Author's Profile Photo

၂၁ မျဉ်းစောင်း

16/12/2025

မြို့ပြဝရံတာများ

2 mins read
Poetry
Fiction
Creative
မြို့ပြဝရံတာများ's photo


အချိန်ကား ၁၀ နာရီခွဲ။ 

သာမန်ဒီအချိန်ဆို အခန်းထဲအောင်း ဆိုရှယ်မီဒီယာ သုံးရင်သုံး၊ မသုံးရင် ဇာတ်ကားကြည့်၊ စာအုပ်ဖတ်နဲ့ အချိန်ကုန်နေကျ။ ဒီနေ့မှ ထူးထူးဆန်းဆန်း ဝရံတာဖက်ကို ထွက်လာမိတယ်။ ကျွန်တော်နေတဲ့အဆောင်က လသာဆောင်ဆိုတော့ သာမန်တိုက်ခန်းတွေထက် ထူးခြားတာတစ်ခုက ဝရံတာ ကျယ်ကျယ်လွတ်လွတ် ပါလာတဲ့ကိစ္စပဲ။ အပေါ်ဆုံးထပ်ဆိုတော့ ခြေညောင်းအောင် တက်ရတာနဲ့ ပြန်ကာမိအောင် ဒီလိုဝရံတာလေး ထည့်ထားပေးတယ်လို့ပဲ ဆိုရမှာပေါ့။ 

ဆောင်းဥတုရဲ့ နေ့ရက်တွေမှာ မြို့ပြညတွေက အအေးပေါ့မှန်း လူတိုင်းသိကြတယ်။ ဒါပေမဲ့ ဘေးပတ်ပတ်လည် တိုက်ကိုယ်စီက အသီးသီးဖွင့်ကြတဲ့ လေအေးပေးစက်တွေ၊ ပန်ကာသံတွေနဲ့ ဒီရပ်ကွက်တစ်ခုလုံးက ငြိမ်မလိုနဲ့ မငြိမ်သက်နိုင်သေးဘဲ ရှိနေခဲ့တယ်။ ကျွန်တော်နေနေရတဲ့အဆောင်က လမ်းမကြီးကနေ အတွင်းထဲကို ထပ်ဝင်ရသေးတာဆိုတော့ တစ်ခုကောင်းတာက ကားသံတွေကို သိပ်မကြားရတာပဲ။ အဲဒီအစား ပြန်ရတာကတော့ ဘေးအိမ်တွေက တစ်ယောက်နဲ့တစ်ယောက် အော်ဟစ်ဆဲဆိုသံတွေပဲ။ ကားဟွန်းသံတွေအစား လူသံတွေက အစားထိုးသွားတယ်လို့ပဲ ပြောရမလိုတောင် ဖြစ်နေပြီ။

ဒါပေမဲ့ ဒီနေ့ညတော့ တစ်ယောက်နဲ့တစ်ယောက် ရန်ဖြစ်သံတွေကို မကြားရဘဲ ရပ်ကွက်လေးက ငြိမ်ကျနေတယ်။ ဒီလိုနဲ့ ဝရံတာဘက်ကိုရောက်တုန်း တိုက်အောက်က လမ်းမကို ငေးတယ်။ လူတစ်ကောင် ကြွက်တစ်မီးမှမရှိ၊ ဒါပေမဲ့ ခွေးတွေတော့ရှိနေတယ်။ ဟိုဒီလျှောက်လို့ပဲ။ မျက်နှာချင်းဆိုင်တိုက်ခန်းက ဝရံတာတွေကို လိုက်ကြည့်တဲ့အခါကျ အလှစိုက်ပန်းအိုးလေးတွေ ရှိတဲ့အခန်း၊ ဝရံတာကို သံဇကာတပ်ထားတဲ့အခန်း၊ အင်္ကျီချိတ်တွေ အထပ်လိုက်နဲ့အခန်း အစုံတွေ့နေရတာပဲ။ 

