Author's Profile Photo

Raven Linn

23/07/2025

စေတနာဆိုတာ စာချုပ်လား ?

3 mins read
Startup
Motivation
Self Improvement

ကျွန်တော် ဂိုက်လုပ်ပေးနေတဲ့
G 3 ကလေးတစ်ယောက်ရဲ့ မိဘတွေက
စက်ပစ္စည်းပွဲစားတွေ ဖြစ်ကြပါတယ်။

ဆိုတော့ ကျွန်တော်က ပိုက်ဆံလေးနည်းနည်း
စုမိပြီး ဆိုင်ကယ်လေးတစ်စီး
လိုချင်လာတော့ Second hand ထဲက
ဆိုင်ကယ်တစ်စီးလောက် ရှာပေးဖို့
သူတို့ကို ပူဆာလိုက်ပါတယ်။
ဒီနေရာမှာ "ပူဆာတယ်" ဆိုတဲ့
အသုံးအနှုန်းထက် "ဂျီကျတယ်" လို့ ပြောရင်
ပိုမှန်မယ် ထင်ပါတယ်။
ဘာလို့ဆို ကျွန်တော်က ဆိုင်ကယ်အကြောင်း
(လုံးဝ) နားမလည်တာမို့
ကိုယ်ယုံကြည်ရတဲ့ support system ထဲက
ပုဂ္ဂိုလ်တွေကို ဒီကိစ္စနဲ့ ပတ်သတ်ပြီး
အလုံးစုံအားကိုးလိုက်တဲ့သဘော
သက်ရောက်လို့ပဲ ဖြစ်ပါတယ်။

သူတို့ကလည်း
trustworthy (ယုံကြည်စိတ်ချရတဲ့)ပုဂ္ဂိုလ်တွေ ဖြစ်ပြီး ကျွန်တော်က သူတို့ကလေးရဲ့
ဆရာလည်းဖြစ်တာကြောင့်
သူတို့အနေနဲ့ ဒီကိစ္စကို serious
(အလေးအနက်ထား) ပေးပြီး
ပွဲခ ယူဖို့လည်း စဉ်းစားထားကြပုံ
မပေါ်ပါဘူး။

တစ်နေ့ သူတို့အိမ် စာသွားသင်တော့
အိမ်ထဲ ဝင်ဝင်ချင်းပဲ ကလေးရဲ့အမေက
ဖုန်းထဲကနေ ဆိုင်ကယ်တစ်စီး
တွေ့ထားကြောင်း ၊ သူ့အနေနဲ့
အားလုံး စုံစမ်းထားပြီး ဈေးလည်း
အဆင်ပြေကြောင်း အသိပေးပါတယ်။
ဒါပေမယ့် ဒီရက်ထဲမှာ သူတို့‌တွေ
မအားလပ်တာကြောင့်
ဆိုင်ကယ်သွားကြည့်ဖို့ကိုတော့
"နားလည်တဲ့လူတစ်ယောက်ခေါ်သွားပြီး
ဆရာ့ဘာသာပဲ ကြည့်စီစဉ်လိုက်ပါ" လို့လည်း အားနာနာနဲ့ အသိပေးပါတယ်။

ဒီလို အသိပေးစကားမျိုး ကြားရတော့
ကျွန်တော့စိတ်ထဲ "ဟွန်းး" ဆိုတဲ့ ညည်းတွားခြင်း အာမေဋိတ်နဲ့အတူ "ငါက သူတို့ကို အားကိုးပါတယ်ဆိုမှပဲ ...." ဆိုတဲ့ မကျေနပ်ချက်လေး
တစ်ခုဖြစ်ပေါ်လာပါတယ်။
သို့ဖြစ်သည့်တိုင်
သူတစ်ပါး မအားလပ်တာကို
တစ်စုံတစ်ရာ Complain တက်ခွင့် မရှိတာမို့
အရှည်အရှည်တွေ ဆက်မပြောဘဲ
"ကျေးဇူးတင်ပါတယ် အမရေ ၊
ကျွန်တော် ကြည့်စီစဉ်လိုက်ပါမယ်နော်" လို့
တုံ့ပြန်ကာ ကလေးနဲ့ အပြုံးမပျက်
စာဆက်သင်ခဲ့ပါတယ် ။

