Author's Profile Photo

Nicolette

21/05/2024

မှော်ဝင်နယ်မြေ နာနီယာ အတွဲ 1 - မှော်ဆရာရဲ့တူ [အခန်း 4]

8 mins read
Poetry
Art
18 Again
မှော်ဝင်နယ်မြေ နာနီယာ အတွဲ 1 - မှော်ဆရာရဲ့တူ [အခန်း 4]'s photo


ဘာသာပြန်၀တ္ထုရှည်
အခန်း 4 - ခေါင်းလောင်းနဲ့ တူ


မှော်ပညာရဲ့ စွမ်းအားကို ဒီတစ်ခါ သံသယဖြစ်စရာ မလိုတော့ပါဘူး။


သူတို့နှစ်ယောက်လုံး ရေကန်ထဲကို လျင်လျင်မြန်မြန်ကျသွားပြီးတော့ ရှုပ်ထွေးနေတဲ့ပုံရိပ်တွေ အများကြီးပေါ်လာတယ်။


အလင်းရောင်တွေ အများကြီးဖြာကျလာကာ ခပ်မာမာအရာတစ်ခုပေါ်မှာ နှစ်ယောက်လုံး မတ်တပ်ရပ်နေတာကို သတိထားမိတယ်။


ခဏကြာပြီးနောက်မှာ ပုံရိပ်တွေအကုန် ငြိမ်သက်သွားပြီး သူတို့ရောက်နေတဲ့နေရာကို သေသေချာချာကြည့်လို့ရသွားတယ်။


“ခမ်းနားလိုက်တဲ့ နေရာပဲ” ဒဂ်ဂရီက ပြောတယ်။


“ငါတော့ ဒီနေရာကို မကြိုက်ဘူး” ပေါ်လီ့အသံက ကြောက်လန့်နေတယ်။


ရောက်နေတဲ့နေရာနဲ့ ပတ်သတ်ပြီး နှစ်ယောက်လုံး စစချင်း သတိထားမိတဲ့အရာကတော့ အလင်းရောင်ပါ။


နေအလင်းရောင်လဲမဟုတ်၊ လျှပ်စစ်မီး၊ မီးအိမ်၊ ဖယောင်းတိုင်တို့ကနေ လာတဲ့အလင်းရောင်နဲ့လဲမဟုတ်၊ မြင်ဖူးသမျှ အလင်းအားလုံးနဲ့ မတူဘဲ ကွဲပြားနေပါတယ်။


မှိုင်းပြပြ အနီ အလင်းရောင်ဖြစ်ပြီးတော့ အရမ်းကို တည်ငြိမ်တဲ့အရောင်ဖြစ်ပါတယ်။


သူတို့ရောက်နေတဲ့နေရာက အဆောက်အဦးတစ်ခုရဲ့အပြင်ဘက် မြေကြီးပေါ်မှာ အုတ်အပြည့်ခင်းထားတဲ့ခြံဝင်းကြီးထဲ ရောက်နေတာဖြစ်ပြီးတော့ သူတို့ရဲ့ဘေးပတ်ပတ်လည်မှာတော့ အဆောက်အဦးကြီးတွေ ဝန်းရံထားတယ်။


ကောင်းကင်ကြီးကလဲ အရမ်းကို မှောင်မှိက်ပြီး အပြာရောင်သန်းနေတာကြောင့် ပိုပြီးလင်းတဲ့ အလင်းရောင်တစ်ခုခု ရှိသင့်တယ်လို့ တွေးမိသွားတယ်။


“ရာသီဉတုက တစ်မျိုးကြီးပဲ” ဒဂ်ဂရီက ပြောတယ် “နေကြပ်နေတာလား၊ မုန်တိုင်းတိုက်တော့မယ့် အချိန်ကြီးမှာများ ငါတို့ရောက်လာကြတာလား”


“ငါတော့ လုံးဝ သဘောမကျဘူး” ပေါ်လီက ပြောတယ်။


နှစ်ယောက်စလုံး ဘာ့ကြောင့်မှန်းမသိ လေသံကို တတ်နိုင်သမျှတိုးပြီးပြောနေကြတယ်။


ရေကန်ထဲကို ခုန်ချတုန်းက ဆုတ်ကိုင်ထားတဲ့လက်တွေကိုလဲ အခုထိ မလွှတ်ဘဲဆက်ကိုင်ထားကြတုန်းပါပဲ။


ခြံဝန်းကြီးတစ်ခုလုံးကို အမှောင်ထုကိုသာမြင်ရသော မှန်မရှိတဲ့ ပြတင်းပေါက်တွေနဲ့ မြင့်မားတဲ့အုတ်နံရံကြီးတွေက ကာရံထားတယ်။


