_In_a_Nutshell
နှင်းဆီပင်ရဲ့ အပေါ်မှာတော့ အံ့ဩမှင်သက်စရာကောင်းလှတဲ့ နှင်းဆီပွင့်လေးဟာ သီချင်းတစ်ပုဒ်ပြီးတစ်ပုဒ် ပွင့်ချပ်တစ်ချပ်ပြီးတစ်ချပ်နဲ့ ဖူးပွင့်လာပါတော့တယ်။
ဒါပေမယ့် နှင်းဆီပင်ကတော့ ငှက်ကလေးကို
ဆူးနဲ့ပိုနီးကပ်ဖို့ ငိုကြွေးပြီးပြောပါတယ်။ "ပိုပြီးထိုးသွင်းလိုက်ပါ တေးသီငှက်ငယ်လေးရေ။ မဟုတ်ရင် နှင်းဆီပွင့်လေး မပြီးဆုံးခင် မိုးလင်းလာလိမ့်မယ်"
ငှက်ကလေးဟာ ဆူးကို ပိုထိုးသွင်းလိုက်တိုင်း သူမရဲ့သီချင်းသံဟာလည်း ပိုပြီးကျယ်လောင်လာပါတယ်။ နူးညံ့လှတဲ့ အပန်းရောင်သွေးတွေဟာ နှင်းဆီပင်ရဲ့ အရွက်တွေပေါ် ဖြာထွက်လာပါတယ်။
နှင်းဆီပင်ကလည်း နောက်တစ်ကြိမ်ငိုကြွေးပြီးပြောပါတယ်။ "ပိုပြီးထိုးသွင်းလိုက်ပါ တေးသီငှက်ငယ်လေးရေ။ မဟုတ်ရင် နှင်းဆီပွင့်လေး မပြီးဆုံးခင် မိုးလင်းလာလိမ့်မယ်"
ဒီတစ်ကြိမ်မှာတော့ ဆူးဟာ ငှက်ကလေးရဲ့ နှလုံးသားကိုထိုးဖောက်သွားပြီး စူးရှပြင်းထန်လွန်းတဲ့ နာကျင်မှုဟာ သူမရဲ့ခန္ဓာကိုယ်တစ်ခုလုံးကို ပျံ့နှံ့သွားပါတော့တယ်။ နာကျင်မှုဟာ ပိုပြီးပြင်းထန်လာလေလေ သူမရဲ့တေးသံဟာလည်း ပိုပြီး ကျယ်လာလေလေပါပဲ။ သူမဟာ သေဆုံးခြင်းကြောင့် ပြည့်စုံလာစေတဲ့ ချစ်ခြင်း ၊ အုတ်ဂူလေးတစ်ခုထဲမှာပဲ သေဆုံးသွားမှာမဟုတ်တဲ့ ချစ်ခြင်းအကြောင်းကို သီကျူးနေခဲ့တာပါ။
အံ့ဩစရာကောင်းလှတဲ့ နှင်းဆီပွင့်လေးကတော့ အရှေ့ဘက်ကောင်းကင်ကြီးအလား ကြက်သွေးရောင်တောက်ပလာပါတော့တယ်။
ဒါပေမယ့် တေးသီငှက်ကလေးရဲ့ အသံဟာ တစ်ဖြည်းဖြည်းအားပျော့လာပြီး သူမရဲ့အတောင်ပံတွေဟာလည်း တဖျပ်ဖျပ်လှုပ်ခါနေကာ သူမရဲ့မျက်လွှာလေးတွေကိုချလိုက်ပါတော့တယ်။ သီချင်းသံလေး အားပျော့လာတာနဲ့ သူမရဲ့ လည်ပင်းဟာလည်း အသက်ရှူကျပ်လာပါတော့တယ်။
သူမဟာနောက်ဆုံးအနေနဲ့ သံကုန်ဟစ်ကာ သီဆိုလိုက်ပါတယ်။ ဒီအသံကို အဖြူရောင်လမင်းကြီးက ကြားလိုက်ရာ အရုဏ်တက်ဖို့တောင်မေ့နေပြီး ကောင်းကင်မှာ မှင်သက်နေပါတော့တယ်။ နှင်းဆီပွင့်နီလေးကတော့ ပျော်ရွှင်ပီတိတွေနဲ့ တစ်ကိုယ်လုံးတုန်ခါသွားပြီး မနက်ခင်းလေအေးတွေထဲမှာ ပွင့်ချပ်လေးတွေကိုဖွင့်ကာ ပွင့်လန်းလာပါတော့တယ်။
