Nicolette
စီရင်ခံလိုက်ရတဲ့ စုန်းများ
နိုင်ငံရေးတွေ ရှုတ်ထွေးနေတဲ့ ကိုလိုနီခေတ် အမေရိကန် မက်ဆာချူးဆက်ပြည်နယ် ဆေလမ်မြို့လေးမှာ စုန်းကြားနာစစ်ဆေးပွဲတွေ ပြုလုပ်ခဲ့ပါတယ်။
ပြုလုပ်ချိန်က 1692 ခုနှစ် ဖေဖော်ဝါရီလမှ 1693 ခုနှစ် မေလ အတွင်းဖြစ်ပြီးတော့ အဲ့လိုပြုလုပ်ခဲ့ချိန်မှာပဲ လူပေါင်းများစွာ စုန်းလို့ စွတ်စွဲ သတ်ဖြတ်ခံခဲ့ရပါတယ်။
အဲ့ဒီ့အချိန်တုန်းက ရောဂါ ဘယတွေထူပြော စစ်မက်တွေ ဖြစ်ပွားနေတာကြောင့် မြို့သူမြို့သားတွေရဲ့ ဘဝဟာလဲ အရမ်းကို ခက်ခဲ ကြမ်းတမ်းပါတယ်။
ဒီထက်ပိုကြမ်းတမ်းအောင်လုပ်မယ့် ကိစ္စတစ်ခုကတော့ အအေးစက်ဆုံး ဆောင်းရာသီမှာ ရောက်ရှိလာခဲ့ပါတယ်။
အဲ့ဒီ့ ဆောင်းရာသီမှာ ဝမ်းကွဲညီအမ နှစ်ဦးဖြစ်ကြတဲ့ အသက် (9) နှစ် အရွယ် ဘယ်တီ ပယ်ရစ် နဲ့ အသက် (11) အရွယ် အဘီဂေး ဝီလီယမ်တို့ဟာ ထူးဆန်းတဲ့ အပြုအမူတွေ စပြီး လုပ်လာကြပါတယ်။
ကလေးမလေးနှစ်ယောက်ကို ဆရာဝန်ဆီပြသခဲ့ပေမယ့်လဲ ဘာရောဂါမှ ရှာမတွေ့ခဲ့ပါဘူး။
ဒီလိုရောဂါရှာမတွေ့ဘဲ ထူးထူးဆန်းဆန်းတွေ ဖြစ်လာရတာဟာ ပြုစားခံရလို့ ဖြစ်တယ်။
မကောင်းဆိုးဝါးတွေဟာ စုန်းတွေရဲ့ ခိုင်းစေချက်နဲ့ ကလေးတွေကို ဝင်ပူးနေတာလို့ ကလေးတွေရဲ့ မိသားစုက စပြီး ယူဆလာကြပါတယ်။
ဒီကလေးမလေးနှစ်ယောက်မှာ ဖြစ်သလို ထူးဆန်းတဲ့ရောဂါဟာလဲ မြို့ထဲမှာ ပြန့်နှံ့သွားပြီး စုန်းတွေကြောင့် ဖြစ်တယ်ဆိုတဲ့ ကောလဟာလကိုလဲ မြို့သူမြို့သားတွေ တဖြည်းဖြည်းနဲ့ ယုံကြည် ကြောက်လန့်လာကြပါတယ်။
ဘယ်တီ ပယ်ရစ်တို့ အိမ်က အခိုင်းအစေ တီတူဘာဆိုတဲ့ အမျိုးသမီးဟာ ဒီစုန်းကြားနာပွဲ အတွင်းမှာ ပထမဆုံး စုန်းလို့ စွတ်စွဲခံရသူဖြစ်ပါတယ်။
ဘယ်တီ ပယ်ရစ်နဲ့ အဘီဂေး ဝီလီယံတို့ ထူးဆန်းတဲ့အပြုအမူတွေ ပြုလုပ်ရတာဟာ တီတူဘာ စုန်းအတတ်တွေနဲ့ ပြုစားထားလို့ဖြစ်တယ်ဆိုပြီး လူအများက ဝိုင်းစွတ်စွဲကြပါတယ်။