ဒီနေ့ညမှ တိုက်တိုက်ဆိုင်ဆိုင် လကလည်း တစ်ခြမ်းပဲ သာတယ်။ ပုံမှန် လပြည့်ရက်တွေဆိုရင်တော့ မျက်နှာချင်းဆိုင်တိုက်ဘက်အခြမ်းက အဒေါ်ကြီးတစ်ယောက် ဝရံတာကနေ အပြင်ကို အမြဲငေးနေတာကိုတော့ တွေ့ရတတ်တယ်။ ဒါပေမဲ့ ဒီနေ့တော့ သူလည်း အပြင်ကို ထွက်မလာဘူး။ အလုပ်တွေရှုပ်နေလို့များလား၊ ဒါမှမဟုတ် တီဗီမှာ လာနေတဲ့ ဇာတ်လမ်းတွဲက ကောင်းနေလို့များလား။ တစ်ခုခုတော့ ဖြစ်မှာပါ။ 

တခြားသူတွေတော့ မသိဘူး။ ကျွန်တော်တော့ မြို့ပြရဲ့ညတာတွေကို သဘောမကျတာတော့အမှန်ပဲ။ ဒီအကြောင်းနဲ့ပတ်သက်ပြီး အပေါင်းအသင်းတွေရဲ့ အပြောအရဆိုရင်တော့ ကျွန်တော်က ရွာသားတစ်ယောက် ဖြစ်နေလို့ပဲ တဲ့။ ဘာလို့ဆို ကျွန်တော်က ညဘက်ကောင်းကင်ကြီးကို ငေးကြည့်ရတာကို အရမ်းသဘောကျတယ်။ မှောင်မည်းနေတဲ့ ကောင်းကင်ပြင်ကြီးထဲမှာ ကြယ်ကြွေသွားတာတွေ့လိုက်ရလို့ ဆုတွေတောင်းခဲ့ဖူးတယ်။ ဟိုးမြောက်ဘက်က ဓူဝံကြယ်ကို လိုက်ရှာခဲ့ဖူးတယ်။ ခုနှစ်စဉ်ကြယ်ကိုလည်း သေချာတွေ့အောင် ရှာဖူးတယ်။ ဂြိုလ်တုတွေနဲ့ လေယာဉ်တွေကို ကြယ်တွေဆိုပြီး ငေးကြည့်ဖူးတယ်။ အဆိုးဆုံးကတော့ ညဘက်ကောင်းကင်မှာ တိမ်တွေ ဖုံးနေခဲ့ရင် အဲဒီတိမ်တွေကို ကျွန်တော်တစ်ယောက်ထဲ တိတ်တိတ်လေး ထိုင်ဆဲနေတတ်တာပဲ။ 

တိမ်တွေမှာ အပြစ်မရှိဘူးဆိုပေမဲ့ ဘယ်တတ်နိုင်ပါ့မလဲ။ သူတို့က ကျွန်တော့်ရဲ့ ရှာပုံတော်ခရီးအတွက် ဆူးခလုတ်ပဲ မဟုတ်ဘူးလား။ ဒီလိုနဲ့ မြို့ပြဆီရောက်တဲ့အခါ ထပ်ကျိန်ဆဲရမဲ့ စာရင်းထဲကို တိုးလာတဲ့နှစ်ခုက မိုးထိမြင့်တဲ့အဆောက်အအုံတွေနဲ့ မပျက်တဲ့မီးရောင်တွေပဲ။ ဒါတွေက ကျွန်တော်နဲ့ ကောင်းကင်ပြင်ကြားမှာ ကာဆီးထားတဲ့ တံတိုင်းကြီးတွေပဲလေ။ လမ်းမကို ငေးလိုက်၊ တခြားတိုက်ခန်းတွေရဲ့ ဝရံတာကိုငေးလိုက်၊ ကောင်းကင်ကြီးကို ငေးလိုက်နဲ့ အလုပ်ရှုပ်နေတုန်း အဥ္ဇလီမောင်မောင်ရဲ့ သီချင်းသံက ကျွန်တော့်နားထဲကို တိုးဝင်လာတယ်။

