တင်ညွန့်

ကျွန်တော်တာဝန်ကျရာ ကျောင်းအနီးတွင် ဝါးတောကြီးတစ်ခုရှိသည်။ ကျောင်းကုန်းမှ ခြေလှမ်း ၅၀ ခန့် သွားလျှင်ရောက်နိုင်သည့် နေရာဖြစ်သည်။
ကျွန်တော်က ကျောင်းကိုစောစောလာပြီး ကျောင်းဝင်းအတွင်း သစ်ရွက်ခြောက်တွေကို တံမြက်စည်းလှည်းကာ စုပုံပြီး မီးရှို့နေစဉ်
“ဗျိုး ဆရာလေး … အစောကြီးပါလားဗျ”
ကျောင်းကုန်းပေါ်တက်လာသော ကိုကျော်ရွှေက ကျွန်တော့်ကို နှုတ်ဆက်လိုက်ခြင်းဖြစ်သည်။
“ကိုကျော်ရွှေ အစောကြီးပါလား … ဘယ်လဲဗျ”
“မျှစ်နည်းနည်း သွားချိုးမလို့ပါ ဆရာလေးရာ”
“မျှစ်ချိုးမှာလည်း ဓားမကြီးနဲ့”
“အပြန်ထင်းလေးဘာလေးလည်း ခုတ်ခဲ့ရတာပေါ့”
“အေးဗျာ ဒါဆိုရင် ကျွန်တော့်အတွက်လည်း မျှစ်တစ်ဆွဲလောက် ပိုချိုးခဲ့စမ်းပါ။ ဝယ်မှာပါ”
“အလိုဗျာ … ဝယ်စရာလား … ကျွန်တော်က ဆရာလေးမှာမလားဆိုပြီး တက်လာတာ”
“အေးဗျာ အဲဒါဆိုလည်း ကြော်ပြီးတော့မှ တစ်ခွက်ပို့လိုက်မယ်”
ရွာတွင် မျှစ်တစ်ဆွဲဆိုသည်မှာ မျှစ် ၁၀ ချောင်းတစ်တွဲကို ခေါ်ခြင်းဖြစ်သည်။ ထိုအချိန်ကတော့ တစ်ဆွဲကို ငါးမူး ပေးရသည်။ သားငါးရှားသည်ဖြစ်ရာ မျှစ်ကြော်၊ မျှစ်ပြုတ်၊ မျှစ်ဟင်းတို့နှင့်သာ နှစ်ပါးသွားနေရချိန်ဖြစ်သည်။
ကျောင်းသားတွေရောက်လာကြပြီဖြစ်သဖြင့် အမှိုက်ဝိုင်းကောက်ကြသည်။
“သွားဦးမယ်ဆရာလေး”
“အေးဗျာ”
ကျွန်တော်က အမှိုက်တွေမီးရှို့ထားသည်ကို မီးသတ်ပြီး ကျောင်းပေါ်ကို တက်ကာ ရုံးခန်းထဲတွင် ထိုင်နေသည်။ ယနေ့သင်ရမည့် အကြောင်းအရာတွေကို ဖတ်နေစဉ်
“ဆရာကြီး … ဆရာကြီး” ဟု ထိတ်လန့်တကြား အော်သံကြားလိုက်ရသဖြင့် ရုံးခန်းထဲမှာ အပြင်ဝရန်တာကို ထွက်ကာကြည့်လိုက်သည်။
ကလေးတွေ ကျောင်းပေါ်ကို ပြေးတက်လာကြသည်။
ကိုကျော်ရွှေတစ်ယောက် လက်ထဲတွင် မြွေကြီးတစ်ကောင်နှင့် ဓားကိုတွဲကိုင်ပြီး ကျောင်းကုန်းပေါ်တက် လာသည်။ သူက ပုဆိုးနှင့် လက်ကို ပတ်ထားသည်။ ဘောင်းဘီပါ၍တော်သေးသည်။ ပုဆိုးတွင် သွေးတွေ ရွှဲနေသည်။
