ဆောင်းလုလင်
ဆောင်းလုလင်
လမင်း၏အပိုင်းအစများ
ဒီနေ့ အဝေးကို အလုပ်သွားလုပ်နေတဲ့သားငယ် အိမ်ပြန်လာမယ်ဆိုတော့ အမေ အရမ်းပျော်နေသည်။
အိပ်ရာက စောစောထနေတဲ့အမေက အိမ်မှာရှိတဲ့သားသမီး၃ယောက် နဲ့ ချွေးမဖြစ်သူကို ညက အိပ်မက်ကို ပြောပြနေသည်။
"သားငယ်က အမေ့ဆီပြေးလာတာ၊ လက်ထဲမှာ ဗူးလေးတဗူးကိုင်လို့၊ ဗူးက ရွှေရောင်ဗူးကလေးအေ့၊ ဗူးထဲမှာတော့ ဘာပါတယ် မသိပါဘူး၊ သားငယ်က အမေ့ကို ဗူးလေးလည်း ကမ်းပေးလိုက်ရော အိပ်မက်က လန့်နိုးတာပဲ၊ ဗူးထဲမှာ ဘာပါတယ်ဆိုတာ သားငယ်လာမှ သိရတော့မှာပဲ"
"အမေ့သားက အိပ်မက်ထဲကလို ဗူးလေး ပါလာပါ့မလားအမေရယ်"
အစ်ကိုလတ်က တွေးတွေးဆဆပြောသည်။ မေမေ့ရဲ့ဝမ်းသာ ကြည်နူးမှုကို မပျက်စေချင်တဲ့ မမကြီးက မျက်ရိပ်ပြ၍ဟန့်သည်။
"အမေက မွေးထားတဲ့အမေပါကွဲ့၊ အမေ့သားသမီးတွေအကြောင်း အမေသိတာပေါ့၊ သားငယ်လေး ရွှေရောင်ဗူးလေး ပါလာလို့သာ အမေ အိပ်မက် မက်တာလေ၊ မယုံရင် စောင့်ကြည့်ကြ"
အမေကတော့ သူ့အိပ်မက်ကို တစ်ထစ်ချ ယုံကြည်နေပေသည်။
"ကဲ-ကဲ- အမေ၊ ဈေးသွားလိုက်ဦးမယ်၊ သားငယ်လေးကြိုက်တဲ့ ကြက်အူချက်ဖို့ သွားဝယ်လိုက်ဦးမယ်"
အမေက ပြောပြောဆိုဆို ဈေးခြင်းတောင်းကြီးဆွဲကာ ထွက်ဟန် ပြင်တော့ ချွေးမဖြစ်သူက ဝင်ပြောသည်။
"ကျမသွားလိုက်ပါ့မယ်အမေ၊ ကျမ တခြားဟာတွေလည်း ဝယ်စရာ ရှိသေးတယ်"
"ညီး ကြက်အူကို ကောင်းကောင်း မရွေးတတ်ပါဘူးအေ၊ ကြက်အူက လတ်မှ အေရဲ့၊ လုပ်ရ တာလည်း သိပ်လက်ဝင်တာ၊ မဖြစ်ပါဘူးအေ၊ ငါ့ဖာသာ သွားမှပါ"
"ညီမလေးကို ခေါ်သွားပါလားအမေ"
"သူ့စာသူ ကျက်ပစေ၊ ငါ့အတွက် ဘာမှ မပူနဲ့၊ သွားမယ် သွားမယ်၊ သားငယ် ၁၂နာရီ ရောက်လာရင် အဆင်သင့် စားနိုင်အောင် ချက်ရမှာ"
အမေက သူလုပ်ချင်ပြီဆို ဘာမှ တားမရပါ။ ခုလည်း အဝေးကို ၁နှစ်ခွဲလောက်ကြာအောင် အလုပ်သွားလုပ်နေတဲ့ သူ့သားငယ် အတွက် သူကိုယ်တိုင် ဝယ်ချမ်းချက်ပြုတ်ဖို့ ဆုံးဖြတ်ထားပြီဆိုတော့ မောင်နှမတတွေ အမေ့ကို တားမနေကြတော့ပေ။
+++++
အမေထွက်သွားပြီး ဆယ်မိနစ်လောက်ပဲ ကြာသည်။ တမိသားစုလုံးကို မိုးကြိုးနဲ့ပစ်ခွင်းလိုက်သလို သတင်းဆိုးကြီးက ဖုန်းမှ တဆင့် ဝင်လာလေသည်။
"ဒီဖုန်းက မောင်ကျော်ဇင်ထိုက်တို့အိမ်က ဖုန်း ဟုတ်ပါသလားခင်ဗျာ"
"ဟုတ်ပါတယ်ရှင်"
မမကြီးဖုန်းထဲကို ဝင်လာတာမို့ မမကြီးက ဖုန်းကို ကောက်ကိုင် ဖြေလိုက်သည်။
"ကျနော်တို့ ပွင့်လှရဲစခန်းက ဆက်နေတာပါခင်ဗျာ၊ ကျနော် ဒုရဲအုပ်စခန်းမှူး မျိုးဝင်းကို ပါ။ အ,မင်္ဂလာသတင်းမို့ သည်းခံ နားထောင်ပေး ပါခင်ဗျာ"
"ရှင်."