အုတ်နံရံကြီးတွေရဲ့ အောက်မှာတော့ မီးရထားလှိုင်ခေါင်းပုံစံ တံခါးခုံးခုံးကြီးတွေရှိနေပြီး အဲ့ဒီ့တံခါးတွေကနေ အေးစက်စက်အငွေ့အသက်တွေရနေတယ်။


အဆောက်အဦးတွေနဲ့ နံရံတွေကို တည်ဆောက်ထားတဲ့ အုတ်ချပ်တွေက အနီရောင်လို့ ထင်ရပေမယ့်လဲ ထူးဆန်းတဲ့အလင်းရောင် ရောင်ပြန်ဟတ်နေတာကြောင့် ဒီလိုထင်ရတာ ဖြစ်လောက်တယ်။


အောက်က မြေကြီးကို ခင်းထားတဲ့ အုတ်တွေကလဲ ကွဲအက်နေတယ်။


နံရံတွေနဲ့ အဆောက်အဦးတွေက မလိုက်ဖက်တဲ့အပြင် ပျက်စီးယို့ယွင်းနေတယ်။


အုတ်အကျိုးအပဲ့တွေကလဲ နေရာအနှံ့မှာ။


ပေါ်လီနဲ့ ဒဂ်ဂရီတို့ဟာ သူတို့ကို တစ်ယောက်ယောက် ပြတင်းပေါက်တွေကနေ ချောင်းကြည့်နေမှာ ကြောက်တာကြောင့် ဘေးပတ်ပတ်လည်ကို လှည့်ကြည့်လိုက်ကြတယ်။


“ဒီနေရာမှာ တစ်ယောက်ယောက်နေတယ်လို့ နင်ထင်လား” ဒဂ်ဂရီက အသံတိုးတိုးလေးနဲ့ ပြောတယ်။


“မနေလောက်ဘူး” ပေါ်လီက ပြောတယ် “အကုန်လုံးက ပျက်စီးနေပြီ၊ ငါတို့ရောက်ကတည်းက ဘာသံမှကို မကြားသေးဘူးလေ”


“ခဏလောက်ရပ်ပြီး သေချာထပ်နားစွင့်ကြည့်ရအောင်” ဒဂ်ဂရီက အကြံပေးတယ်။


သူတို့တွေ အကြာကြီးရပ်ပြီး နားစွင့်ကြပေမယ့်လဲ သူတို့ရဲ့ နှလုံးခုန်သံကလွဲလို့ ဘာသံမှ မကြားရပါဘူး။


ဒီနေရာကလဲ ကမ္ဘာတွေကြားက သစ်တောလိုမျိုး တိတ်ဆိတ်နေတယ်။


သိုပေမယ့် ဒီတိတ်ဆိတ်မှုက မတူဘူး။


သစ်တောရဲ့ တိတ်ဆိတ်မှုက နွေးထွေးပြီး ပြည့်စုံတယ်။


သစ်ပင်တွေ ကြီးထွားနေတာကို ခံစားမိပြီး ရှင်သန်တယ်။


ဒီနေရာကြီးကတော့ အေးစက်ခြောက်ကပ် ဟင်းလင်းပြင်ဖြစ်ပြီး သေဆုံးနေတယ်။


ရှင်သန်မှုကို မခံစားရဘူး။


“အိမ်ပြန်ရအောင်” ပေါ်လီက ပြောတယ်။


“မပြန်ပါဘူး ငါတို့ဘာမှတောင်မတွေ့ရသေးဘူးလေ” ဒဂ်ဂရီ ပြောတယ် “ဒီအထိရောက်လာပြီးမှတော့ နည်းနည်းလောက် လျှောက်ကြည့်ရအောင်လေ၊ ဒီနေရာမှ စိတ်ဝင်စားစရာတော့ ရှိလောက်မှာပါ၊ လျှောက်ကြည့်ဖို့ ကြောက်နေရင် ဘာလို့မှော်လက်စွပ်ကို ယူထားဦးမှာလဲ”


“ဘယ်သူက ကြောက်ပါတယ်လို့ ပြောနေလို့လဲ” ပေါ်လီက သူမ ဆုတ်ကိုင်ထားတဲ့ ဒဂ်ဂရီရဲ့ လက်ကို လွှတ်လိုက်တယ် “ငါက ဒီနေရာကို စိတ်မဝင်စားလို့ နင်လဲစိတ်မဝင်စားလောက်ဘူး ထင်လို့ ပြောတာ၊ နင်သွားမယ်ဆိုရင်တော့ ငါလဲလိုက်မှာပါ”


