Minzaya
မဖြစ်သင့်သေးတာ သိပေမဲ့
ထိန်းမရလေသော စိတ်အာရုံတွေ။
ချစ်ခြင်းကိလေသာတို့ မွှန်ထူနေသော လူတစ်ယောက်။
ဒုက္ခ တစ်ရပ်ဟု ဆိုပြန်သော်လည်း
နူးညံ့လွန်းပေတော့ အခက်သား။
ဝဋ်ဟုဆိုရမည်လည်း မဆိုင်ပေ၊
လှပလွန်းနေ၏။
အချစ်ဆိုသောအရာသည် ဘယ်လိုအရာနည်း။
အစမပျိုးသေးခင် ရပ်တန့်သွားခြင်းမျိုးလား။
အထီးကျန်သလိုပေမဲ့ မင်းအရိပ်ကို နေမထိစေချင်သလိုမျိုး။
ဒီခံစားချက်မျိုး စွန့်ခွာပစ်လိုက်ချင်ပေမဲ့
ရုန်းမရအောင် အားကောင်းလှသော
ဆွဲငင်အားမျိုးကိုရုန်းနိုင်ရန် ခွန်အားမရှိပေ။
နားလည်ရခက်သော မျက်ဝန်းကလေးတစ်စုံကို
ငါဟာတပ်မက်နေမိခဲ့တယ်။
အရေးပါသယောင်ထင်ရပေမဲ့ မရေရာသော အဖြစ်မျိုး။
တစ်ခါတစ်လေတော့လည်း မင်းမျက်ဝန်းလေးထဲ
ပုန်းကွယ်ချင်နေမိရဲ့။
ပိုင်ဆိုင်ရမှာလား၊ မပိုင်ဆိုင်နိုင်ဘူးလား။
ဘယ်လိုဖြစ်လာမှာလဲ။
အနာဂတ်က ငါ့ကို ပြေးတွေ့ချင်မိတယ်။
ဒီပုစ္ဆာအတွက် သီအိုရီကို အဖြေရှာဖို့ပေါ့။
ပျားလုပ်သားကလေးဟာ ကြိုးစားလျက်သာ
မြတ်နိုးရသောပန်းကလေးအား
တင့်တင့်တယ်တယ်ထားနိုင်ရန်အတွက် ပိုင်ဆိုင်နိုင်ရန်အတွက်
တွေးတောကြံဆလျက်၊ ကြိုးစားနေလျက်သာ။
တစ်ချိန်ချိန်တော့
မင်းလက်ကလေးအား ဆုပ်ကိုင်နိုင်ရန်ပေါ့။
မင်းဟာအဖိုးတန်ပန်းကလေးတစ်ပွင့်မို့
လူသာမန်တို့ ခူးယူမှာစိုးမိရဲ့။
ကိုယ်ပန်ဆင်ဖို့ရည်ရွယ်ထားတဲ့ နှင်းဆီပွင့်ကလေး
ပွန်းပဲ့သွားမှာ စိုးလို့ပါ။
ဆူးခက်ကလေးလဲ ကိုယ်ပါပဲ။
တဝဲလည်လည် ပျားကလေးလဲ ကိုယ်ပါပဲ။
အလွန်ချစ်မြတ်နိုးသည်မို့ ရက်စက်မှုများပယ်ပါလေ။
ပျားကလေး နားခိုခွင်ကလေးပေးရန်တော့
စဉ်းစားသင့်ကောင်း၏။
ကိုယ်ချစ်ရတဲ့.....မိန်းကလေး
မင်းအနားမှာ ကပ်တွယ်နေချင်တယ်။
မင်းလက်ကလေးကို ဆုပ်ကိုင်ချင်မိတယ်။
မင်းဆံနွယ်ကလေးတွေ သပ်ဖွပေးချင်မိတယ်။
မင်းကိုယ်လုံးသေးသေးလေးကို ရင်ခွင်ထဲထွေးပွေ့ထားချင်မိတယ်။
မင်းဆီက အကြင်နာအပြုံးကလေးကို မြင်တွေချင်မိတယ်။
ချစ်ဒုက္ခဟာ မကုန်နိုင်၊
တပ်မက်မှုတွေနှင့်သာ လောင်မြိုက်နေ၏။
ရင်မှာ အစဉ် ပူလောင်နေ၏။
သို့သော် နောင်တမရ
ချစ်နေရသည်ကို အရသာတွေ့နေ၏။
ခံစားချက်တို့မှာ ထိန်းမရစုပြုံနေလျက်
လောင်မြိုက်မှုတို့အား စာသီလိုက်၏။ ။
မင်းဇေယျ
၁၃.၆.၂၀၂၅
(မင်းဇေယျ၏ အချစ်ဒုက္ခ)
Keep Reading