မမကြီးအသံက အတန်ငယ်ကျယ်လောင်သွား၍ မောင်နှမတတွေ ခေါင်းငဲ့နားစွင့်ကြည့်ကြသည်။ မမကြီးက ဖုန်းသံကို ချဲ့လိုက်၏။
"မောင်ကျော်ဇင်ထိုက်ပါလာတဲ့ကား ကျနော်တို့ ပွင့်လှရဲစခန်းအပိုင် အဝေးပြေးလမ်းမမှာ တိမ်းမှောက်သွားပါတယ်၊ မောင်ကျော်ဇင်ထိုက် ပွဲချင်းပြီး ကွယ်လွန်သွားပါတယ် ခင်ဗျာ"
"အမလေး-"
မမကြီးတကိုယ်လုံး လဲကျမတတ် ယိမ်းထိုးသွားလေသည်။
"လိုအပ်တာ စီစဉ်နိုင်အောင် ကျနော်တို့ ဖုန်းဆက်အကြောင်းကြားတာပါခင်ဗျာ၊ ပွင့်လှရဲစခန်းကို လိုက်လာနိုင်ပါတယ်၊ အက်ဆီးဒင့်ပုံတွေကို ဒီဖုန်းက ဗိုက်ဗာထဲကိုပဲ ကျနော်ပို့ပေးထားပါ့မယ် ခင်ဗျာ"
+++++
အမေ ဈေးကပြန်လာသည်။ သားငယ်အတွက် ကြက်အူ လတ်လတ် ဆတ်ဆတ် ရလာလို့ အမေ ပျော်နေသည်။
စိတ်ကြည်ကြည်လင်လင်နဲ့ သားငယ်အတွက် ချက်ဖို့ပြုတ်ဖို့ တက်တက်ကြွကြွရှိနေတဲ့အမေ့ကို သတင်းဆိုးကြီးကို ပြောမထွက်သေးပါ။ မောင်နှမ တတွေ ပျက်နေတဲ့မျက်နှာကို မထိမ်းနိုင်တာမို့ အမေမမြင်အောင် ရှောင်နေကြသေးသည်။ မမကြီးအိနဲ့ ညီမအငယ် အထွေးတို့က အခန်းထဲဝင်ကာ ကြိတ်ငိုနေလေသည်။
အမေကတော့ သူ့ထုံးစံအတိုင်း ပါးစပ်က ဘုရားစာတတွတ်တွတ် ရွတ်ကာ ကြက်အူများကို ကိုင်နေလေသည်။
ခဏနေတော့ ချွေးမဖြစ်သူက အမေ့နားသွားကာ .
"ကြက်အူတွေ ကျမလုပ်လိုက်မယ်အမေ။ အမေ နားနားနေနေ နေပါ" လို့ ပြောတော့.