တရားရုံးကို ရောက်တဲ့အချိန်မှာတော့ တီတူဘာက သူဟာ စုန်းအတတ်ကို တတ်မြောက်သူတစ်ဦးဖြစ်တယ်လို့ ဝန်ခံပြီး သူလွတ်မြောက်ဖို့အတွက် တခြားသူနှစ်ယောက်ဖြစ်တဲ့ ဆာရက် ဂွတ်နဲ့ ဆာရက် အော့ဘွန်း နှစ်ယောက်ကို စုန်းတွေပါလို့ စွတ်စွဲခဲ့ပါတယ်။
လွယ်လွယ်ကူကူ ဝန်ခံပြီး တခြားသူတွေရဲ့ နာမည်ကိုပါ ပြောလိုက်တာကြောင့် တီတူဘာဟာ ကွပ်မျက်ခံရမယ့် အရေးကနေ လွတ်မြောက်ခဲ့ပါတယ်။
နောက်ပိုင်းမှာ တီတူဘာလိုပဲ တစ်ချို့ စွတ်စွဲခံရသူတွေဟာ သူတို့ လွတ်မြောက်ဖို့အတွက် ဘာမှ မသက်ဆိုင်သူတွေ ဒါမှမဟုတ် သူတို့နဲ့ ရန်ငြိုးရှိသူတွေကို စုန်းလို့ စွတ်စွဲပြီး လွတ်မြောက်သွားတာမျိုးတွေ ရှိလာပါတယ်။
စုန်းကြားနာပွဲမှာ ပထမဆုံး သတ်ဖြတ်ခံရသူကတော့ ဘရစ်ဂျစ် ဘစ်ရှော ဆိုသူ အမျိုးသမီးပါ။
သူမကို တရားရုံးက အပြစ်ရှိသူအဖြစ် သတ်မှတ်ပြီး ဇွန်လ (10) ရက်နေ့ 1692 မှာ ကြိုးပေး ကွပ်မျက်ခဲ့ပါတယ်။
ဒါက အစပဲရှိပါသေးတယ်။ စုန်းလို့ စွတ်စွဲခံခဲ့ရသူတွေဟာ လူ (200) ကျော် ရှိပြီး ထိုသူတွေဟာ ဝန်ခံဖို့ ဒါမှမဟုတ် စုန်းလို့ ယူဆရတဲ့ တခြားသူတွေရဲ့ နာမည်တွေကို ထုတ်ပြောဖို့အတွက် ဖိအားပေး နှိပ်စက်ခံခဲ့ရပါတယ်။
လူသုံးဆယ်ကျော်ကို အပြစ်ရှိတယ်လို့ တရားရုံးက စီရင်ချက်ချပြီး လူ (19) ဦး - အမျိုးသမီး (14) ယောက်နဲ့ အမျိုးသား (5) ယောက်ကို ကြိုးပေးသတ်ဖြတ်ခဲ့ပါတယ်။
အသက် (81) အရွယ် အဘိုးအို တစ်ဦးကိုလဲ ကျောက်တုံးနဲ့ မသေမချင်း ဖိသတ်စေတဲ့ ပြစ်ဒဏ်ကို ချမှတ်ခဲ့ပါသေးတယ်။
စုန်းကြားနာ စစ်ဆေးပွဲအတွင်းမှာ ကလေး၊မိန်းမ၊ ယောင်္ကျား စုစုပေါင်း (25) ယောက် မီးရှို့ ၊ ကြိုးပေး ၊ ညှင်းဆဲ သတ်ဖြတ်ခံခဲ့ရပါတယ်။
စွတ်စွဲခံရသူတွေ တဖြည်းဖြည်းနဲ့ များပြားလာတဲ့နောက်မှာတော့ မြို့မှာရှိတဲ့ အကြီးအကဲတွေက ဒီဖြစ်ရပ်တွေကို စိတ်ကုန်စပြုလာပါပြီ။
ဆရာဝန်အချို့ကလဲ ဒီကူးစက်ရောဂါဟာ မှိုကနေ စတင့်ကူးစက်တာ ဖြစ်နိုင်ကြောင်း စုန်းအတတ် မဖြစ်နိုင်ကြောင်း ထုတ်ဖော်ပြောကြားလာကြပါတယ်။