“ငါတို့တွေ ဒီနေရာက ကြိုက်တဲ့အချိန်ပြန်ထွက်သွားလို့ရတယ်” ဒဂ်ဂရီပြောတယ် “ငါတို့ရဲ့ အစိမ်းရောင်လက်စွပ်တွေကို ချွတ်ပြီး ညာဘက်အိတ်ကပ်ထဲ ထည့်ထားကြမယ်၊ အဝါရောင်လက်စွပ်တွေကတော့ ဘယ်ဘက်အိတ်ကပ်ထဲမှာရှိပြီးသား၊ ဘယ်ဘက်အိတ်ကပ်ထဲ ယောင်ပြီးတော့ လက်မထည့်မိစေနဲ့ အဝါရောင်ကို ထိလိုက်တာနဲ့ ဒီကနေ ပြန်ထွက်သွားမှာ”


ဒီလိုလုပ်လိုက်ကြပြီးတာနဲ့ သူတို့နှစ်ယောက် အဆောက်အဦးတစ်ခုထဲကို ဝင်လို့ရတဲ့ တံခါးခုံးခုံးကြီးဆီကို တိတ်တိတ်လေး ချဉ်းကပ်သွားကြတယ်။


တံခါးဝရောက်တော့ ရပ်ပြီး အတွင်းထဲကို ချောင်းကြည့်လိုက်တဲ့အခါမှာ သူတို့ထင်သလို မှောင်မည်းမနေပါဘူး။


အတွင်းထဲမှာ အရိပ်နည်းနည်းကျပြီး ဗလာဖြစ်နေတဲ့ ခန်းမကျယ်ကြီးတစ်ခုရှိတယ်။


ခန်းမကြီးရဲ့ တစ်ဖက်မှာတော့ ကျောက်တိုင်ကြီးတွေ စီစီရီရီနဲ့ မီးအလင်းရောင် ခပ်မှိန်မှိန်ကိုတွေ့ရတယ်။


သူတို့နှစ်ယောက် ခန်းမကျယ်ကြီးကို သတိရှိရှိနဲ့ဖြတ်လာပြီး ကျောက်တိုင်ကြီးတွေရဲ့ ဟိုဘက်ရောက်တဲ့အခါမှာတော့ နောက်ထပ် ခြံဝင်းကျယ်ကြီးတစ်ခုထဲ ရောက်သွားကြပြန်တယ်။


“အဲ့တာကို ကြည့်ရတာ အန္တရာယ်များလိုက်တာ” ပေါ်လီက ခြံဝင်းဘက်ကို ပြိုကျတော့မလိုဖြစ်နေတဲ့ အဆောက်အဦးတစ်ခုကို ညွှန်ပြတယ်။


အဆောက်အဦးက အမိုးတစ်ခုကို တိုင်လုံးကြီးတွေက ထမ်းထားတာပါ၊ အလယ်က တိုင်လုံးကြီးပျက်စီးနေတော့ ခေါင်မိုးက ပြိုကျတော့မလိုဖြစ်နေတာ။


ဒီနေရာကြီးက နှစ်ပေါင်းများစွာစွန့်ပစ်ခံထားရတဲ့‌နေရာကြီးဆိုတာ သေချာနေပါပြီ။


“အခုထိမပြိုကျသေးဘူးဆိုတော့ ငါတို့ဖြတ်သွားတဲ့အချိန်မှာလဲ မပြိုကျလောက်ပါဘူး” ဒဂ်ဂရီက ပြောတယ် “ဒါပေမယ့် ငါတို့အသံမထွက်ဘဲ တိတ်တိတ်လေးသွားရမယ် အသံထွက်လိုက်တာနဲ့ အဲလ်ပ်တောင်တန်းပေါ်က နှင်းတွေလို ပြိုကျလာလိမ့်မယ်”


ခြံဝင်းထဲကနေထွက်ပြီး လှေကားထစ်တွေအများကြီးကိုတက်ပြီးနဲ့နောက်မှာတော့ အရမ်း အရမ်းကို ကျယ်လွန်းတဲ့ ခန်းမကြီးတစ်ခုထဲ ရောက်သွားတယ်။


တံခါးတစ်ခုကနေ ထွက်သွားတိုင်း အဆောက်အဦးမရှိတဲ့နေရာကို ရောက်သွားမယ်လို့ ထင်ခဲ့ပေမယ့်လဲ ခြံဝန်းကျယ်တွေနဲ့ အဆောက်အဦးတွေ၊ ခန်းမကျယ်ကြီးတွေထဲကိုပဲ ရောက် ရောက်သွားတယ်။