"အိုအေ.. ဒါလေးလုပ်တာ ဘာများ ပင်ပန်းသွားမှာမို့လဲ။ သားငယ် လေးအတွက် အစအဆုံး ငါကိုယ်တိုင် စီမံပါရစေ မီမီရယ်။ ကြက်အူက လက်ဝင်တယ်။ ညီးလည်း ကောင်းကောင်းကိုင်တတ်မှာ မဟုတ်ပါဘူး"
သားငယ်သတင်းကို ပြောမထွက်သော ချွေးမဖြစ်သူက ဆက်နေရင် မျက်ရည်ကျလာတော့မှာမို့ အမေ့ရှေ့က ပြန်လှည့် ထွက်လာခဲ့သည်။
+++++
ထိုအချိန်တွင် မမကြီးရဲ့ဖုန်းထဲကို ပွင့်လှရဲစခန်းက ပို့လိုက်တဲ့ သားငယ်ပုံတွေ ဗိုက်ဗာကနေ ဝင်လာသည်။
လမ်းဘေးမြက်တောထဲမှာ မှောက်ရက်လဲကျသေဆုံးနေသော မောင်လေးပုံတွေမြင်တော့ မကြီးအိ အသံထွက်အောင် ရှိုက်ငိုလိုက်မိသည်။ ညီမငယ် ထွေးထွေးက မကြီးပါးစပ်ကို အချိန်မီ လှမ်းပိတ်ရသည်။ ကိုလတ်နဲ့ သူ့ဇနီးမီမီ အခန်းထဲဝင်လာသည်။ ကိုလတ်တို့လင်မယား သားငယ်ရဲ့ပုံတွေကိုကြည့်ကာ အံကြိတ် မျက်ရည်ကျရသည်။
+++++
အမေကတော့ မီးဖိုထဲတွင် ကြက်အူများကို ချက်ပြုတ်ဖို့ စီမံကောင်းနေဆဲ။
အချိန်ဆွဲလို့ မဖြစ်တော့။ သားငယ်နာရေးအတွက် လိုက်သွားဖို့က ရှိသေးသည်။
ယောက်ျားလေးဖြစ်သော ကိုလတ်ကပဲ အမေ့ကို ဖွင့်ပြောရတော့ သည်။
"အမေ ညီလေး အပြန်လမ်းမှာ"
ကိုလတ် စကားကို ဆုံးအောင် မပြောနိုင်။ ဆို့နင့်နေသည်။ မီမီက သူ့ခင်ပွန်းစကားကို အဆုံးသတ်ပေးလိုက်၏။
"မောင်လေး အပြန်လမ်းမှာ ကားအက်ဆီးဒင့်ဖြစ်လို့တဲ့အမေ။ ပွင့်လှ ရဲစခန်းက ဖုန်းဆက်တယ်။ ပွဲချင်းပြီးပဲတဲ့"
အားလုံးက ကြားရသောသတင်းကြောင့် အမေ အရုပ်ကျိုးပြတ်ဖြစ်သွား လိမ့်မည်ဟု မျှော်လင့်ခဲ့ ကြသည်။
သို့သော် အမေသည် တစက်ကလေးမျှ အိန္ဒြေပျက်ယွင်းမသွားခဲ့ပါ။
"မဖြစ်နိုင်တာအေ။ သားငယ်က လမ်းမှာပါ။ အိမ်ပြန်လာနေပါပြီအေ့"
"မဟုတ်ဘူးအမေ။ ရဲစခန်းက ဖုန်းဆက်အကြောင်းကြားတာ"
မမကြီး ရှေ့ထွက်လာကာ ပြောရတော့သည်။
အမေက မျက်နှာပျက်ငိုယိုနေကြသော သားသမီးများနှင့် ချွေးမကို ကြည့်ကာ.
"ဟဲ့- နင်တို့ ရူးနေကြသလား။ ငါ့သား ဘာမှမဖြစ်ပါဘူးဟဲ့။ အိမ်ပြန် လာနေပါပြီ။ မနက်မလင်းခင် ငါတောင် အိပ်မက် မက်သေးတာ။ နင်တို့ကို ပြောသားပဲ"
"အိပ်မက်က အိပ်မက်ပဲအမေ။ ခုဟာက"
"တော်စမ်းပါအေ၊ နိမိတ်မရှိ နမာမရှိစကားတွေ"
အမေက ပြောပြောဆိုဆို ထရပ်ကာ ကြက်အူတွေထည့်ထားတဲ့ ဇလုံကြီးကို ရေစင်ရှိရာ ယူသွားပြီး ရေဆေးနေပြန်သည်။ မကြီးအိတို့ ကမ္ဘာပျက် မတတ်ဖြစ်နေသမျှ အမေကတော့ တည်ငြိမ်လှချည်လား။
