Me_In_a_Nutshell
"နှင်းဆီပန်းအနီလေးသာယူလာပေးရင်ငါနဲ့တွဲကမယ်လို့သူမကပြောတယ်" ကျောင်းသားငယ်လေးဟာငိုပြီးပြောလိုက်တယ်။ "ဒါပေမယ့်ငါ့ဥယျာဉ်ထဲမှာ နှင်းဆီအနီတစ်ပွင့်မှမရှိဘဲ"
ဝက်သစ်ချပင်ကြီးပေါ်မှာရှိတဲ့ အသိုက်လေးထဲက တေးသီငှက်ကလေးကတော့ သူပြောတာကိုကြားလိုက်ပါတယ်။ ငှက်ကလေးဟာသစ်ရွက်တွေကြားထဲကနေ အပြင်ကိုလှမ်းကြည့်ပြီး တွေးတောနေပါတယ်။
"ငါ့ဥယျာဉ်ထဲမှာ နှင်းဆီပန်းအနီတစ်ပွင့်မှမရှိဘူး" သူ့ရဲ့လှပတဲ့မျက်လုံးတွေထဲမှာမျက်ရည်အပြည့်နဲ့ ကောင်လေးကထပ်ငိုကြွေးပြန်ပါတယ်။ "ပျော်စရာဆိုတာဘာမဟုတ်တဲ့အရာလေးတွေပေါ်မှာလည်းမူတည်ပါလား။ ငါဟာ ပညာရှင်တွေရေးထားတဲ့စာတွေကိုလည်းဖတ်ဖူး၊ အတွေးအခေါ်ပညာတွေရဲ့လျှို့ဝှက်ချက်တွေကိုလည်းနားလည်ပါလျက်နဲ့ ဘာမဟုတ်တဲ့နှင်းဆီပန်းအနီလေးတစ်ပွင့်ကြောင့် ငါ့ဘဝကစိတ်ဆင်းရဲစရာကောင်းနေပါလား "
"ဒီမှာ နောက်ဆုံးတော့ အမှန်တကယ် ချစ်တတ်တဲ့သူပါလား" ငှက်ကလေးကပြောလိုက်ပါတယ်။ "သူဘယ်သူမှန်းမသိဘဲ တစ်ညပြီး တစ်ညသူ့အကြောင်းကိုသီချင်းဆိုခဲ့တယ်။ တစ်ညပြီးတစ်ည သူ့အကြောင်းကို ကြယ်တွေဆီပြောပြခဲ့တယ်။ အခုတော့ငါသူ့ကိုတွေ့ရပြီ။ သူ့ဆံပင်တွေက ဟိုင်ယာဆင့်ပန်းပွင့်နေသလို နက်မှောင်ပြီး နှုတ်ခမ်းတွေကလည်း သူလိုချင်တဲ့ နှင်းဆီပန်းလေးလိုပဲ နီရဲနေတယ် "
"အရှင်မင်းသားက မနက်ဖြန်ညမှာကပွဲကျင်းပလိမ့်မယ်" ကျောင်းသားငယ်လေးက တီးတိုးရေရွတ်လိုက်ပါတယ်။
"အဲ့ဒီမှာ ငါချစ်ရတဲ့မိန်းကလေးလည်းရှိနေမှာ။ သူမကိုသာ နှင်းဆီအနီလေး တစ်ပွင့်ယူသွားပေးရင် ငါနဲ့မိုးသောက်ချိန်အထိ တွဲကပေးလိမ့်မယ်။ နှင်းဆီအနီလေး တစ်ပွင့်သာယူသွားပေးရင် သူမကိုငါ့ရဲ့လက်တွေနဲ့ထွေးပွေ့ထားပြီး သူမရဲ့ ခေါင်းလေးကလည်းငါ့ရဲ့ပုခုံးပေါ်မှာ မှေးစက်လိမ့်မယ်။ သူမရဲ့လက်တွေကတော့ ငါ့ကို တင်းတင်းပွေ့ဖက်ထားမှာပေါ့။ ဒါပေမယ့် ငါ့ဥယျာဉ်ထဲမှာ နှင်းဆီအနီမှ မရှိဘဲ။ ဒါကြောင့်ပဲ ငါတစ်ယောက်တည်း အထီးကျန်စွာထိုင်နေရပြီး သူမကလည်းငါ့ကိုကျော်သွားလိမ့်မယ်။ သူမက ငါ့ကိုသတိမပြုမိတော့ဘဲ ငါ့အသည်းတွေလည်း ကွဲကြေရလိမ့်မယ် "
"ဒီတစ်ယောက်ကတော့ အမှန်တကယ်ကို ချစ်တတ်တဲ့သူပါပဲ။ " တေးသီငှက်ကလေးကပြောလိုက်ပါတယ်။ "သူခံစားရတဲ့အကြောင်းတွေ ငါသီဆိုနေတဲ့အခါမှာ ငါ့အတွက်ပျော်စရာက သူ့အတွက်နာကျင်စရာ ဖြစ်နေရတာပေါ့ "