ဟိုးအရင်လူတွေနေခဲ့တုန်းကတော့ တော်တော်ခမ်းနားကြီးကျယ်ခဲ့တဲ့ နေရာဖြစ်ခဲ့မယ်ထင်ပါတယ်။


ခန်းမကျယ်ကြီးတစ်ခုထဲမှာတော့ အတောင်ပံဖြန့်ထားတဲ့ ငှက်ကြီးတစ်ကောင်နဲ့တူတဲ့ သတ္တဝါဆန်းတစ်ကောင်ပုံစုံ ကျောက်ရေပန်းတစ်ခုရှိတယ်။


သတ္တဝါကြီးရဲ့ ဟထားတဲ့ ပါးစပ်ထဲကနေ ရေထွက်တဲ့ပိုက်ကို မြင်နေရတယ်။


ရေပန်းရဲ့အောက်ခြေမှာတော့ ရေပန်းကနေ ထွက်လာတဲ့ရေတွေကို ထည့်ဖို့ ကျောက်ရေတုံကင်ရှိပေမယ့် အခုတော့ ကွဲအက်ခြောက်သွေ့နေပါပြီ။


တချို့အဆောက်အဦးတွေမှာတော့ နွယ်ပင်တချို့ရစ်ပတ်နေကြပေမယ့် နွယ်ပင်တွေကလဲ ခြောက်ကပ်ပြီး သေဆုံးနေတယ်။


ပုရွက်ဆိတ်၊ ပင့်ကူ၊ မြက်၊ ရေညှိ့ တို့လို အသက်ဝင်နေတဲ့အရာမျိုး လုံးဝမတွေ့ရဘူး။


အရမ်းကို စိတ်ဓာတ်ကျစရာကောင်းတဲ့နေရာဖြစ်နေတာကြောင့် စပ်စုချင်တဲ့ ဒဂ်ဂရီတောင် အဝါရောင်လက်စွပ်ကို ဝတ်ပြီး စိမ်းလန်းတဲ့ ကမ္ဘာတွေကြားက တောအုပ်ဆီ ထွက်ပြေးချင်စိတ်ပေါက်လာရပါတယ်။


ရွှေနဲ့လုပ်ထားတယ်လို့ ထင်ရတဲ့တံခါးကြီးတွေနားရောက်တဲ့အခါမှာတော့ တံခါးဟနေတဲ့နေရာနားလေးကနေ သူတို့နှစ်ယောက်ချောင်းကြည့်လိုက်ကြတယ်။


အထဲမှာမြင်လိုက်ရတဲ့အရာကြောင့် နှစ်ယောက်လုံးအံ့အားသင့်ပြီး အသက်တောင်ရှုဖို့မေ့သွားကြပါတယ်။


နောက်ဆုံးတော့ ဒီလိုနေရာမျိုးမှာ စိတ်ဝင်စားစရာ ရှာတွေ့ပါပြီ။


ရွှေနဲ့လုပ်ထားတဲ့ တံခါးကြီးတွေရဲ့နောက်က ခန်းမထဲမှာ လူတွေရာနဲ့ချီပြီး တောင့်တောင့်ကြီးထိုင်နေကြတယ်။


သူတို့တွေက လုံးဝမလှုပ်ကြဘူး။ အသက်လဲ မရှုကြဘူး။


လူတွေနဲ့မတူဘဲ ဖယောင်းရုပ်တွေလို ဖြစ်နေကြတယ်။


ဒီတစ်ခါတော့ ပေါ်လီက အခန်းထဲကို အတင့်ရဲစွာဝင်လာတယ်။


အခန်းထဲက လူတွေရဲ့ တောက်ပတဲ့ အဝတ်အစားအဆင်အယင်တွေက သူမကို ဆွဲဆောင်နေတယ်လေ။


အခန်းထဲက လူတွေကို ကြည့်ရတာ ပျော်ရွှင်နေပုံမရပေမယ့် ခမ်းနားပြီး တော်ဝင်ဆန်လွန်းတယ်။


ပြတင်းပေါက်တွေလဲ ခန်းမထဲမှာအများကြီးရှိတော့ အလင်းရောင်ပိုရပြီး ပိုပြောင်ယောင်နေကြတယ်။