+++++
သားသမီးတွေ ပြောတဲ့စကားကို မယုံတဲ့အမေ့ရှေ့က အားလုံး တပ်ခေါက်ပြန်ခဲ့ကြသည်။
အမေကတော့ ကြက်အူဟင်းကို ချက်ပြုတ်စီမံနေမြဲ။
ဒီလိုနဲ့ နေ့လည် ၁၂နာရီထိုးသွားပြီ။
"ပြီးပြီဟေ့၊ သားငယ်ရောက်လာရင် အဆင်သင့်ပဲ"
ဒါ့ထက်ပိုပြီး အချိန်ဆွဲလို့ မဖြစ်တော့ပါ။
ကိုလတ်က မကြီးအိ ဗိုက်ဗာထဲ ဝင်ထားသည့် ဓာတ်ပုံများကို အမေ့ကို ပြရပါတော့သည်။
အမေက ဓာတ်ပုံများကို သေချာကြည့်သည်။ မျက်နှာတချက်မှ ပျက်မသွားပါ။
"ဟဲ့- ဒါ သားငယ်ပုံမှ မဟုတ်ပဲ"ဟုပင် အေးအေးဆေးဆေး ပြန်ပြော လိုက်သေးသည်။
"အမေရယ်.. သားငယ်အိတ်ထဲက ရတဲ့ဖုန်းနဲ့ အိမ်ကို အကြောင်းကြားတာ။ ဟောဒီမှာလေ သားငယ်မှတ်ပုံတင်ကိုတောင် ဓာတ်ပုံရိုက်ပြထားသေးတယ်"
"တခုခုတော့ မှားနေပါပြီအေ။ သားငယ် အိမ်ကိုပြန်လာနေပါပြီအေ့။ နမိတ်မရှိ ငိုမနေစမ်းပါနဲ့ အကြီးမရယ်၊ ဖယ်စမ်း ငါ ရေချိုးဦးမယ်"
+++++
အမေ့ကို ဘယ်လိုယုံအောင်ပြောရပါ့မလဲ။
အမေကတော့ ရေမိုးချိုးလို့ အဝတ်အစားလဲ သနပ်ခါးလိမ်းကာ သူ့သားငယ်ကို မျှော်မြဲ မျှော်နေပါသည်။
"လမ်းမှာ ကားများပျက်သလား။ ရောက်ချိန်တော့ ကျော်နေပြီ။ အေးလေ.. မိုးတွင်းဆိုတော့ ကားလမ်းတွေလည်း ရေကျော်နေတာကိုး၊ ရောက်လာမှာပါ"
အမေက အိန္ဒြေမပျက် ဧည့်ခန်းမှာထိုင်ကာ မျှော်နေသော်လည်း အမေ့ကိုကြည့်ပြီး ရင်နာရတဲ့ မောင်နှမတွေကတော့ အမေမမြင်အောင် ကြိတ်ပြီး မျက်ရည်ကျနေရဆဲပါ။
+++++
ညနေခင်းရောက်တော့ အမေ ယုံယုံ မယုံယုံ မကြီးအိတို့ မောင်နှမတွေ ကိုယ့်ဘာသာ အစီအစဉ်ဆွဲရပါပြီ။
"အမေကတော့ တယူသန်ဖြစ်နေပြီ။ ခေါ်လို့လည်း ရမှာမဟုတ်ဘူး။ ကိုလတ်တို့ လင်မယားနဲ့ အထွေးနဲ့ ပွင့်လှကို လိုက်သွားကြ၊ မကြီးက အိမ်မှာ အမေနဲ့နေခဲ့မယ်။ ကိုလတ်ပဲ ဦးဆောင်ပြီး အသုဘကိစ္စ စီစဉ်လိုက်"
ကိုလတ်တို့လင်မယားရယ်။ အထွေးရယ် ခရီးဆောင်အိတ်ကိုယ်စီ ဆွဲပြီး အပြင်ထွက်လာကြတော့ အမေက မျက်ထောက်နီကြီးနဲ့ ကြည့်ကာ
"ဒါက ဘယ်သွားကြမှာလဲ"
"ညီလေးကိစ္စ သွားရမှာပေါ့အမေ၊ အမေမယုံပေမယ့် တကယ်ဖြစ်နေတာလေ၊ ကျွန်တော်တို့ လိုက်သွားမယ်"
"နင်တို့ ရူးနေကြသလားဟင်။ သားငယ်ပြန်လာနေပါပြီလို့ နင်တို့ကို ငါ ဘယ်နှခါပြောရမလဲ"
"အမေရယ် ပွင့်လှရဲစခန်းက ပို့လိုက်တဲ့ ဓာတ်ပုံတွေ သက်သေရှိ နေပြီပဲ။ တော်ပါတော့ အမေ။ ကိုလတ်တို့ လုပ်စရာရှိတာ လုပ်ပါလိမ့်မယ်။ အမေသာ စိတ်ကိုဖြေပါနော်"