ဒီကိစ္စဟာ တစ်ကိုယ်ကောင်းဆန်လွန်းတဲ့
ကျွန်တော့်စိတ်ကို တနုတ်နုတ်နဲ့ ဒုက္ခပေးလွန်းလို့
ညဘက်တောင် အိမ်လို့မပျော်ခဲ့ပါဘူး။
အိပ်မပျော်ရလောက်တဲ့အထိ ဒုက္ခပေးလွန်းတဲ့
ပြသနာကို အဖြေရှာကြည့်တော့
"ငါကတော့ သူတို့ကလေးကို စေတနာထားလိုက်ရတာ သူတို့ကတော့...." ဆိုတဲ့
give and take (အပေးအယူ) သဘောဆောင်တဲ့ dark mindset ကြီးကို ရှာတွေ့ ခဲ့ပါတယ်။

တစ်ကယ်ဆို ကလေးအပေါ်
စေတနာ မထားနိုင်သည့်တိုင်
ကျွန်တော်ဟာ သူတို့ဆီက ပညာကြေး
ယူထားတာ ဖြစ်တဲ့အတွက် သူတို့ ကလေးကို
သိအောင် တတ်အောင် သင်ကြားပေးဖို့ဟာ ကျွန်တော်‌ ကျေပွန်‌အောင် ထမ်းဆောင်ရမယ့် တာဝန်တစ်ခုပဲ ဖြစ်ပါတယ်။
"စေတနာ" ဆိုတာဟာ က‌လေးအပေါ်ထားရမယ့် အပိုလက်ဆောင်တစ်ခုသာ ဖြစ်သင့်ပါတယ်။

ပြီးတော့ သူတို့ကို ကျွန်တော် အကူညီတောင်းတုန်းက "ဈေးသင့်တဲ့ second hand ဆိုင်ကယ်လေး တစ်စီးလောက် ရှာပေးပါ" လို့ပဲ
ပြောခဲ့တာဖြစ်ပြီး "အစအဆုံးတာဝန်ယူပေးပါ၊
ပွဲခ ပေးပါမယ်" ဆိုတဲ့
စကားလည်း ထည့်မပြောမိခဲ့ပါဘူး။
ဆိုတော့ ဆိုင်ကယ်ရှာပေးပြီး ရောင်းသူနဲ့
ချိတ်ပေးတယ် ဆိုတာဟာ သူတို့ပြန်ပေးနိုင်တဲ့
တစ်ခုတည်းသော ကောင်းတာထက်ပိုတဲ့
စေတနာ တုံ့ပြန်မှုတစ်ခုပဲ ဖြစ်ပါတယ်။
ဒါကို ကျွန်‌တော်အနေနဲ့ gratitude (ကျေးဇူးတရား) ထားရမှာဖြစ်ပြီး ကိုယ်လိုချင်သလောက် ပြန်မရတာနဲ့ပဲ စိတ်တိုင်းမကျ ဖြစ်နေလို့ မရပါဘူး။
ကျွန်တော်လိုချင်သလောက်ကို အလိုက်တသိနဲ့ ဖြည့်ဆည်းပေးဖို့လည်း သူတို့မှာ တာဝန်မရှိပါဘူး။

ဒီလိုပဲ
တစ်နေ့... ကျွန်တော့်နဲ့ အရမ်းရင်းနှီးတဲ့
အတန်းဖော်သူငယ်ချင်း တစ်ယောက်က
နေမကောင်းဖြစ်တာကြောင့်
ကျောင်းမလာနိုင်ပါဘူး။
ဒီတော့ သူလွတ်သွားတဲ့ စာတွေကို
ကျွန်တော်က သူတောင်းစရာမလိုဘဲ
အလိုက်တသိနဲ့ ပြောပြလိုက်ဖို့
စိတ်ကူးလေး ဝင်လာခဲ့ပါတယ်။
တစ်ချိန်ထဲမှာပဲ "ငါ့အလှည့်တုန်းကကျ သ
ူက ငါသွားတောင်းမှ ပေးတာနော်၊
ငါဒီလိုနေမကောင်းဖြစ်ရင်ရော
သူက အလိုက်သိမယ် ထင်လို့လား" ဆိုတဲ့
Negative thaught (မကောင်းတဲ့အတွေး)ကို
left shoulder (ဘယ်ဘက်ပုခုံး) ပေါ်က
Evil (နတ်ဆိုး)က ကျယ်ကျယ်လောင်လောင်
လေး‌‌ပြောပြီး သွေးထိုးပါတယ်။

