Minzaya
ဘာဏုရောင်ဝါ လွှမ်းခြုံပါလို့
ချိန်ခါမိုးသောက် ထွန်းတောက်တောက်နှင့်
ပြောင်မြောက်ဖြာခင်း ရွှေအဆင်းဝယ်
ငွေနှင်းသဖွယ် တိမ်စိုင်ငယ်ငယ်
ပြင်ကျယ်ကျယ်လင်း ရောင်ပြာဆင်းတွင်
ကျေးပေါင်းတကာ ပျော်မြူးတာကို
အို...ဂိမ္မာန၊ နွေရဲ့အလှ
မြင်သူမင်္ဂလံ၊ အဖိုးတန်၏။
အို....နွေကလေးရေ
နွေအချိန်ခါ ဥဩဟာလည်း
ညည်းဆိုတတ်တာ သဘာဝပါ။
ရွက်ဝါတို့မှာ ဆွေးမြေ့လာ၍
ကြွေဆင်းတတ်တာ သဘာဝပါ။
ရပ်ဆုံရှစ်ဘက် လေပြင်းတိုက်လည်း
လေရူးခိုက်တာ သဘာဝပါ။
အပူဒဏ်စီး လူတို့ငြီး၍
နွေအပြစ်ဖြစ်တာ သဘာဝပါ။
အနီးဝန်းကျင် ခြောက်ကပ်နေ၍
ဖောက်ပြားတတ်တာ သဘာဝပါ။
နွေကလေးရေ....
မင်းအနီးဝန်းကျင်ကို ကြည့်စမ်းပါလေ။
ကိုယ်စီကိုယ်စီ ဒုက္ခအလီလီမို့
နွေတစ်ခုကြောင့်သာ မဟုတ်ပြန်လေ။
ကံကြမ္မာစေရာ လေနှင်ရာသို့
ကြွေလွင့်ရွက်ဝါ သူတို့ပုံပမာ
နွေရဲ့ရှုခင်းဟာ အကျည်းတန်ကာ
သစ်ပင်ကြီးလည်း အထီးကျန်ခဲ့
နွေရဲ့မာယာသာ အဖော်ပြုကာ
လေပြေညှင်းမှာ ပူအိုက်အိုက်နဲ့
ရနံ့သင်းသင်း ကံ့ကော်မှုန်တို့
ဆောင်နှင်းပြန်၍
နွေဟာ လုံးဝအကျည်းတန်သည်ကား
မဟုတ်ပေ။
နွေရေ.......
သူရိယနေမင်းဟာ လောင်မြိုက်နေ၏။
ကံ့ကော်ဟာလည်း ရနံ့သင်း၏။
သစ္စာဟာ ပိတောက်တွင်မရှိ။
သစ်ပင်ကြီးလည်း ရွက်တို့မဲ့နေ၏။
နွေသာလျှင် အငြိုးတစ်ခုလိုပူမြဲမူ၏။
နွေရယ်.....မင်းတစ်ခုသာလျှင်
တာဝန်မပျက် အချိန်မှန်၏။
သို့ပေမယ့်လည်း ဝမ်းမနည်းပါနဲ့ နွေရယ်။
ရာသီစက်ဝန်း သံသရာစက်ဝန်း
အမြဲတစေ လည်ပတ်နေ၏။
ဂိမာန်နွေတပြန် မိုးဝသန်
တဖန်ဟေမာန် ရောက်လာပြန်လည်း
နှင်း စက်တို့ သက်ညှာစွာပင်
ကြွေဆင်းတန်ကောင်း၏။
တဖန်နွေရယ် သိမ်မွေ့စွာပင်
နှင်း စက်တို့ကို ဖြိုခွင်း၏။
နွေရဲ့ကဗျာ နွေကဗျာ
ဒါဟာ နွေဥတုရဲ့ကဗျာပေါ့။
နှင်းစက်ကလေးရဲ့ဇာတ်လမ်းဟာ ဆောင်းချိန်ခါ၌
ကျန်ရစ်ခဲ့သလား။
နွေမှလည်း တဖန်ဆောင်းရောက်ပြန်တာမို့
နှင်းစက်ကလေး ဟာ နှုတ်ဆက်စကားပြောမည်မထင်။
သိုပေမယ့်...ပေါ့
ယခုနွေကသာ လျှင် လောကကို ဦးဆောင်နေ၏။
နွေကြောင့်အပူ ဒုက္ခမြူတို့
ဖြစ်သည်ဆိုကား မရှိနိုင်။
နေလည်းအပူ၊ လေလွင့်ယူ၍
နွေ့အလှကား ဆွေးမြေ့စရာ
နွေဥတုမကောင်း သူမကောင်းဟု
ဘယ်သူဆိုညွှန်းဘိ။
အမြဲတစေ နွေသာလျှင်
ပူနေသည်သာမဟုတ်ပေ။
သိမ်မွေ့ခြင်းအရာ ဂန္တဝင်ဆန်စွာ
နွေ ၌လည်းရှိ၏။ ။
မင်းဇေယျ#
၁၅.၉.၂၀၂၅
(မင်းဇေယျ၏ ဘရံတောက်တီးယောင်ခြောက်ဆယ်အတွေးများ)#
Keep Reading