စွတ်စွဲခံရသူတွေထဲမှာ မြို့တော်ဝန် ဝီလီယံ ဖစ်ရဲ့ အမျိုးသမီးဖြစ်သူပါ ပါလာတဲ့ အချိန်မှာတော့ မြို့တော်ဝန်ဟာ စုန်းကြားနာစစ်ဆေးပွဲတွေကို ရပ်ဆိုင်းဖို့ အမိန့်ပေးခဲ့ပါတယ်။
1693 ခုနှစ် မေလမှာတော့ သက်သေမခိုင်လုံဘူးဟုဆိုကာ စုန်းလို့စွတ်စွဲ ဖမ်းဆီးခံရတွေကို မြို့တော်ဝန်က လွတ်ပေးပြီး ကွပ်မျက်ခံခဲ့ရသူတွေရဲ့ မိသားစုဝင်တွေကိုလဲ နစ်နာကြေးတွေ ပေးအပ်ခဲ့ပါတယ်။
အခုချိန်မှာတော့ ဆေလမ်မြို့ဟာ ဟိုးအရင်က ဖြစ်ပျက်ခဲ့တဲ့ သမိုင်းကြောင်းပြတိုက်တွေ စိတ်ဝင်စားဖို့ ကောင်းတဲ့ ပုံပြင်တွေကြောင့် ခရီးသွားတွေ အထူးသဖြင့် ဟိုလိုဝင်း အချိန်မှာ လာရောက်သူ အများအပြားနဲ့ ပျော်ရွှင်စရာ စုန်းမြို့တော်ကြီး ဖြစ်နေပါပြီ။
1692-1693 အတွင်း ဖြစ်ပွားခဲ့တဲ့ စုန်းကြားနာပွဲတွေကို လေ့လာနိုင်တဲ့ ပြတိုက်တွေ စွတ်စွဲခံရသူတွေကို အပြစ်ပေးခဲ့တဲ့ နေရာတွေနဲ့ နာမည်ကျော် ရုပ်ရှင်ကားတွေလဲ ဆေလမ်မှာ ရိုက်ကူးခဲ့တာကြောင့် လေ့လာစရာတွေလဲ များပြားလှပါတယ်။
Disney ရဲ့ နာမည်ကျော် Hocus Pocus ကိုလဲ ဆေလမ်မှာပဲ ရိုက်ကူးခဲ့ပါတယ်။
ဆေလမ်မြို့ကတော့ အုပ်စုလိုက် မှားယွင်းစွာ တွေးခေါ် စွတ်စွဲမှုကြောင့် အပြစ်မဲ့တဲ့အသက်တွေ ဆုံးရှုံးခဲ့ရကြောင်း သတိထားစရာတစ်ခုအဖြစ် တည်ရှိနေပါတယ်။
ဆေလမ်မြို့အကြောင်း အခြေခံ ရေးသားထားတဲ့ Halloween Horror စာအုပ်ကို အောက်ပါ Telegram Channel မှာ ဖတ်ရှုလို့ရပါတယ်။
https://t.me/+fDx3Hhe9OWoyZmY1
Halloween Horror စာအုပ်ဟာ လွယ်ကူတဲ့ စကားလုံးလေးတွေကိုပဲ သုံးနှုန်းထားတာကြောင့် A1 Level က စဖတ်လို့ရပါတယ်
ဖတ်သင့်တဲ့ English စာအုပ်ကောင်းလေးတွေနဲ့ စာအုပ် review လေးတွေကိုလဲ ရေးပေးသွားဦးမှာမို့လို့ အကောင့်လေးကို follow လုပ်သွားကြပါဦးနော် ☺️
Keep Reading