"ဘာဟဲ့။ ဘယ်သူဘာဖြစ်နေလို့ ငါက စိတ်ဖြေရမှာတုန်း"
"မောင်လေးက ဆုံးသွားပြီလေအမေရဲ့"
အထွေးက ပြောရင်း ငိုချလိုက်သည်။
အမေကတော့ ယခုထိ တချက်မှ အမူအရာမပျက်သေးပါ။
"ဒီမှာ အားလုံးနားထောင်ကြစမ်း။ အမေက နင်တို့အမေပါဟဲ့။ နင်တို့ကို ငါ ဟောဒီဝမ်းထဲက မွေးထုတ်ထားတာပါ၊ အမေဆိုတာ သားသမီးတွေဘာဖြစ်နေလဲ အကုန်သိတယ်။ သားလတ် မလေးရှားမှာ ဒုက္ခရောက်နေတုန်းက အိမ်ကို စိတ်ဆင်းရဲမှာစိုးလို့ အသိ မပေးပေမယ့် အမေက အိပ်မက်မက်ပြီး အလိုလိုသိတယ်လေ။ အကြီးမကြီး။ ညီး အိမ်ထောင်ရေးကိစ္စတုန်းကလည်း ညီးနဲ့ ကြိုက်နေတဲ့ ကောင်ကို ငါ့စိတ်ထဲ မသင်္ကာလို့ စုံစမ်းလိုက်တော့ အိမ်ထောင်ကြီးရှိတယ်ဆိုတာ သိခဲ့ရပါရော။ ညီး မယားငယ်ဖြစ်မယ့်အဖြစ်က သီသီလေးလွတ်ခဲ့တာ မှတ်မိသေးလား။ အမေဟဲ့- အမေ။ သားသမီးတွေအကြောင်း အကုန်သိတယ်။ အခုလည်း ငါ့သားလေး အိမ်ပြန်လာနေပြီဆိုတာ ငါ့စိတ်ထဲက အလိုလိုသိနေတယ်"
"အမေ၊ ဟိုကိစ္စတွေက တမျိုး၊ ခုဟာက ကိုငယ့်ဓာတ်ပုံတွေကိုပါ တွေ့နေရတာလေ"
အထွေးက မဝံ့မရဲဝင်ပြောသည်။
"နင်တို့ သွားချင်သပဆိုရင် သွားကြ။ ငါ့ကတော့ ငါ့သားလေး ပြန်ရောက်လာမယ်ဆိုတာ ယုံတယ်"
အမေ့စကား ဆုံးရုံပင် ရှိသေးသည်။
"အမေ.. အမေ"
သားငယ်အသံ အိမ်ရှေ့က ထွက်ပေါ်လာသည်။
အားလုံး တုန်လှုပ်သွားကြသည်။ အမေက သွက်လက်စွာ ထိုင်ရာမှ ထလိုက်သည်။
"ဟော တွေ့လား၊ ငါ့သား ပြန်လာပြီ"
"အမေ.. အမေ.. သတိထားပါအမေ"
+++++
အပြင်မှာ မိုးတွေသည်းနေသည်။ မှောင်လည်း မှောင်နေသည်။
အမေက ရှေ့ဆုံးက ထွက်သွားသည်။
ဝင်းတံခါးအပြင်ဖက်တွင် ရပ်နေသည့်လူတယောက်။ ထိုသူမှာ မိုးရေများဖြင့် စိုရွှဲပြီး ဖရိုဖရဲဖြစ်နေသည်။
"အမေ- တံခါးဖွင့်ပေးပါဦး"
ထိုသူမှာ သားငယ်ပင်ဖြစ်ပါသည်။ သို့သော်....
"မောင်လေး ကိုထိုက်၊ သွားပါတော့ကွယ်၊ မမကြီးတို့ကို မခြောက်လှန့်ပါနဲ့မောင်လေးရယ်"
"ကိုငယ် ကိုငယ်ရေ.. အမျှ အမျှ အမျှ. မမလေးတို့ ကိုငယ့်ကို အမျှဝေပါတယ်ကိုငယ်ရယ်"
မကြီးနှင့်အထွေးက ခြံတံခါးအပြင်က လူကို သားငယ်ခြောက်လှန့်နေ သည် ထင်နေကြ၏။
"ဟဲ့- ညီးတို့ ဘာဖြစ်နေကြတာလဲ၊ တံခါးဖွင့်ပေးလိုက်လေ သားကြီး၊ အို ပေးစမ်း ငါ့ကို သော့"
အမေက စိတ်မရှည်စွာ ကိုလတ်လက်ထဲက သော့ကို ဆွဲယူပြီး တံခါးဆီလျှောက်သွားတော့သည်။
"အမေ.. အမေ.."
