Leo Nann
လောကမှာ ဆုံတွေ့ရန်မရှိလို့ ဆိုနိုင်လောက်တဲ့ လူနှစ်ဦးဟာ ဆုံမှတ်တစ်ခုမှာတွေ့ခဲ့ကြတယ်။
ရင်းနှီးခဲ့ကြတယ်။
သံယောဇဥ်တွယ်ခဲ့ကြတယ်။
ချစ်ခဲ့ကြတယ်။
တစ်ဦးကိုတစ်ဦး တန်ဖိုးထားခဲ့ကြတယ်။
တစ်ဦးရဲ့အိပ်မက်တွေမှာ
တစ်ဦးရဲ့ ပုံရိပ်လေးတွေကို ရေးထိုးထားခဲ့ကြတယ်။
အနာဂတ်ကိုအတူပုံဖော်ခဲ့ကြဖူးတယ်။
အမှတ်ရစရာ အမှာစကားတွေခြွေခဲ့ကြတယ်။
ဒီလူသားနှစ်ဦးရဲ့ ကံကြမ္မာဟာတော့
မလှပခဲ့ကြဘူး။
သူတို့နှစ်ဦးကြားမှာ လောကဓံလှိုင်းတွေရိုက်ခတ်ခဲ့ပြီး
အချစ်ပင်လယ်ဟာ မုန်တိုင်းထန်ခဲ့ရတယ်။
အသက်ထက်ပိုအရေးကြီးတဲ့ ရွေးချယ်ရခြင်းတွေမှာ လွဲခဲ့ကြရတယ်။
ဝန်းထိမျဥ်းတစ်ကြောင်းလိုပေါ့။
တစ်ခါဆုံပြီး နောက်ထပ် ဘယ်မှာမှ ထပ်မဆုံကြတော့ဘူး။
ဒါဟာ ဘယ်သူ့အပြစ်လဲ။??
ဘယ်သူ့အပြစ်မှ မဟုတ်ခဲ့သလို
ခွဲခွာခြင်းတွေမှာ အမုန်းတရားတွေလည်း မပါခဲ့ပါဘူး။
ရှောင်လွှဲလို့မရနိုင်တဲ့ ကိစ္စတချို့ကြောင့်သာ ဝေးခဲ့ရရုံပါ။
မေတ္တာလည်း မပျက်ခဲ့သလို
သစ္စာလည်း မပျက်ခဲ့ပါဘူး။
မဖြစ်လို့သာ လက်လွှတ်ခဲ့ရတာ။
ဖြစ်နိုင်ရင်တော့ မဝေးချင်ခဲ့ဘူး။
ကောင်းဖို့အတွက်ဖြစ်လာခဲ့တယ်လို့
သဘောထားပြီး ကျောခိုင်းခဲ့ကြတယ်။
ခံစားချက်တိုင်းကို ချိုးနှိမ်ပြီး ဒီလူသားနှစ်ဦးဟာ နေနိုင်ချင်ယောင်ဆောင်ခဲ့ကြပြီ။
တစ်ဦးကိုတစ်ဦးတော့ ကွယ်ရာကနေ
ဂရုစိုက်နေပေးမိကြတုန်း။
စိတ်ပူပေးမိနေကြတုန်း..။
တိုက်ဆိုင်မှုတွေရှိလာတိုင်း သတိရမိကြတုန်း။
အရိုးထဲထိစိမ့်ဝင်နေတဲ့အကျင့်တစ်ခုလို
မေ့မရနိုင်ခဲ့ကြသေး။
ဖြတ်မျဥ်းတစ်ကြောင်းလို တစ်ခါဖြတ်ပြီး နောက်ပြန်မဆုံရတဲ့အဖြစ်ကို
ဒီဘဝမှာကြုံခဲ့ရပြီ။
တစ်ဦးရဲ့ရင်ထဲမှာတော့ ပုံရိပ်တွေကိုသိမ်းဆည်းထားဦးမှာပါ။