တစ်ကယ်လည်း ဟုတ်ပါတယ်။
ကျွန်တော့်အနေနဲ့ သူငယ်ချင်းတွေဆီက အလိုက်သိမှုမျိုး မရခဲ့ဖူးပါဘူး။
ဒါကြောင့် သူတို့လုပ်သလို
ကျွန်တော့်မှာလည်း ပြန်လုပ်ခွင့်
အပြည့်အဝရှိတယ်လို့ ယုံကြည်ပါတယ်။
သို့ဖြစ်သည့်တိုင် ကျွန်တော့်သူငယ်ချင်းတွေဟာ
ကျွန်တော်အကူအညီလိုအပ်လို့ တစ်စုံတစ်ရာ
တောင်းဆိုမိတိုင်း ငြင်းဆန်ဖူးတာမျိုး မရှိပါဘူး။
ဒီကျေးဇူးကြောင့်ပဲ
ကျွန်တော့်အနေနဲ့ သူတို့ကောင်းပေးတာထက်
နှစ်ဆပိုကောင်းပေးလိုက်ဖို့ကို
နှစ်ခါတွေးစရာ မလိုဘူးလို့ ယူဆပါတယ်။

တစ်ကယ်တော့ ကျွန်တော်တို့အပေါ်
ဘာမျှော်ကိုးချက်မှ မပါဘဲ
ကောင်းပေးဖို့ဆိုတာ
ကျွန်တော်တို့မိဘတွေ အပေါ်မှာတောင်
တာဝန်မရှိပါဘူး။သူတို့သာ မေတ္တာမရှိရင် ကျွန်တော်တို့ ဘာတစ်ခုမှ နားမလည်သေးတဲ့
အူဝဲပေါက်စ အရွယ်ထဲက စွန့်ပစ်ခဲ့လို့တောင်
ရပါတယ်။

ကိုယ်‌ပေးလိုက်တဲ့ စေတနာကိုနားလည်ပြီး
တစ်ဘက်လူကလည်း အဲ့ဒီစေတနာအတိုင်း
တုံ့ပြန်ပေးတယ် ဆိုတာဟာ
ဘဝရဲ့ကောင်းချီးတစ်ခုသာ ဖြစ်ပြီး
စေတနာတွေ reflection မဖြစ်
(ရောင်ပြန်မဟပ်) ရင်လည်း ကျေနပ်စွာ
လက်ခံရပါမယ်။
‌တစ်ဘက်လူအနေနဲ့ ကိုယ့်အ‌ပေါ်
ကောင်းခြင်း/မကောင်းခြင်းဟာ
သူ့တို့ကိစ္စသာဖြစ်ပြီး
ကိုယ်ကောင်း‌အောင် နေဖို့ကတော့
ကိုယ့်ကိစ္စပဲ ဖြစ်ပါတယ်။
ဒါအတွက် "ကိုယ်က victim (နစ်နာသူ)" လို့
တွေးလိုက်စရာ မလိုပါဘူး။

ဒီနေရာမှာ
ကောင်းအောင်နေ ဆိုတာနဲ့ပဲ
"လူကောင်းဖြစ်ဖို့ကို အတင်းကြီး
ကြိုးစားခိုင်းတယ်" လို့လည်း
နားလည်မှု မလွဲစေချင်ပါဘူး။