"ကြည့်လိုက်စမ်း၊ ကြည့်လိုက်စမ်း" နှင်းဆီပင်က ငိုပြီးပြောပါတယ်။ "နှင်းဆီပွင့်လေး ပြီးသွားပြီ " ဒါပေမယ့် တေးသီငှက်ကလေးကတော့ အဖြေမပေးနိုင်တော့ပါဘူး။ သူမရဲ့ နှလုံးသားမှာ ဆူးတစ်ချောင်းနဲ့ ရှည်လျားလှတဲ့ မြက်ပင်တွေပေါ်မှာ လဲလျောင်းကာ သေဆုံးနေပါပြီ။
နေ့ခင်းရောက်ချိန်မှာတော့ ကျောင်းသားလေးဟာ ပြတင်းပေါက်ကိုဖွင့်ပြီး အပြင်ဖက်ကိုငေးကြည့်လိုက်ပါတယ်။
"ဘာကြောင့်များလဲ၊ ဘယ်လောက်တောင်အံ့ဩစရာကောင်းလိုက်တဲ့ကံလဲ " ကျောင်းသားလေးကရေရွတ်လိုက်ပါတယ်။ "ဒီမှာ နှင်းဆီအနီလေးတစ်ပွင့်ပဲ ။ ဒီလိုနှင်းဆီပန်းမျိုး ငါ့ရဲ့တစ်သက်လုံးမှာ တစ်ခါမှ မမြင်ဖူးဘူး။ နှင်းဆီပန်းလေးဟာ လှလွန်းလို့ သူ့မှာ လက်တင်နာမည်အရှည်ကြီးတောင်ရှိမှာပဲ " သူဟာရှေ့ကိုကုန်းပြီး ပန်းလေးကို ခူးဆွတ်လိုက်ပါတယ်။
ပြီးတာနဲ့ သူဟာဦးထုပ်ကိုဆောင်း၊ ပန်းကလေးကိုကိုင်ကာ ပရော်ဖက်ဆာ ရဲ့အိမ်ကို အပြေးအလွှားသွားပါတော့တယ်။
ပရော်ဖက်ဆာရဲ့ သမီးကတော့ တံခါးဝမှာထိုင်ပြီး အပြာရောင်ပိုးထည်ကို ရစ်ပတ်သိမ်းဆည်းနေပါတယ်။ သူမရဲ့ ခွေးကလေးကတော့ ခြေရင်းမှာအိပ်နေပါတယ်။
"နှင်းဆီပန်းအနီလေးတစ်ပွင့်ကို ယူလာပေးရင် ငါနဲ့တွဲကမယ်လို့ မင်းပြောခဲ့တယ်မလား" ကျောင်းသားလေးကပြောပါတယ်။ "ဒီမှာ တစ်ကမ္ဘာလုံးမှာ အနီဆုံးနှင်းဆီပန်းလေးပဲ။ ဒီည နှင်းဆီပန်းလေးကို မင်းနှလုံးသားနဲ့ အနီးဆုံးနေရာမှာထားပြီး ငါတို့ အတူတူကကြမယ်"
ဒါပေမယ့် ကောင်မလေးက မျက်မှောင်ကြုပ်လိုက်ပါတယ်။
"ငါ့ရဲ့ဝတ်စုံနဲ့ ဒီပန်းပွင့်က လိုက်ဖက်မှာမဟုတ်ဘူး " သူမကပြန်ဖြေပါတယ်။ "နောက်ပြီးတော့ နန်းတော်အတွင်းဝန်ရဲ့ တူက ငါ့ကို လက်ဝတ်ရတနာအစစ်တွေပို့ပေးထားတယ်။ ပန်းပွင့်တွေထက် ရတနာတွေက အများကြီးအဖိုးတန်တယ်ဆိုတာကို လူတိုင်းသိတယ်လေ"
"ကောင်းပြီလေ ပြောရမယ်ဆိုရင် မင်းဟာ အရမ်းကို ရက်စက်တာပဲ " ကျောင်းသားလေးဟာ ဒေါသတကြီးနဲ့ ပြောလိုက်ပြီး နှင်းဆီပန်းပွင့်လေးကို လမ်းပေါ် လွှင့်ပစ်လိုက်ပါတယ်။ ပန်းလေးဟာ ရေမြောင်းထဲကို ကျသွားပြီး လှည်းဘီးတစ်ခုက နှင်းဆီပန်းလေးပေါ်မှ နင်းချေသွားပါတော့တယ်။
ကျောင်းသားလေးဟာ နောက်ပြန်လှည့်ထွက်လာရင်း ရေရွတ်လိုက်ပါတယ်။ "အချစ်ဆိုတာ ဘယ်လောက်တောင် ရူးမိုက်လိုက်တဲ့အရာလဲ"
ပြီး။
The Nightingale and The Rose
by Oscar Wilde
Keep Reading