Ami(Stellari)
အကောင်းမြင်ဖို့၊ အပြုသဘောဆောင်ဖို့ ဘာကြောင့်လိုအပ်တာလဲ။
'What you think, you become' ဆိုတဲ့ စကားလေးရှိပါတယ်။ ပြောချင်တာကတော့ မင်းတွေးသမျှက မင်းဖြစ်လာတဲ့အရာလို့ ပြောချင်တာပါ။ ဒါကြောင့် ကျွန်မတို့ရဲ့ အတွေးအမြင်တွေက အပြုသဘောဆောင်ဖို့ (positive)ဆန်ဖို့ လုံးဝလိုအပ်ပါတယ်။ ကျွန်မတို့က နေ့စဉ်ဘဝမှာ အပြုသဘောဆန်စွာ တွေးမြင်နေရင် ကျွန်မတို့ရဲ့ စိတ်ဟာ ညစ်ထွေးမှုတွေမရှိဘဲ ရှင်းလင်းနေမှာပါ။ အဲဒီအခါ ကျွန်မတို့ရဲ့ စကားတွေ၊အပြုအမူတွေဟာလည်း အပြုသဘောဆန်လာပြီး အကောင်းဘက်ကို ဦးတည်လာပါလိမ့်မယ်။ အဲဒီအခါ ကျွန်မတို့ အနာဂတ်ဟာလည်း ကောင်းမွန်ခြင်းတွေ ပြည့်စုံနေမှာပါ။
ဒါဆို ဘယ်လိုအကောင်းမြင်အောင်နေကြမလဲ။
အပြုသဘောဆန်တယ်၊ အကောင်းမြင်တယ်ဆိုတာဟာ အကျင့်တစ်ခုဖြစ်တာကြောင့် အခုလုပ်အခုဖြစ်မလာပါဘူး။ နေ့စဉ်လေ့ကျင့်ဖို့ လိုအပ်ပါမယ်။ ဒါကြောင့် မိမိတို့ရဲ့ နေ့စဉ်ဘဝမှာ အပြုသဘောဆန်စွာ အေးအေးချမ်းချမ်း ရှင်သန်နိုင်ဖို့အတွက် နည်းလမ်း(၈)ခုကို ဖော်ပြပေးပါ့မယ်။
(၁) ကျေးဇူးတင်ပါ။
တစ်နေ့တာ ကုန်ဆုံးလို့ အိပ်ချိန်ရောက်ပြီဆိုရင် စာအုပ်ထဲမှာ (သို့မဟုတ်) ဖုန်းnoteထဲမှာဖြစ်ဖြစ် ကိုယ်ကျေးဇူးတင်တဲ့အရာတွေကို ချရေးလိုက်ပါ။ ဒီနေ့တစ်နေ့တာကို အကောင်းဆုံးဖြတ်သန်းနိုင်ဖို့ ကူညီခဲ့တဲ့ သူတွေကို ကျေးဇူးတင်ပါ။ အရာဝတ္ထုတွေကိုလည်း ကျေးဇူးတင်ပါ။ နောက်ဆုံးမှာ အကောင်းဆုံးနေထိုင်ခဲ့တဲ့ ကိုယ့်ကိုယ်ကို ကျေးဇူးတင်လိုက်ပါ။ အဲ့လိုပြုလုပ်ခြင်းက တကယ့်ကို အသုံးဝင်ပါတယ်။ တစ်ပါးသူရဲ့ ကျေးဇူးကို အောက်မေ့သတိရရာလည်း ရောက်ပါတယ်။
(၂) အကောင်းမြင်တတ်သူတွေနဲ့ ပေါင်းသင်းပါ။
သူဌေးသုံးယောက်နဲ့ ပေါင်းရင် လေးယောက်မြောက်သူဌေးက ကိုယ်ဖြစ်လာနိုင်တယ်ဆိုတဲ့ စကားအတိုင်းပါပဲ၊ အကောင်းမြင်တတ်သူ၊ အပြုသဘောတွေးတတ်သူတွေနဲ့ ပေါင်းရင် ကိုယ်ကလည်း သူတို့ထဲက တစ်ယောက်ဖြစ်လာနိုင်ပါတယ်။ သူတို့တွေနဲ့ ပေါင်းသင်းပါ၊ ပြောဆိုဆက်ဆံပါ။
(၃) Negative ဖြစ်သူတွေကို ရှောင်ပါ။
အမြဲတမ်း အဆိုးမြင်တတ်သူတွေကိုလည်း ရှောင်ကြဉ်ပါ။ Social media ကိုလည်း လျှော့သုံးပါ။ ဘာလို့လဲဆိုရင် သိတဲ့အတိုင်း Social platform တွေပေါ်မှာ ဟုတ်တဲ့ဟာရော၊ မဟုတ်တဲ့ဟာတွေ ရှိပါတယ်။ ဒါတွေက ကိုယ့်ကို စိတ်ရှုပ်စေပါတယ်။ စိတ်ညစ်ပြီ၊ စိတ်ရှုပ်ပြီဆိုကတည်း ဘယ်လိုမှ အကောင်းတွေးနိုင်မှာ မဟုတ်ပါဘူး။ ဒါကြောင့် အကောင်းမြင်တတ်သူတွေနဲ့ ပေါင်းသင်းပြီး အဆိုးမြင်တတ်သူတွေနဲ့ အရာတွေကို (ဖြစ်နိုင်သမျှ) ရှောင်ကြဉ်ပါ။
(၄) ပြဿနာဖြစ်ပါက ဖြေရှင်းဖို့ပဲ အာရုံစိုက်ပါ။