အဝတ်အစားအဆင်အယင်ပုံစံတွေကို ပြောပြဖို့တော့ ခက်မယ်။


ခန်းမထဲက လူတွေအကုန်လုံးဟာ ဝတ်ရုံရှည်ကြီးတွေနဲ့ သရဖူတွေကို ဝတ်ဆင်ထားကြတယ်။


ဝတ်ရုံရှည်ကြီးတွေက လှပပြီး မဟာဆန်တဲ့ ကြက်သွေးရောင်၊ ငွေရောင်၊ ခရမ်းရောင် ၊ အစိမ်းရင့်ရောင်တွေ၊ လှပတဲ့ ပန်းတွေနဲ့ သတ္တဝါဆန်းပုံစံတွေကိုလဲ ဝတ်ရုံပေါ်မှာပုံဖော်ထားကြသေးတယ်။


အံမခန်းအရွယ်အစားရှိတဲ့ တန်ဖိုးကြီးကျောက်မျက်ရတနာတွေကို သရဖူပေါ်မှာ၊ လည်ပင်းမှာဆွဲထားတဲ့ထားတဲ့ ဆွဲကြိုးပေါ်မှာ တပ်ဆင်ထားကြတယ်။


“ဒီလိုနေရာက အဝတ်အစားတွေက ဟောင်းနွမ်းနေသင့်တာမဟုတ်ဘူးလား” ပေါ်လီက ပြောတယ်။


“မှော်ပညာလေ” ဒဂ်ဂရီက တိုးတိုးလေးပြောတယ် “ဒီနေရာတစ်ခုလုံးက ပြုစားခံထားရတာဖြစ်မယ်၊ ခန်းမထဲစဝင်လိုက်တာနဲ့ မှော်စွမ်းအားတွေကို ငါခံစားမိတယ်”


“အဝတ်အစားတွေက အရမ်းဈေးကြီးမှာပဲ” ပေါ်လီက ပြောတယ်။


ဒဂ်ဂရီကတော့ အဆင်တန်ဆာတွေထက် လူတွေရဲ့မျက်နှာတွေကို လိုက်ကြည့်ရတာ ပိုစိတ်ဝင်စားတယ်။


ခန်းမတစ်ဖက်ဆီကိုကပ်ထားတဲ့ ကျောက်တုံးထိုင်ခုံတွေပေါ်မှာ လူတွေထိုင်နေကြတာဆိုတော့ အလယ် လွတ်နေတဲ့ နေရာကနေ သူတို့ရဲ့ မျက်နှာတွေကို သေချာလိုက်ကြည့်လို့ရတယ်။


“သူတို့တွေက သဘောကောင်းတဲ့သူတွေ ဖြစ်လောက်တယ်” ဒဂ်ဂရီက ပြောတယ်။


ပေါ်လီ ခေါင်းညိမ့်ထောက်ခံတယ်။ သူတို့မြင်နေရတဲ့ အမျိုးသား အမျိုးသမီးတွေရဲ့ မျက်နှာတွေအားလုံးက ကြင်နာတတ်ပြီး ဉာဏ်ပညာနဲ့ ပြည့်ဝကာ သဘောကောင်းမယ့်ပုံတွေ။


ရုပ်ရည်တွေကလဲ အလွန်ချောမောလှပကြတယ်။


ဒါပေမယ့် ထိုင်ခုံနည်းနည်းကို ဖြတ်ကျော်ပြီးတဲ့နောက်မှာတော့ တခြားထိုင်ခုံမှာထိုင်နေတဲ့လူတွေရဲ့ ရုပ်တွေက နည်းနည်းပြောင်းလာကြတယ်။


သူတို့တွေက အစမှာတွေ့ခဲ့ရတဲ့ လူတွေလို ရုပ်ချော သဘောကောင်းတဲ့ ပုံစံမျိုးမဟုတ်ကြတော့ဘူး။


မာနကြီးပြီး လူပါးဝမယ့်မျက်နှာတွေ။


ရှေ့ကိုဆက်သွားတဲ့အခါမှတော့ လူတွေရဲ့ပုံစံက ပိုဆိုးလာတယ်။


ရက်စက်ကြမ်းကြုတ်တဲ့ ရုပ်ရည်တွေကို သူတို့တွေ့လာရတယ်။


နောက်ထပ် ရှေ့ကိုဆက်သွားတဲ့အခါမှာတော့ ရက်စက်တဲ့အပြင် စိတ်ဓာတ်ကျနေတဲ့ မျက်နှာတွေ တွေ့ရပြန်တယ်။


