Me_In_a_Nutshell

"နှင်းဆီအနီလေးတစ်ပွင့်အတွက် ပေးဆပ်ရမယ့် တန်ဖိုးက သေခြင်းတရားတဲ့လား" ငှက်ကလေးဟာငိုယိုပြီးပြောလိုက်ပါတယ်။ "သက်ရှိတိုင်းက ရှင်သန်ခြင်းကို မြတ်နိုးကြပါတယ်။ အစိမ်းရောင်သစ်တောကြီးအလယ်မှာ ထိုင်နေရတာ ၊ ရွှေရောင်နေမင်းကြီးနဲ့ ပုလဲရောင်လမင်းကြီးကို ငေးကြည့်နေရတာတွေဟာ သာယာလွန်းလှပါတယ်။ ဆူးချုံပင်တွေ၊ ချိုင့်ဝှမ်းတွေထဲမှာ ပုန်းလျှိုးနေတဲ့ အပြာရောင်ခေါင်းလောင်းပန်းလေးတွေနဲ့ တောင်ကုန်းပေါ်မှာပွင့်ကြတဲ့ ဟယ်သာပန်းလေးတွေရဲ့ ရနံ့ဟာ ချိုမြိန်လွန်းလှပါတယ်။ ဒါတောင်မှ ချစ်ခြင်းမေတ္တာဟာ ရှင်သန်ခြင်းထက်ပိုပြီး အဓိပ္ပာယ်ရှိပါတယ်။ ငှက်တစ်ကောင်ရဲ့နှလုံးသားနဲ့ လူသားတစ်ယောက်ရဲ့ နှလုံးသားကို ဘယ်လိုလုပ် နှိုင်းယှဉ်လို့ရနိုင်မှာလဲ"
ဒါကြောင့် သူမရဲ့အညိုရောင်တောင်ပံတွေကိုဖြန့်ပြီး လေထဲကို ဝဲပျံတက်သွားပါတော့တယ်။ သူမဟာ တောအုပ်လေးနဲ့ ဥယျာဉ်ပေါ်ကနေ အရိပ်တစ်ခုလို လျင်မြန်စွာ ပျံသန်းသွားပါတော့တယ်။
ကျောင်းသားငယ်လေးဟာ သူမ မထွက်သွားခင်ကတည်းကလိုပဲ မြက်ခင်းပေါ်မှာ လဲလျောင်းနေဆဲပါ။ သူ့ရဲ့ လှပတဲ့ မျက်ဝန်းတွေမှာလည်း မျက်ရည်တွေတောင်မခြောက်သေးပါဘူး။
"ပျော်ပျော်နေပါ" တေးသီငှက်ကလေးက ငိုပြီးပြောလိုက်ပါတယ်။ "ပျော်ပျော်နေလိုက်စမ်းပါ။ မင်းလိုချင်တဲ့ နှင်းဆီနီလေးကို ရမှာပါ။ ငါကိုယ်တိုင် လရောင်အောက်မှာ ဂီတနဲ့ ဖန်တီးပြီး နှလုံးသွေးနဲ့ ဆေးခြယ်ပေးပါ့မယ်။ ငါပြန်တောင်းဆိုချင်တာကတော့ စစ်မှန်တဲ့ ချစ်သူတစ်ယောက်ဖြစ်ပေးဖို့ပါပဲ"
ကျောင်းသားငယ်လေးဟာ မြက်ခင်းပေါ်ကနေမော့ကြည့်ပြီး နားထောင်နေပါတယ်။ ဒါပေမယ့် သူ တေးသီငှက်ကလေး ပြောနေတဲ့စကားလုံးတွေကိုတော့နားမလည်ပါဘူး။ သူက သူသင်ထားဖူးတဲ့ စာအုပ်တွေထဲမှာရေးထားတဲ့ စာတွေကိုသာသိတာပါ။
ဒါပေမယ့် ဝက်သစ်ချပင်အိုကြီးကတော့ နားလည်ပါတယ်။ သူ့ရဲ့ အကိုင်းအခက်တွေပေါ်မှာ အသိုက်ဆောက်ပြီးနေတဲ့ တေးသီငှက်လေးကို သံယောဇဉ်ရှိတာကြောင့်လည်း ဝမ်းနည်းနေခဲ့ပါတယ်။
"နောက်ဆုံးသီချင်းလေးတစ်ပုဒ် ဆိုပြခဲ့ပါဦး" သစ်ပင်အိုကြီးက တိုးတိုးလေးပြောလိုက်ပါတယ်။ "မင်းသာ မရှိတော့ရင် ငါကတော့ အရမ်းကို အထီးကျန်နေတော့မှာပဲ"
ဒါကြောင့် ငှက်ကလေးဟာ ဝက်သစ်ချပင်အိုကြီးကို သီချင်းဆိုပြခဲ့ပါတယ်။ သူမရဲ့ အသံလေးဟာ ငွေကရားအိုးကနေ ရေတွေစီးကျလာသလိုပါပဲ။
သူမသီဆိုပြီးချိန်မှာတော့ ကျောင်းသားလေးဟာ မှတ်စုစာအုပ်နဲ့ ခဲတံကို ယူကာထွက်သွားပါတော့တယ်။
ကောင်းကင်ပေါ် လရောင်တောက်ပလာချိန်မှာတော့ တေးသီငှက်လေးဟာ နှင်းဆီပင်ဆီကို ပျံသွားပါတယ်။ ပြီးတော့ သူမရဲ့ ရင်ဘတ်ကို နှင်းဆီဆူးနဲ့ တေ့ထားလိုက်ပါတယ်။ ဒီလိုပုံစံနဲ့ တစ်ညလုံးသီချင်းဆိုနေတာကို အေးမြတဲ့လမင်းကြီးတောင် ဆင်းလာပြီးနားဆင်ခဲ့ပါတယ်။ သူမ ညလုံးပေါက် သီဆိုရင်း၊ သီဆိုရင်း နှင်းဆီဆူးကလည်း ရင်ဘတ်ထဲကို နက်သထက်နက်ကာ စိုက်ဝင်လာပါတယ်။ သူမရဲ့ သွေးတွေကလည်း တဖြည်းဖြည်းစီးကျလာပါတော့တယ်။
Keep Reading