မျက်နှာချင်းဆိုင်တိုက်က အကိုတစ်ယောက်က ညဘက် သောက်ရင်းနဲ့ သူ့ဖုန်းထဲက ကြိုးကြာသံ သီချင်းကို ဖွင့်လိုက်တဲ့အချိန်ပါပဲ။ ကိုခင်မောင်တိုးရဲ့ ဂရုဏာသံနဲ့အတူ အားမာန်အပြည့်နဲ့ ဒီသီချင်းက ငြိမ်သက်နေတဲ့ ကန်ရေပြင်ပေါ် ခဲလုံးအကြီးကြီး ပစ်ချလိုက်သလို ကျွန်တော့်အတွေးတွေ ယောက်ယက်ခတ်သွားခဲ့ရတယ်။ 

အိမ်ကိုလွမ်းနေချိန်၊ အတိတ်ကိုလွမ်းနေချိန် ကြိုးကြာတို့ရဲ့ ခရီးစဉ်တစ်လျှောက် ကျွန်တော်ဆက်လျှောက်ခဲ့ရပြန်ပြီ။ 

အများနည်းတူ သက်လုံမကောင်းရင်
မွေးဖွားရာအရပ်ဆီ၊ မိုင်ထောင်ချီ ပျံနေရင်း…
...ကြိုးကြာငှက်တချို့လေ ချီလာစဉ် ကျန်ရစ်ပြီ


အခုလက်ရှိ ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်နေတဲ့သူတစ်ယောက်၊ ကိုယ့်လမ်းကို ဖောက်နေတဲ့ လူတစ်ယောက်မို့ ကိုယ့်ရဲ့အခြေအနေကို အမြဲပြန်ဆန်းစစ်ကြည့်ရမှာကတော့ ဓမ္မတာပါပဲ။ ကျွန်တော်ကိုယ်တိုင်ရော သက်လုံကောင်းရဲ့လား၊ ဒီလိုမိုင်ထောင်ချီခရီးကို နှင်နိုင်ရဲ့လား။ အတွေးစတွေ ဗလပွနဲ့။ မဇ္ဇိမလှိုင်းရဲ့ တေးသွား၊ စာသားနဲ့ ပုံဖော်မှု အားကောင်းချက်က လက်ဖျားခါရတယ်။ 

သီချင်းနောက်မှာ မျောနေမိရင်း အတိတ်ကို ခရီးထွက်လိုက်၊ အနာဂတ်ကို မျှော်ကြည့်လိုက်နဲ့ အတွေးထဲအလုပ်ရှုပ်နေသော ကျွန်တော်။ သီချင်းဆုံးတော့မှပဲ အခန်းထဲ ပြန်ဝင်လာဖြစ်တယ်။

အမှန်အတိုင်းဝန်ခံရရင် ကျွန်တော် မြို့ပြကိုမကြိုက်ဘူး။ မီးရောင်စုံတွေကို မကြိုက်ဘူး။ လူရှုပ်ရှုပ်နေရာတွေကို မကြိုက်ဘူး။ ဒီခရီး ဘယ်တော့ဆုံးမလဲဆိုတာ မသိရသေးပေမဲ့ ကျွန်တော့်ရဲ့ အားနဲ့မာန်ကို သေချာချိန်ညှိကြည့်မိတယ်။ ဘာပဲ ဖြစ်ဖြစ် သီချင်းထဲက “ရှိသင့်တဲ့ အားနဲ့မာန် ဟန်နိုင်မှ…” ဆိုတဲ့ စာသားအတိုင်း မရောက်ရောက်အောင်တော့ ဆက်လျှောက်နေရဦးမှာပဲ။ 

---
အက်ဆေး

၂၁မျဉ်းစောင်း




Keep Reading

Hope or Hopelessမိုးရွာတဲ့​ ​နေ့မြို့ပြဝရံတာများမာရသွန်​အ​ပြေးသမားကောက်ရိုးတစ်မျှင်တစ်ဝက်လူသားလေနှင်ရာနှင်းဆီနေချင်တဲ့ ဘဝမွေး​နေ့လက်​ဆောင်