ကြည့်နေရင်းနဲ့ သွေးဆာမှုတွေ ပူလောင်မှုတွေကို ခံစားလာရတယ်။


နောက်ဆုံးမှာထိုင်နေတဲ့ အမျိုးသမီးကတော့ စိတ်ဝင်စားဖို့အကောင်းဆုံးပဲ။


သူမက တခြားသူတွေထက် ပိုချမ်းသာပုံရပြီး ပိုအရပ်ရှည်တယ်။


ခန်းမထဲက လူတိုင်းဟာ ပေါ်လီနဲ့ ဒဂ်ဂရီတို့လာတဲ့ ကမ္ဘာကထက်ပိုပြီး အရပ်ရှည်ကြပေမယ့် ဒီအမျိုးသမီးကတော့ သူတို့ထက်ကို ပိုအရပ်မြင့်ပါတယ်။


သူမရဲ့ မောက်မာမှုနဲ့ မာနထောင်လွှားတဲ့ မျက်နှာကြောင့် အသက်ရှုတောင်မှားရပါတယ်။


သူမက အရမ်းလဲလှသေးတယ်။


ဒီလိုလှပတဲ့ အမျိုးသမီးမျိုးကို ဒဂ်ဂရီ အဘိုးကြီးဖြစ်တဲ့အထိ ထပ်မတွေ့ဖူးပါဘူး။


ပေါ်လီလဲ အမျိုးသမီးရဲ့ အလှအပမှာ မျောပါသွားတယ်။


အမျိုးသမီးက လူတွေအားလုံးရဲ့ နောက်ဆုံးမှာထိုင်နေတယ်ဆိုပေမယ့် သူမနောက်မှာ ကျောက်ထိုင်ခုံအလွတ်တွေ အများကြီးရှိပါသေးတယ်။


“ဒီနေရာမှာ ဘာတွေဖြစ်ခဲ့တာလဲဆိုတာ ငါတို့သိခွင့်ရရင်ကောင်းမှာပဲ” ဒဂ်ဂရီက ပြောတယ် “ခန်းမအလယ်ခေါင်မှာ ထားထားတဲ့ စားပွဲဆီ သွားကြည့်ရအောင်လေ”


ခန်းမအလယ်မှာတော့ လေးပေလောက်မြင့်တဲ့ လေးထောင့်ပုံကျောက်စားပွဲလေးရှိတယ်။


စားပွဲလေးပေါ်မှာ ရွှေရောင်အခုံးလေးတစ်ခုရှိတယ်။


အခုံးလေးပေါ်မှာ ရွှေရောင်ခေါင်းလောင်းလေးတစ်ခုရယ် ခေါင်းလောင်းကို ထုဖို့ ရွှေရောင်တူလေးတစ်ချောင်းချိတ်ဆွဲထားတယ်။


“အံ့ဩစရာပဲ” ဒဂ်ဂရီက ပြောတယ်။


“ဒီပေါ်မှာ တစ်ခုခုရေးထားတယ်” ပေါ်လီက စားပွဲလေးကို ငုံကြည့်တယ်။


“ငါတို့ မဖတ်တတ်လောက်ဘူးဟ” ဒဂ်ဂရီက ပြောတယ် “ရေးထားတာတော့ တွေ့တယ်”


“ဖတ်ကြည့်ကြမယ်လေ” ပေါ်လီက ပြောတယ်။


ကျောက်စားပွဲပေါ်မှာ ထွင်းထားတဲ့စာလုံးတွေက သူတို့နားမလည်တဲ့ ဘာသာစကားပါ။


သို့သော်လဲ ထူးဆန်းတဲ့အရာတစ်ခုဖြစ်သွားတယ်။


စာလုံးတွေကို စိုက်ကြည့်နေရင်းနဲ့ အဓိပ္ပာယ်ကို သူတို့နားလည်လာကြတယ်။


ခန်းမကြီးက ပြုစားခံထားရတဲ့ မှော်ခန်းမကြီးဆိုတော့ မှော်ပညာတွေ အစွမ်းပြလာတာပေါ့။


ရေးထားတာက ကဗျာလိုလို ဘာလိုလိုနဲ့

“စွန်းစားခန်းဖွင့်လာတဲ့ သူစိမ်းရေ၊ ရွေးချယ်စမ်းပါ

ခေါင်းလောင်းကိုထုပြီး အန္တရာယ်တွေကို စိန်ခေါ်လိုက်ပါ၊

ဒါမှမဟုတ်ရင်လဲ အရူးခံပြီး အံ့ဩနေလိုက်တော့၊

ရွေးချယ်စရာရှိတယ် မင်းဘာလုပ်မှာလဲ”



“ကြောက်လို့ပြောတာမဟုတ်ပေမယ့်” ပေါ်လီကပြောတယ် “အန္တရာယ်တွေကိုတော့ မလိုချင်ဘူး”