ဘယ်လိုမှမတတ်နိုင်တဲ့အဆုံးမှာ ဖြတ်မျဥ်းတွေတော့ မဖြစ်ပါရစေနဲ့။ ပြိုင်မျဥ်းအဖြစ်နဲ့ပဲ မျှော်ငေးနေချင်မိပါရဲ့။ ပြိုင်မျဥ်းတွေဟာ နီးလည်းမလာသလို ဝေးလည်းမဝေးသွားနိုင်ဘူးရယ်လေ။ အနည်းဆုံးတော့ အကွာအဝေးတစ်ခုမှာ အတူရှိနေနိုင်သေးတာပဲ။
ဒီလူသားနှစ်ဦးကတော့ တကယ်ကိုဝေးခဲ့ကြရပြီ။
သေချာတာကတော့
ချစ်လျက်နဲ့ နှုတ်ဆက်ခဲ့ကြတာပဲ။
အတူရှိနေချိန်မှာ အတတ်နိုင်ဆုံး အစွမ်းကုန်ချစ်ခဲ့ကြတာဖြစ်လို့ ကျေနပ်ပါတယ်။
အရာအားလုံးထက် သူ့ကိုမရွေးခဲ့ရလေခြင်းဆိုတဲ့ နောင်တတစ်ခုကလွဲရင် တခြားစိတ်ပျက်စရာ ခံစားချက်တွေမရှိပါဘူး။
ပြန်လိုချင်သေးလားမေးရင် လိုချင်ပါတယ်ပဲဖြေမိမှာ။
social mediaမှာတစ်ဦးရဲ့ အခြေအနေကိုစောင့်ကြည့်ရင်း
တစ်ဦးက "သူအဆင်ပြေနေသားပဲ"ဆိုတဲ့အတွေးနဲ့တင် ပျော်ရွှင်မှုယဲ့ယဲ့လေးရနေသလိုပါပဲ။
အနာဂတ်မှာ ဘာတွေဖြစ်လာမလဲမသိပေမဲ့
ခုချိန်မှာတော့ ဒီနှစ်ယောက် "ခွဲခွာခြင်း"ဘူတာမှာလွဲကြပြီ။
ဘဝရဲ့ခရီးသည်တွေမို့ တစ်ချိန်မှာ
သံသရာတစ်ကွေ့ကျ ပြန်ဆုံကြဦးမလား။
"ဂရုစိုက်ပါ၊အမြဲရင်ထဲရှိတယ်"လို့ပြောခွင့်မရှိကြတော့မဲ့ လူနှစ်ယောက် ဆန့်ကျင်ဘက်အရပ်တွေဆီကို ဦးတည်ခဲ့ကြပြီ။
"ကံမကုန်ရင် ပြန်ဆုံချင်ပါရဲ့
သံသရာတစ်ကွေ့က အရင်းအနှီးဆုံးသူစိမ်းရယ်....."
????????????????
-------------------------------------------------
????????????????
အဆုံးထိဖတ်ပေးခဲ့ကြတဲ့စာဖတ်သူတစ်ဦးတစ်ယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်ရှင့်။
ဒီရက်တွေမှာ စာတွေပုံမှန်မရေးခဲ့ရလို့လည်း
စာဖတ်သူတွေနဲ့ လက်လှမ်းဝေးနေခဲ့ရပါတယ်။
နောက်ပိုင်းတင်သွားမဲ့ ဆောင်းပါးတွေမှာလည်း
ပိုကြိုးစားထားတာကိုတွေ့ရမှာဖြစ်လို့ စာတွေလာဖတ်ကြဖို့ ကြိုတင်တိုက်တွန်းလိုက်ရပါတယ်ရှင့်။
အားလုံးကိုအစဉ်လေးစားလျက်....
Leo Nann
(12.12.2024)
Keep Reading