
ပြာလဲ့ရီဝေ

လရောင်ဖြာကျနေတဲ့ ည။
တကယ်ကို လှရက်တဲ့ည။
မလုံတလုံယှက်နွယ်နေသော သစ်ရွက်ထုတွေကြားကနေ
လင်းရိပ်ထိုးထွက် သာရွှင်ငြိမ်းတဲ့ည။
မိုင်ထောင်ချီဝေး လအလင်းကလေးက
အေးမြချိုမြ ညင်သာလှတဲ့ ကရုဏာရသ။
ဒီအချိန်မတော့ သူဟာ တော်မဝင်နိုင်သလို
ကဗျာဆန်ချင်သလောက်လည်း မဆန်နိုင်။
"လ"ကလေးအတွက် သနားသလို
"လ"လိုလူတွေအတွက်လည်း ရင်နင့်။
အနာဂတ်ကို ကရုဏာ လှမ်းသက်နေမိသလို
အတိတ်ကိုလည်း ကရုဏာသက်ရတာအမော။
ပစ္စုပ္ပန်ဘဝမှာလည်း ကရုဏာသက်ဖွယ်ချည်းပါ့ပဲ။
ကရုဏာမိုးတွေ ကြဲဖြန့်နေခြင်းသည်
ကရုဏာမိုးသည်းသည်းမှာ စိုရွှဲခံခဲ့ရဖူး၍။
ပျော်စရာဆိုတာ ရှိဦးမလားလို့
စိတ်အခြေ အနယ်တိမ်ထပ်နေသည်မို့
ပြုံးလိုကပြုံးလိုက်မိရဲ့
ရယ်လိုကရယ်လိုက်မိရဲ့
ပျော်စရာတော့ ကင်းမဲ့လျက်။
ဘဝဟာ ပျော်ဖို့ပါလို့
ဘယ်သူများ ပြောပါလိမ့်။
ဘဝဟာပျော်ဖို့ဆိုတဲ့တွေးတစ်စ
ခြောက်လှန့်နေတဲ့စိတ်။
ပြုံးနေတဲ့ ငါ ပျော်ရဲ့လား။
မျက်ရည်ထွက်မှ ငိုတယ်သမုတ်ရင်
မျက်ရည်ကုန်သွားခဲ့တဲ့ ရင်လောင်းဟောင်းအဖို့
ငိုသည်ဆိုခွင့်ကင်းလော့။
လရောင်ခင်းတဲ့ လမ်းမှိတ်တိတ်တိတ်မှာ
ခြေကို တစ်လှမ်းချင်းလှမ်းနေ၏။
လှမ်းဆွဲမည့်သူမရှိသလို
တွဲလိုက်မည့်သူမရှိ။
#ပြာလဲ့ရီဝေ
Keep Reading