“ငါတို့ဒီအတိုင်းတော့ မထွက်သွားနိုင်ဘူးလေ” ဒဂ်ဂရီကပြောတယ် “အိမ်ပြန်ရောက်ရင် ဒီနေရာမှာ ဘာဖြစ်ခဲ့တာလဲဆိုပြီး ရူးလောက်တဲ့အထိ ပြန်တွေးနေမိလိမ့်မယ်၊ ခေါင်းလောင်းကို ထုကြည့်သင့်တယ်၊ ကြောက်မနေစမ်းပါနဲ့”


“အရူးမထနဲ့” ပေါ်လီက ပြောတယ် “ဘာတွေပဲ ဖြစ်ခဲ့ဖြစ်ခဲ့ ဘာအရေးကြီးလို့လဲ”


“ဒီအထိရောက်လာပြီးမှတော့ ဆန်းကြယ်တဲ့မှော်ပညာကို စူးစမ်းသွားသင့်တယ်”


“ငါကတော့ မစူးစမ်းချင်ဘူး” ပေါ်လီက တိုးတိုးလေးပြောတယ် “နင့်ကိုလဲ ငါမယုံဘူး၊ နင်က အိမ်ပြန်ဖို့ရော အစီအစဉ်ရှိသေးလို့လား”


“နင်က အဲ့တာပဲသိတာလေ” ဒဂ်ဂရီပြောတယ် “ဘာလို့လဲဆိုတော့ နင်က မိန်းကလေးဖြစ်နေလို့၊ မိန်းကလေးတွေက အတင်းပြောတာနဲ့ ဘယ်သူတွေ စေ့စပ်လိုက်ပြီလဲဆိုတာလောက် စိတ်ဝင်စားကြတာ”


“နင်က နင့်ဦးလေးအတိုင်းပဲ” ပေါ်လီက ပြောတယ်။


“စကားလမ်းကြောင်း မလွဲပစ်နဲ့” ဒဂ်ဂရီပြောတယ် “ငါတို့ပြောနေတဲ့အကြောင်းက……..”


“ယောင်္ကျားစကားပြောစမ်းပါ” ပေါ်လီက မိန်းမကြီးတစ်ယောက်လို လေသံနဲ့ “ငါ့က အမျိုးသမီးမို့လို့ အမျိုးသမီးလိုနေတာ၊ နင်က မိစ္ဆာကို အတုခိုးနေတာ”


“နင့်လို ကလေးလေးတစ်ယောက်ကို အမျိုးသမီးလို့ ငါခေါ်မှာမဟုတ်ဘူး” ဒဂ်ဂရီက လှောင်တယ်။


“အော် ငါက ကလေးလေးပေါ့လေ” ပေါ်လီက အခုမှ သူမရဲ့ ပုံမှန်လေသံနဲ့ပြန်ပြောတယ် “နင်လဲ ကလေးလေးတစ်ယောက်နဲ့ အချိန်ဖြုန်းမနေပါနဲ့တော့၊ ငါ့ပြန်တော့မယ်၊ ဒီနေရာကိုလဲ စိတ်ကုန်နေပြီ၊ နင့်လို မိစ္ဆာအသေးစားကိုလဲ စိတ်ကုန်နေပြီ၊ ဒီနေရာမှာ နင်ပဲ တွယ်ကပ် ပိတ်မိနေလိုက် ဝက်လိုကောင်”


ပေါ်လီရဲ့ လက်တွေ အိတ်ကပ်ဆီရွေ့သွားပြီး အဝါရောင်လက်စွပ်ကိုယူဖို့လုပ်တာ တွေ့လိုက်တဲ့ ဒဂ်ဂရီက “အဲ့လိုမဟုတ်ပါဘူး” ဆိုပြီး မျက်နှာချိုပြန်သွေးကာ ပေါ်လီရဲ့လက်ကောက်ဝတ်ကို ဆုတ်ကိုင်ပြီး လက်စွပ်ကိုထိလို့မရအောင်တားတယ်။


ပေါ်လီကို တံတောင်ဆစ်နဲ့ တွန်းထားပြီး လက်တစ်ဖက်ကနေ ရွှေရောင်တူကို ကောာက်ကိုင်ကာ ခေါင်းလောင်းလေးကို ဒဂ်ဂရီရိုက်လိုက်တယ်။