မနေ့က ကျွန်တော်နဲ့ မရင်းနှီးတဲ့
အတန်းဖော်တစ်ယောက်က
စာအုပ်ကျန်ခဲ့ပါတယ်။
ဒါကို တစ်ခြားအတန်းဖော်ကတွေ့တော့
ပိုင်ရှင်ဆီ ပြန်ပေးလိုက်ဖို့ကို ကျွန်တော့်ဆီ အကူအညီတောင်းပါတယ်။ဒီလို အလွယ်တကူ အကူအညီတောင်းရတဲ့ အကြောင်းကိုလည်း ကျွန်တော်က နားလည်ပါတယ်။ ကျွန်တော်ဟာ
တစ်ခါ‌တွေ့ဖူးတာနဲ့ မျက်မှန်းတန်းမိ/သတိထားမိနိုင်လောက်တဲ့ appearance (ပုံပန်းသွင်ပြင်) မျိုးရှိပြီး ဆရာ/ဆရာမတွေက အစ
အတန်းထဲက လူတွေအထိ
ကျွန်တော့်ကို မသိတဲ့လူ မရှိလောက်ဘူးလို့
သူတို့က ယူဆပါတယ်။

ဒီလိုဆိုတိုင်း ကျွန်တော်က လူတိုင်းနဲ့ ရင်းနှီးပြီး
လူတိုင်းနဲ့ သိနေတာမျိုးတော့ မဟုတ်ပါဘူး။
ဒါကြောင့်ပဲ ကျွန်တော်က "အမ ပြောတဲ့လူနဲ့ ကျွန်တော် သိပ်မရင်းနှီးလို့ပါနော်၊
တောင်းပန်ပါတယ်" လို့ပဲ ပြောခဲ့ပါတယ်။
ဒါကို လေ့လာကြည့်ရင် ကိုယ်ပေးသလောက်
ပြန်လိုချင်နေတဲ့ လူတွေမှာတောင်
အားလုံးရဲ့ အလိုဆန္ဒကို မဖြည့်ဆည်းပေးနိုင်တာတွေ ရှိတယ်ဆိုတာ နားလည် သဘောပေါက်မယ် ထင်ပါတယ်။

လူကောင်းဖြစ်ခြင်းဟာ ကောင်းပါတယ်။
ဖြစ်လည်း ဖြစ်သင့်ပါတယ်။
ဒါပေမယ့်လည်း "ကိုယ်နိုင်သလောက်" ဆိုတဲ့
"အတိုင်းအတာ" ဆိုတာကလည်း
အရေးကြီးတာမို့ လူတိုင်းကို စိတ်ရင်းက
ဖြစ်ပေါ်လာတဲ့ လေးနက်ကောင်းမွန်းမှုတွေပဲ
ပေးနိုင်ဖို့ကို့လည်း သတိထား ကြိုးစားရပါမယ်။

များများပေးပါ ၊ နည်းနည်းပဲ မျှော်လင့်ပါ
စေတနာဆိုတာ "ငါ ဒါပေးရင်
နင်လည်းဒါမျိုး ပြန်ပေးရမယ်" ဆိုတဲ့
သဘောတူစာချုပ် မဟုတ်ပါဘူး။
အတိုင်းအတာကိုလည်း တန်ဖိုးထားပြီး
ပျော်ရွှင်စွာ ရှင်သန်ပါ
The less you expect,
the happier you will be.

#စေတနာ
#မျှော်လင့်ချက်
#ပျော်ရွှင်စွာရှင်သန်ပါ
#RavenLinn


Keep Reading

The biggest Disney cruise shipစာဖတ်ခြင်းအလေ့အကျင့်ကို မြှင့်တင်ပေးမယ့် နည်းလမ်းကောင်းများ...VPN အကြောင်း သိကောင်းစရာသိထားသင့်တဲ့ Business Englishအမျိုးသမီးတစ်ယောက် စီးပွားရေးလုပ်ငန်းတစ်ခုကို ဦးဆောင်နိုင်ဖို့ဂျပန်နိုင်ငံရဲ့ JDM (Japanese Domestic Market)သင်မသိသေးတဲ့ စီးပွားရေးဆိုင်ရာ လျှို့ ဝှက်ချက်။ Macroeconomic အကြောင်းတစ်စေ့တစ်စောင်း။Co-Founder ဘယ်လိုရှာကြမလဲ။ဆောင်းပါးတစ်ပုဒ်ဘယ်လိုစတင်ရေးသားကြမလဲနေ့စဥ်သုံး Power Bankတွေရဲ့ မမြင်နိုင်တဲ့ အန္တရာယ်