ပြဿနာဆိုတာ လူတိုင်းမှာရှိပါတယ်။ နေ့စဉ်ကြုံတွေ့နေရတာပါ။ အဲဒါကြောင့် အဲဒီပြဿနာတွေကို ထပ်တလဲလဲ စိတ်ပင်ပန်းစွာ စဉ်းစားပြီး စိတ်ညစ်နေမယ့်အစား ဖြေရှင်းနည်းကိုပဲ ရှာဖွေပါ။ ပြဿနာကို အာရုံမစိုက်ပါနဲ့။ ဖြေရှင်းနည်းတွေပဲ အာရုံစိုက်ပါ။
(၅) တရားထိုင်ပါ။
တရားထိုင်တဲ့အခါ အသက်ရှူတာကိုပဲ အာရုံစိုက်ရတဲ့အတွက် အခြားကိစ္စတွေ ခေါင်းထဲမရောက်ပါဘူး။ စိတ်တွေ ရှင်းလင်းနေတာကြောင့် အပြုသဘောဆန်ဆန် တွေးမြင်နိုင်ပါတယ်။ ဒါကြောင့် နေ့စဉ် ငါးမိနစ်၊ ဆယ်မိနစ်လောက် တရားထိုင်သင့်ပါတယ်။ စလုပ်ရာမှာတော့ တကယ်ခက်ပါတယ်။ အသက်ရှူတာကို ဆယ်စက္ကန့်လောက်ပဲ အာရုံစိုက်နိုင်ပြီး အခြားဟာတွေ တွေးမိတာမျိုးတွေလည်း ဖြစ်တတ်ပါတယ်။ ဒါပေမဲ့ အကျင့်တစ်ခုဆိုတာက လုပ်ပါများရင် အကျင့်ပါသွားမှာပါ။ ဒါကြောင့် ကြိုးစားကြည့်ပါ။
(၆) ကျန်းမာရေး ဂရုစိုက်ပါ။
မဆိုင်ဘူးထင်ရပေမဲ့ စဉ်းစားကြည့်ရင် သက်ဆိုင်ပါတယ်။ 'ကျန်းမာရေးသည် လာဘ်ကြီးတစ်ပါး' ဆိုတဲ့အတိုင်း ကျန်းမာပါမှ စိတ်ချမ်းသာမှာပါတယ်။ စိတ်ချမ်းသာမှ အကောင်းမြင်နိုင်မှာပါ။ ဒါကြောင့် အိပ်ရေးဝဝအိပ်ပါ၊ အာဟာရရှိအောင် စားပါ၊ ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းတွေလည်း လုပ်ပါ။
(၇) အခြားသူတွေအပေါ် တတ်နိုင်သမျှ အကူအညီပေးပါ။
သူတစ်ပါးအတွက်လည်း အကျိုးရှိသလို ကိုယ်က ကူညီလိုက်တာဖြစ်တဲ့အတွက် ကိုယ့်ကိုယ်ကို လေးစားမှုတွေလည်း ရှိသွားပါတယ်။ အခြားအရာကိစ္စတွေပေါ်လည်း အကောင်းမြင်လာသလို၊ ကိုယ့်ကိုယ်ကိုပေါ်လည်း အကောင်းမြင်လာနိုင်ပါတယ်။
(၈) 'မေတ္တာရှင်မလေး ပေါ်လီယာနာ'ဆိုတဲ့ ဝတ္ထုလေးကို ဖတ်ကြည့်ပါ။
ဒီအချက်ကတော့ ကျွန်မဘာသာ ထည့်လိုက်တာပါ။ အဲဒီဝတ္ထုထဲက ပေါ်လီယာနာရဲ့ ဝမ်းသာတမ်းကစားနည်းလေးဟာ မြင်သမျှ အရာရာပေါ် အကောင်းမြင်ကြည့်တာပါ။ ဒီစာအုပ်လေး ဖတ်ပြီးသွားရင် ကိစ္စတစ်ခုအပေါ်မှာ ဝမ်းသာခြင်းကို ကိုယ်တိုင်တောင် သတိမမူမိဘဲ ရှာဖွေမိသွားပါလိမ့်မယ်။ ဒါကြောင့် ဒီစာအုပ်လေးက နေ့စဉ်ဘဝကို positiveဆန်ဆန် ရှင်သန်နိုင်ဖို့အတွက် အထောက်အကူပြုမယ်ဆိုတာ အာမခံပါတယ်။
အခု ကျွန်မပြောပြတဲ့ အချက်တွေကို လိုက်နာမှ အပြုသဘောဆန်မယ်၊ အကောင်းမြင်မယ်လို့ ပြောတာမဟုတ်ပါဘူး။ စာဖတ်သူတို့မှာလည်း ကိုယ်ပိုင်နည်းလမ်းတွေရှိမှာပါ။ ကျွန်မက လွယ်ကူပြီး ထိရောက် အဆင်ပြေတဲ့အပြင် ကိုယ်တိုင်ကျင့်သုံးဖြစ်တဲ့ နည်းလမ်းတွေကို ဖော်ပြထားတာပါ။
ကဲ အခုကစပြီး ကိုယ့်ဘဝကို အကောင်းမြင်စိတ်တွေနဲ့ အပြုသဘောဆန်ဆန် စတင်ဖြတ်သန်းလိုက်ရအောင်။
အဆင်ပြေနိုင်ကြပါစေ။
-အေမီ(စတယ်လာရီ)-
-1 June 2024, 11:00 am-
Keep Reading