ပြီးမှ ပေါ်လီ့လက်ကို လွှတ်ပေးလိုက်တယ်။


ပေါ်လီက လက်နာသွားလို့လဲမဟုတ်၊ ကြောက်လို့လဲမဟုတ်ပေမယ့် ဒေါသထွက်လွန်းလို့ထငိုတယ်။


သူတို့နှစ်ယောက်လုံး တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ရင်း ရန်ဖြစ်ငြင်းခုန်ဖို့ စကားလုံးတွေကို စိတ်ထဲမှာ တွေးထားကြတယ်။


ခေါင်းလောင်းကို ရိုက်လိုက်တဲ့အသံက သာသာယာယာပဲ ထွက်ပေါ်လာပါတယ်။


ခေါင်းလောင်းတုန်ခါသံက တိတ်မသွားဘဲ ချိုမြိန်တဲ့ အသံလေး ဆက်တိုက်မြည်နေပြီး ပိုမိုကျယ်လောင်လာတယ်။


ဒါကြောင့် ရန်ဖြစ်မယ့် သူတို့နှစ်ယောက် ရန်မဖြစ်သေးဘဲ ခေါင်းလောင်းသံကိုနားထောင်နေကြတယ်။


ခေါင်းလောင်းသံက ကြာလာလေလေပိုပြီး ကျယ်ကျယ်လာတာကြောင့် ချိုမြိန်တဲ့အသံက စိတ်အနှောင့်အယှက်ဖြစ်ကာ စတင်ကြောက်စရာကောင်းလာတယ်။


ခန်းမကြီးထဲမှာရှိတဲ့ လေထုကပါ တုန်ခါလာပြီး အရာအားလုံး လှုပ်ခတ်နေတယ်။


တုန်ခါမှုကို ခြေဖဝါးအောက်က ကြမ်းပြင်မှာပါ ခံစားနေရတယ်။


တုန်ခါမှုနဲ့ ခေါင်းလောင်းသံအပြင် ဆိုးရွားတဲ့ မီးရထားအော်သံလို အသံမျိုးကြီးကိုလဲ ကြားရပြီးတော့ အဆောက်အဦးတွေ မြည်ဟီးပြိုကျသံများ ဆူညံနေတယ်။


မိုးခြိမ်းသံအကျယ်ကြီးကို နောက်ဆုံးကြားလိုက်ရပြီး ခန်းမရဲ့ အမိုးလေးပုံတစ်ပုံလောက် ပြိုကျကာ အုတ်ချပ်အစအနတွေ ပြန့်ကြဲကုန်တယ်။


ခေါင်းလောင်းသံလဲ တဖြည်းဖြည်းပြန်တိတ်သွားပြီး အသံတွေ ရပ်သွားပြန်တယ်။


ကောင်းကင်ပေါ်က မိုးတိမ်တွေလဲ ပျောက်သွားပြီး မူလအခြေအနေပြန်ဖြစ်သွားတယ်။


ခန်းမအမိုးပြိုကျသွားတာ မှော်ပညာကြောင့်လား ခေါင်းလောင်းသံကြောင့်လားဆိုတာ သူတို့မသိကြပါဘူး။


“နင် ကျေနပ်သွားပြီမလား” ပေါ်လီက ခနဲ့တယ်။


“ဘာပဲဖြစ်ဖြစ် ခေါင်းလောင်းတီးရင် ဘာဖြစ်မလဲသိသွားတာပေါ့” ဒဂ်ဂရီကလဲ အလျော့မပေးပေ။


သို့ပေမယ့် သူတို့နှစ်ယောက်ဘဝမှာ ဒီလောက်မှားတာမျိုး တစ်ခါမှ မလုပ်မိကြဘူးမယ် မထင်ပါဘူး။


အခန်း 4 ပြီးပါပြီ…….။


“The Chronicles of Narnia Book 1, The Magician’s Nephew ရဲ့ Chapter 4 – The Bell and The Hammer ကို Nicolette မှ ဘာသာပြန်ဆိုပါတယ် ?


⛔ပြန်ကူးယူခွင့်မပြုပါ⛔


ဖတ်သင့်တဲ့ English စာအုပ်ကောင်းလေးတွေ၊ learning tips တွေ နဲ့ ဘာသာပြန်ဝတ္ထုတွေကို ရေးသားသွားဦးမှာဖြစ်လို့ အကောင့်လေးကို follow လုပ်သွားကြပါဦးနော် ?

Keep Reading

Hope or Hopelessမိုးရွာတဲ့​ ​နေ့မာရသွန်​အ​ပြေးသမားကောက်ရိုးတစ်မျှင်တစ်ဝက်လူသားလေနှင်ရာ'' ကုက္ကိုပင်လမ်း "နေချင်တဲ့ ဘဝနှင်းဆီမွေး​နေ့လက်​ဆောင်