အားလုံးက ဟန့်တားပေမယ့် အမေက ဖြတ်ဖြတ်လတ်လတ်ပင် ခြံတံခါးကို ဖွင့်ပေးလိုက်သည်။
"ဟင် ကိုငယ်.. ဒါဖြင့် ကိုငယ်မသေဘူးပေါ့"
+++++
ဧည့်ခန်းမှာ အခြေတကျထိုင်မိမှ ဇာတ်စုံရှင်းရတော့သည်။
"ကိုငယ်စီးလာတဲ့ကား လမ်းမှာမှောက်လို့ ကိုငယ်ပွဲချင်းပြီး ဆုံးသွား ပြီဆိုပြီး ပွင့်လှရဲစခန်းက ဖုန်းဆက်ထားတာ ကိုငယ်ရဲ့"
"ဘာ- ကား မမှောက်ပါဘူး မမလေးရ၊ ဘာတွေဖြစ်တာလဲ"
"ဒီမှာကြည့် မောင်လေး။ ရဲစခန်းက မောင်လေးဓာတ်ပုံကိုပါ ပို့ထားတာ"
မမကြီးပြတဲ့ ဖုန်းထဲကဓာတ်ပုံတွေကို ကြည့်ကာ သားငယ်က ခေါင်းမော့ရယ်လိုက်သည်။
"ဖြစ်ရလေဗျာ သားလည်း ဒီပုံမြင်မှ ရှင်းသွားတော့တယ်။ ဒီလိုပါ အမေ။ လမ်းမှာ ထမင်းစားရပ်တော့ ကားပေါ် ပြန်တက်ခါနီးမှာ သားလွယ်ထားတဲ့ ပိုက်ဆံအိတ်ကို လူတယောက်က လုပြီး ထွက်ပြေးတယ်"
"ဟင်.."
"အို"
"လုတဲ့လူက ဆန့်ကျင်ဘက်ကိုသွားတဲ့ကားတစီးပေါ် ပြေးတက်သွားတယ်။ သားစီးလာတဲ့ ကားက ပြန်ထွက်ခါနီးဆိုတော့ ဘယ်လိုမှ မလိုက်နိုင်တော့ ဘူး၊ သားလည်း ကားပေါ်ပြန်တက်ခဲ့ရတယ်၊ အလုခံရတဲ့အိတ်ထဲမှာ ပိုက်ဆံတွေရော မှတ်ပုံတင်ရော ဟန်းဖုန်းရော ပါသွားတယ် အမေ၊ ကြည့်ရတာ သားဆီ က အိတ်လုပြေးတဲ့လူ ပါသွားတဲ့ကား လမ်းမှာ တိုက်မိတာဖြစ်မယ်ဗျ။ ရဲစခန်းက အိတ်ထဲက မှတ်ပုံတင်ကိုကြည့်ပြီး သားထင်လို့ အိမ်ကိုဖုန်းဆက်တာ။ သားလည်း ဖုန်းပါ ပါသွားတော့ အိမ်ကို ဖုန်းဆက်လို့ မရဘူးဖြစ်နေတာပေါ့"
"ဒါဖြင့်.. ညီလေးက နေ့လည်၁၂နာရီကတည်းက အိမ်ပြန်ရောက်ရမှာ ဘာလို့ မိုးချုပ်နေ ရတာလဲ"
"လမ်းမှာ တံတားရေကျော်လို့ ရေပြန်ကျအောင် စောင့်နေရတာ ကိုကြီး"
"အေးကွာ။ ရဲစခန်းက ရိုက်ပေးလိုက်တဲ့ပုံကလည်း သေသူက မှောက်ခုံကြီးဖြစ်နေတော့ မျက်နှာမပေါ်ပဲကိုး။ ကိုယ်လုံးကိုယ် ထည်က မင်းနဲ့ တပုံစံတည်းဖြစ်နေတော့ ကိုကြီးတို့လည်း မင်းလို့ပဲ ထင်မိတာပေါ့။ မှတ်ပုံတင်ကိုလည်း ဓာတ်ပုံရိုက်ပြထားသေးတယ်လေ"
+++++