ကျွန်တော် ကျောင်းပေါ်က ပြေးဆင်းသွားပြီး
“ကိုကျော်ရွှေ ဘာဖြစ်လာတာလဲ ထိတ်လန့်တကြားရှိလိုက်တာဗျာ”
“ဆရာလေးရေ ကျွန်တော့်ကို မြွေကိုက်သွားလို့ဗျ”
“မြွေကိုက်တာ ခင်ဗျားလက်က”
“မြွေက ကျွန်တော့်လက်ညိုးကို ကိုက်လိုက်တာဆရာလေး။ ကျွန်တော်လည်း ကိုက်ကိုက်ချင်း အဆိပ် မပျံ့အောင် လက်ညှိုးကို ခုတ်ဖြတ်လိုက်တာ”
“ခင်ဗျားကိုကိုက်တာ ဒီမြွေလား”
“ဟုတ်တယ် … ကျွန်တော်လည်း ရိုက်သတ်လိုက်တာ”
“လာ … လာ ကျန်းမာရေးမှူးဆီကိုသွားရအောင် … သွေးတွေထွက်နေတာ တိတ်အောင်လုပ်မှ ရမယ်”
ကျွန်တော်လည်း ကိုကျော်ရွှေကိုဆွဲပြီး ကျန်းမာရေးမှူး ဦးသိန်းဆောင်အိမ်ကို ခေါ်လာရသည်။
“ဦးသိန်းဆောင် … ဗျိုး … ဦးသိန်းဆောင်”
“ဗျာ ဆရာလေး လာ … ဘယ်လိုဖြစ်တာလဲ … ကျော်ရွှေ သွေးတွေနဲ့”
“ကိုကျော်ရွှေဗျာ မြွေကိုက်တာ သူ့လက်ကို အဆိပ်မပျံ့အောင်ဆိုပြီး ခုတ်ဖြတ်လိုက်တာတဲ့”
“ပြစမ်း”
သူလုံချည်နှင့် ထုပ်လာသော လက်ညှိုးကို ဖြေရသည်။ တိတိရိရိပြတ်သည်။ ဦးသိန်းဆောင်ကလည်း ချက်ချင်း ပင် အရေးပေါ်ကုသမှုတွေကို လုပ်ရသည်။ ကျွန်တော်ကလည်း ဝိုင်းကူပေးသည်။ ကိုကျော်ရွှေကား အတော်လေး သတ္တိကောင်းသူဟု ဆိုရမည်။ တစ်ချက်မတုန်လှုပ်ဘဲ ပြုသမျှခံရှာသည်။
“ပြတ်သွားတဲ့ လက်ဆစ်ပိုင်းလေးရော”
“ဘယ်လွင့်သွားမှန်း မသိဘူး”
“ပြစမ်း … မင်းကိုကိုက်တဲ့မြွေ”
ဦးသိန်းဆောင်က သူလှေကားခြေရင်းတွင် ပုံချထားခဲ့သည့် မြွေကို သွားကြည့်သည်။
“ဟာ နင့်မေကလွှားတဲ့မှ …”
“ဦးသိန်းဆောင် ဘာဖြစ်လို့လဲ”
ကျွန်တော်က ကြောက်လန့်ကာ အောက်ကို ခုန်ဆင်းလိုက်သည်
“ဆရာလေးနှယ် … ကျော်ရွှေကို ကိုက်တဲ့မြွေက အဆိပ်မရှိဘူးဗျ”
“ခင်ဗျာ”
“အဲဒါပဲဗျ … ကြားဖူးနားဝနဲ့ လုပ်ချင်တာတွေလုပ် … ခုတော့ လက်ညှိုးတစ်ချောင်း ဆုံးရပြီ။ တော်သေးတာပေါ့ လက်ညှိုးလောက်မို့လို့။ ခြေထောက်ကိုကိုက်လို့ ခြေထောက်ကို ခုတ်ဖြတ်လိုက်မှဒုက္ခ”
တင်ညွန့်
Keep Reading