Leo Nann
လူတွေက ဘာနဲ့တူလည်းဆိုတော့
"ပန်းကလေး"တွေနဲ့တူတယ်။
ပန်းတွေလိုပဲ လူ့ဘဝက သက်တမ်းအကန့်အသတ်ရှိတယ်။
ဘဝကိုရှင်သန်ဖို့ရုန်းကန်ကြရတယ်။
ပန်းတွေ ဘာလုပ်ကြသလဲ?
ဖူးပွင့်ခွင့်ရတုန်းမှာ အလှဆုံးဖူးပွင့်ကြတယ်။လေဒဏ်မိုးဒဏ်အောက်မှာ ကြံ့ကြံ့ခံပြီး ကိုယ်တတ်နိုင်သမျှ လှပကြတာ ပန်းတွေရဲ့အထာပေါ့။
ဒါတင်ဘယ်ကဦးမလဲ။
ပျားတို့၊ပိုးတို့ အစရှိတဲ့အဖျက်ပိုးတွေရန်ကိုလည်း
ပန်းကလေးတွေက ကြောက်နေရပါသေးတယ်။
ဘာဘေးအန္တရာယ်တွေပဲရှိရှိ၊ပန်းကလေးကတော့ အရှုံးမပေးပါဘူးနော်။နောက်ဆုံးအချိန်ထိ အမြစ်ကုတ်ရှင်သန်ဆဲပါပဲ။ကျောက်စရစ်တွေကြား၊အုတ်ခဲတွေကြား၊ကွန်ကရစ်အက်ကြောင်းတွေကြားမှာ ရသမျှ ကုတ်တွယ်ရှင်သန်ကြတဲ့ ပန်းပင်ကလေးတွေကို စာဖတ်သူလေးတို့မြင်ဖူးကြမယ်ထင်ပါတယ်။အံ့ဩစရာကောင်းလောက်အောင် လှပကြတာကိုလည်း တွေ့မြင်ရမှာပါ။ ပုံမှန်အခြေအနေမှာ ပွင့်လန်းနေတဲ့ပန်းတစ်ပွင့်ထက် ပိုလှတယ်လို့တောင် တွေးမြင်နိုင်ပါသေးတယ်။
အခက်အခဲအကြပ်အတည်းကြားကအောင်မြင်မှုက ပိုချိုသလိုပါပဲ။
ဒါဆို နူးညံ့ပြီး ကိုယ့်ကိုကိုယ်ကာကွယ်နိုင်စွမ်းမရှိဘဲအားငယ်တဲ့ပန်းကလေးတောင် ဒီလိုရုန်းကန်ရှင်သန်နိုင်သေးရင်ကျွန်မတို့ လူသားတွေက
ပန်းကလေးကို အတု ယူပြီး လူသားတွေဖြစ်တဲ့ ကျွန်မတို့က အားငယ်တာမျိုးတွေဖြစ်မနေဘဲ နိုးကြားတက်ကြွကြရမယ်။ ဘဝကို လွယ်လွယ် အရှုံးပေးမယ်ဆိုတဲ့အတွေးတွေကို ရပ်တန့်ပစ်ရပါမယ်။အခက်အခဲဖြစ်တိုင်းသာ
အရှုံးပေးကြေးဆို ဒီဘဒ္ဒကမ္ဘာမှာ သက်ရှိတွေကျန်ရှိတော့မယ်မထင်ပါဘူး။
မှန်ပါတယ်၊လူသားတွေဟာ စက်ရုပ်တွေမဟုတ်တာကြောင့် စိတ်အပြောင်းအလဲမြန်ပြီးအားငယ်လွယ်တယ်။နေ့စဥ်ဘဝမှာ အဆိုးတွေ၊ပြဿနာတွေနဲ့ ကြုံလာရတဲ့အခါ အားငယ်စိတ်က အလိုလို ကပ်ပါလာတတ်ပါတယ်။ဒါ့ကြောင့် အားငယ်စိတ်ကို တွန်းလှန်ဖို့လိုလာပါတယ်။အခြေအနေဆိုးကြားက ကုန်းထ၊ရုန်းထတတ်မှ လူ့ဘဝက နေပျော်နိုင်တာပါ။
ပန်းတစ်ပွင့်ဟာ လေဒဏ်မိုးဒဏ်၊အဖျက်ပိုးဒဏ်ကြောင့်
ပွင့်ဖတ်တွေ စုတ်ပြတ်သွားချိန်မှာ ပြန်လှလာဖို့ မဖြစ်နိုင်တော့သလောက်ပါပဲ။ ပန်းကလေးရဲ့လှပမှုနဲ့ဂုဏ်သတင်းဟာ ဒီမှာပဲ နိဂုံးချုပ်ပါတော့တယ်။လူသားဘဝက ဒီလောက်မဆိုးရွားပါဘူး။လူတစ်ယောက်မှာတော့ ဘယ်လိုအကြောင်းကြောင့်ပဲဖြစ်ပါစေ၊ဘဝအပျက်ခဲ့သည်ဆိုစေဦးတော့၊အသက်ရှင်နေသမျှ ကာလပတ်လုံး ကြိုးစားပိုင်ခွင့်အပြည့်ရှိနေပါသေးတယ်။ ကိုယ်လက်အင်္ဂါမစုံတော့သည့်တိုင် ဘဝကို ယုံကြည်ချက်အပြည့်နဲ့ ရှင်သန်နိုင်ပါသေးတယ်။ ဒါဆို လူသားတစ်ဦးဟာပန်းတစ်ပွင့်ထက် အခွင့်အရေးပိုရှိတယ်လို့တောင် ယူဆနိုင်ပါတယ်။
ဒီတော့ မှတ်သားထားကြပါ။
ကွန်ကရစ်အက်ကြောင်းကြားကပန်းတစ်ပွင့်လိုကျင့်ပါ။ ရှင်သန်ဖို့ခက်ခဲတဲ့နေရာတွေမှာ တတ်နိုင်သမျှကုတ်တွယ်ရှင်သန်တဲ့ အမြစ်တွေလို စိတ်ဓာတ်မျိုးမွေးမြူပါ။ လွယ်လွယ်ကူကူ အရှုံးမပေးတတ်ခြင်းကို အလေ့အကျင့်လုပ်ပါ။ တို့တွေ အရှုံးမပေးသရွေ့ အမှန်တကယ်မရှုံးပါဘူး။နေ့ရက်တွေကိုစိတ်ခွန်အားအပြည့်နဲ့ ဖြတ်သန်းပါ။ အရှုံးပေးဖို့တွေးမိတိုင်း အားငယ်တဲ့ ပန်းကလေးတွေကို အားနာပါ။
-------------------------------------------------
အဆုံးထိဖတ်ပေးကြတဲ့စာဖတ်သူတစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးတင်ပါတယ်ရှင့်။
အားလုံးကို အစဥ်လေးစားလျက်...
Leo Nann
Keep Reading