ပြာလဲ့ရီဝေ
နေရေးခက်၊ဝမ်းရေးခက်
လွမ်းအရေးအတွက်
ရစ်လို့မျှမသီနိုင်တယ်
ဤသောအခါကာလဝယ်။
မိုးအဝင်ရွာချလို့
မြေနုစိုတစ်ပြင်ဖြူးရယ်
ပေါက်ရောက်ကြချစ်ဟင်းဖွယ်။
ကန်စွန်းနုနယ်၊ ပဲပုစွန်နွယ်နှင့်
ကြက်ဟင်းခါးဘို့တစ်ထောင်
လူ့အကျိုးတော်ဆောင်
ဘယ်သူမှပျိုးမထောင်ဘဲ
ရွန်းရွန်းပြောင်မြအခင်းနှင့်
ထိုးထိုးထောင်ပတ္တမြားရောင်
ချုံအနွယ်စုံတောကြွယ်၍
နှစ်ထောင်းချစ်ခင်၊ စားလိုက်ရချင်။
ခူးမယ်ငင်မယ်၊ ညစာချက်လို့
စိမ်းစိုစိမ်းစို၊ ဟင်းတို့ရယ်။
သားရေ လာဟေ့
သမီးရေ လာဟေ့
တို့တစ်တွေ ဟိုး.... ဝိုင်းကွက်လပ်
တောထွက်ခူးမယ်၊ ပျော်မြူးသံကြွယ်။
ကြွယ်ရုံမျှကြွယ်သေး
မြူးစိတ်ထွေ တွေဝေဝေဖြင့်
ချုံးချုံးကျငိုရမလို။
ဝိုင်းတစ်ထောင့်မှာ
ခါးတောင့်ထောက်လို့
အရှင်ဝိုင်းပိုင်၊ ဟိတ်တန့်မာန်၍
သူစေစားရာ၊ ခွေးခြောက်ကောင်မှာ
ဝုတ်ဝေါင်းမာန်ဖီ၊ ခြံစောင့်လေသည်
သူ့ဝိုင်းမြေဆီ၊ ရှေ့မတိုးသာ၏
စိမ်းသွေးဝေဝေ၊ ချစ်ဟင်းဖွယ်တွေ
ငေးမောလည်ပြန်၊ လှည့်ပြန်ရပြီ။
သူဌေးဘာကြောင့်တားသနည်း။
Keep Reading