မိုးနှောင်းအလင်္ကာ
ကဗျာဆရာ(၁)
ကျူပ်ဆိုတဲ့ကောင်က အရက်မရှိရင်လည်း
မနေတတ်သလို ကဗျာ ရှာမရ ရင်လည်း
ပြည်ဖျက်မဲ့ကောင်..
ဝေလေလေ လောကကြီးမှာ လူသားချင်းတူတောင် သာ၍မြတ်ချင်တဲ့ လူသားမဆန်မှု့
မှာ မပျော်မွေ့တဲ့ ကဗျာဆရာ
အသပြာရူးနဲ့အာဏာရူး အရူးပေါင်း
သောင်းခြောက်ထောင်နဲ့ မပျော်ဘဲ
ပြုံးနေရတဲ့ ကဗျာဆရာ၊
အတ္တရောင်စဥ်တန်းတွေမှာ ဖြူရော်ရော်မာန ဟာ
ကဗျာဆရာတို့ပါ။
ရေးချင်တာရေး တွေးချင်တာတွေးတဲ့
နွားခြေရာခွက်ထဲက ကဗျာဆရာ။
==============
ကဗျာဆရာ (၂)
ရေးလက်စ ကဗျာအချို့က အိပ်မောကြနေတော့
အေးစက်စက် ကော်ဖီ အချို့ကဘဲ ကခုန်နေရတဲ့
အဖြစ်မျိုးပေါ့၊
လေရူး နဲ့ နွေပူ ဟာ သိပ့်လိုက်ဖက်တဲ့ စုံတွဲ
ကဗျာဆရာ နဲ့ မျက်မှန်ကိုင်းတွေဟာ
သိပ့်လွမ်းဖို့ကောင်းတဲ့ ဇာတ်လမ်း
နာကျင်ခြင်းတွေတပွေ့တပိုက် နဲ့ တရွေ့ရွေ့
လျောက်လှမ်းနေတဲ့ ခြေတစ်စုံဟာ
မှင်စက်တွေနဲ့ ကခုန်နေတဲ့ ကဗျာဆရာလောက်
ရသမြောက်ပါ့မလား။
ခြုံကြားက ကဗျာဆရာ စိတ်တော့ ဘုံဖျားရောက်ကောင်း ရောက်နေလိမ့်မယ် သို့ပေမဲ့
ခြုံကြားက ခြုံကြားမှာဘဲ ပျော်မွေ့လျှက်ပါ။
==============
ကဗျာဆရာ (၃)
စိတ်နှလုံး ဟာ ဖျားနာနေတော့
ဟန်ဆောင်အပြုံးတွေသာ ပျော်မြူးနေရဲ့
ရိုးတံသာ ကျန်တဲ့ နှင်းဆီပင် နဲ့ ကဗျာဆရာ
အဲ့မှာ စတွေ့တာဘဲ။
ဆွေးစရာ တစ်ပုံတစ်ပင် နဲ့ ငေးစရာ မြင်ကွင်းဟာ အသဲတပွေ့ပါရင်တောင်လောက်မယ်မထင်။
နီးခွင့်မဲ့သော ဆုံဆည်းခြင်းဟာ ကဗျာဆရာ
အတွက်တော့ မဟာတာပန ငရဲ။
ကြက်ကန်းက ဆန်အိုးတိုးတဲ့အခါ
ကဗျာဆရာလည်း ငြိမ်းချမ်းမှာပါ။
==============
ကဗျာဆရာ(၄)
သီကုံးထားတဲ့ ကဗျာတွေဟာ ပြန့်ကျဲလျှက်
ရှုပ်ပွနေတဲ့ ဆံပင်တွေကို လက်နဲ့ထိုးဖွရင်း
ဘောပင် ကို နားရွက်ကြား ညှပ်ထားတဲ့
အဲ့ဒီ ကဗျာဆရာ....
တချို့နာကျင်မှုဟာ စာရွက်ပေါ်မှာ
တချို့၀မ်းနည်းဖွယ်ရာတွေကျတော့
ဘောပင်မှင်မှာ စီးဆင်းလျှက်...
စကားလုံးတွေရဲ့ စွမ်းအားကို အခြေခံထား
တဲ့ ကဗျာ၊
စိတ်ရဲ့ စေစားရာ ဖြစ်တဲ့ အဲ့ဒီကဗျာ
တလွမ်းလွမ်း၊တဆွေးဆွေး၊
တငေးငေး၊တငိုင်ငိုင် နဲ့ ရေးတဲ့
အဲ့ဒီကဗျာဆရာ။
==============
ကဗျာဆရာ(၅)
လက်ကျန်ကဗျာဟာ ငိုမဲ့မဲ့ကလေး ပြုံးသတဲ့။
မိုးပေါက်တွေကိုငေးရခြင်းဟာ
ကျောခိုင်းသွားတဲ့သူကို လွမ်းရခြင်းလောက်
နာကျင်စရာမကောင်းခဲ့။
မောင်ကျန်ရစ်ဟာ ကဗျာနဲ့ရူးတယ်၊
မိုးစက်တွေ နဲ့ ငေးတယ်။
မချစ်ကြေးကစားရင်ကျုပ်ရှုံးတယ်၊
ချစ်ခြင်းပြိုင်ရင် ဒီကောင် နိုင်မှာသေချာပါတယ်။
မေတ္တာ ငတ်မွတ်ခြင်းကို ချစ်ခြင်းတရားအား
ပေးဆပ်ခြင်းဖြင့် ရှင်သန်နေသော အဲ့ဒီကဗျာဆရာ။
# မိုးနှောင်းအလင်္ကာ
Keep Reading