"ကဲ- အမေမပြောဘူးလား။ သားငယ်သေတာ မဟုတ်ပါဘူးလို့"
"အဖြစ်မှန်ကို အမေကြိုသိနေတာကိုတော့ အံ့ဩမိပါတယ်အမေရယ်"
"အမေက အကြားအမြင်ရနေတာ မဟုတ်ပါဘူး သားတို့ သမီးတို့ရယ်။ တခြားကိစ္စတွေလည်း ကြိုမသိနိုင်ပါဘူး။ ကိုယ့်သား သမီးနဲ့ပတ်သက်လို့သာ အမေ့ရင်ထဲက အလိုလို သိနေတာပါကွဲ့။ ကဲ-ကဲ- မင်းတို့တွေ ပွင့်လှကို လိုက်သွားကြဖို့ ပြင်နေတာမဟုတ်လား။ မနက်ကျရင် အမေပါ လိုက်ခဲ့မယ်။ သားငယ်ရဲ့ မှတ်ပုံတင်နဲ့ပစ္စည်းတွေ ပွင့်လှရဲစခန်းမှာ သွားယူဖို့ တို့မိသားစု အတူတူ သွားကြတာပေါ့ကွယ်"
"ဟေး."
စိတ်လက်ပေါ့ပါးသွားပြီဖြစ်သည့် သားသမီးများက လက်ခုပ်ဝိုင်းတီး လိုက်ကြသည်။
အမေက တစုံတခုကို သတိရကာ မေးလိုက်သည်။
"ဒါနဲ့သားငယ် သားငယ် အမေ့အတွက် ရွှေရောင်ဗူးလေးနဲ့ လက်ဆောင်ဝယ်လာတယ် မဟုတ်လား"
"ဟုတ်တယ်အမေ။ ဟင်- အမေဘယ်လိုသိတာလဲဟင်။ တော်သေးတာပေါ့ဗျာ။ အမေ့ အတွက်ဝယ်လာတဲ့ လက်ဆောင်ကို အဝတ်အိတ်ထဲမှာ ထည့်ထားလို့"
သားငယ်က အဝတ်အိတ်ထဲက လက်ဆောင်လေးကို ဆွဲထုတ်လိုက်သည်။
ရွှေဝါရောင် ဗူးလေးတခု သားငယ်လက်ထဲပါလာသည်။
"ဟုတ်တယ်။ အမေ့အိပ်မက်ထဲမှာ တွေ့တာလည်း ဒီဗူးလေးပဲ။ သားက ဒီဗူးလေးကို အမေ့ကိုလှမ်းပေးနေတုန်း အမေ အိပ်မက်က လန့်နိုးတာလေ"
သားငယ်က အမေ့ရှေ့တွင်ထိုင်ကာ ဗူးလေးကို အမေ့လက်ထဲ ထည့်လိုက်သည်။
"သားဝယ်လာတဲ့လက်ဆောင်က တန်ဖိုးတော့ မရှိပါဘူးအမေရယ်"
"ဗူးထဲမှာ ဘာပါလို့လဲသားရယ်"
အမေက ဗူးလေးကို လှပ်ကြည့်လိုက်ပြီး အတွင်းထဲမှလက်ဆောင်ကို ဆွဲထုတ်လိုက်သည်။
အမေ့လက်ထဲပါလာသည်က ပယင်းစိတ်ပုတီးကလေး။
"ဪ.. သားရယ်။ သားရဲ့လက်ဆောင်က ဘာလို့ တန်ဖိုးမရှိရမှာလဲ သားရဲ့။ အမေ့ကို နိဗ္ဗာန်ထိရောက်အောင် ပို့ပေးနိုင်တဲ့ စိတ်ပုတီးလေးမို့ တန်ဖိုးမဖြတ်နိုင်ပါဘူးသားရယ်"
+++++++++
အမေ့မေတ္တာကို
အေးမြတဲ့ လမင်းနဲ့ ပမာနှိုင်းကြသည်
အမေဟာ လမင်းဖြစ်ခဲ့ရင်
သားသမီးတွေက
လမင်းရဲ့ အပိုင်းအစတွေပါ
+++++++++
ဆောင်းလုလင်
Keep Reading