"ဂီတပညာရှင်တွေကတော့ သူတို့နေရာမှာထိုင်နေကြမှာပေါ့ " ကျောင်းသားငယ်လေးကပြောလိုက်ပါတယ်။ "ပြီးတော့သူတို့ရဲ့ ကြိုးတပ်တူရိယာတွေကို တီးနေကြမှာပေါ့။ ငါချစ်ရတဲ့မိန်းကလေးကလဲ စောင်းသံနဲ့တယောသံတွေကြားမှာ ကခုန်နေမှာပဲ။ သူမဟာ ကြွကြွရွရွလေး ကနေတာဖြစ်လို့ ကြမ်းပြင်ကို ခြေနဲ့တောင်ထိမှာမဟုတ်ဘူး ။ နန်းတွင်းသူတွေကလည်း တောက်ပလွန်းတဲ့ဝတ်စုံတွေနဲ့ သူမရဲ့ဘေးမှာ စုဝေးနေကြလိမ့်မယ်။ ဒါပေမယ့် ငါနဲ့တော့တွဲကမှာမဟုတ်ဘူး။ ငါကမှ နှင်းဆီပန်း အနီလေးကို မပေးနိုင်တာ " ပြောရင်းနဲ့ပဲသူဟာမြက်ခင်းပြင်ပေါ် ပစ်လှဲချလိုက်ပြီး မျက်နှာကို လက်နှစ်ဖက်နဲ့ အုပ်ကာ ငိုကြွေးနေပါတော့တယ်။
"သူဘာကြောင့် ငိုကြွေးနေရတာလဲ" ကောင်လေးကိုဖြတ်ပြေးသွားတဲ့ အစိမ်းရောင်ပုတ်သင်လေးက မေးလိုက်ပါတယ်။
"တကယ်ပဲဘာကြောင့်များလဲ" နေရောင်ခြည်အောက်မှာ အတောင်ပံကိုတစ်ဖျပ်ဖျပ်ခတ်နေတဲ့လိပ်ပြာလေးကလည်းမေးလိုက်ပါတယ်။
"တကယ်ပဲဘာကြောင့်များလဲ" ဒေစီပန်းလေးကလဲ နူးညံ့ပျော့ပြောင်းတဲ့အသံလေးနဲ့ သူ့ရဲ့အိမ်နီးချင်းကို တီးတိုးမေးလိုက်ပါတယ်။
"နှင်းဆီအနီလေး တစ်ပွင့်ကြောင့်သူငိုနေတာပါ" တေးသီငှက်ကလေးကပြန်ဖြေရှာပါတယ်။
"နှင်းဆီနီလေးတစ်ပွင့်ကြောင့် ငိုကြွေးနေတာတဲ့လား။ ဘယ်လောက်တောင်ရူးမိုက်လိုက်သလဲ " မကောင်းမြင်တတ်တဲ့ အစိမ်းရောင်ပုတ်သင်ကတော့ ချက်ချင်းပဲ အော်ရယ်လိုက်ပါတယ်။
ဒါပေမယ့် တေးသီငှက်ကလေးကတော့ ကျောင်းသားလေးဆီကဝမ်းနည်းမှုရဲ့ လျှို့ဝှက်ချက်ကိုကောင်းကောင်းနားလည် သဘောပေါက်ပါတယ်။ သူမဟာ ဘာမှမပြောဘဲဆိတ်ဆိတ်နေကာ ဝက်သစ်ချပင်ပေါ်မှာထိုင်ပြီး အချစ်ရဲ့ထူးခြားဆန်းကြယ်ပုံကိုသာ တွေးတောနေပါတော့တယ်။
ရုတ်တရက်ဆိုသလိုပဲ ပျံသန်းဖို့အတွက် သူမရဲ့အညိုရောင်တောင်ပံတွေကိုဖြန့်ပြီး လေထဲကို ဝဲပျံတက်သွားပါတော့တယ်။ သူမဟာ တောအုပ်လေးနဲ့ ဥယျာဉ်ပေါ်ကနေ အရိပ်တစ်ခုလို လျင်မြန်စွာ ပျံသန်းသွားပါတယ်။
မြက်ခင်းပြင်တစ်ခုရဲ့ အလယ်မှာတော့ လှပတဲ့နှင်းဆီပင်လေးတစ်ပင် ရှိနေပါတယ်။ ငှက်ကလေးဟာ နှင်းဆီပင်ကို မြင်လိုက်တာနဲ့ ချက်ချင်းဆိုသလို အပြေးအလွှားပျံသန်းသွားပါတော့တယ်။
Keep Reading