လက်ယျာ (Don't Care)
#JobSafetyMatters
#ShieldedDreamsJobScamAwareness
ပထမဆုံးအနေနဲ့ Scam ဆိုတာဘာလဲ❓ ရှင်းပြပေးချင်ပါတယ်။ Scam ဆိုတာ လိမ်ညာလှည့်စားခြင်း၊ ဖြားယောင်းသွေးဆောင်ခြင်းလို့ အဓိပ္ပါယ်ရပြီး ကိုယ့်အကျိုးစီးပွားတစ်ခုခုအတွက် သူတစ်ပါးကို လှည့်စားလိမ်ညာရင်း အသက်မွေးဝမ်းကျောင်းပြုသူတွေကိုတော့ Scammer လို့ ခေါ်ဆိုနိုင်ပါတယ်။
ဒီနေ့ ဒီကာလမှာ စားဝတ်နေရေးကျပ်တည်းလာတာ၊ အလုပ်အကိုင်အခွင့်အလမ်း ရှားပါးလာတာ၊ သင့်တင့်မျှတတဲ့ လုပ်အားခမရရှိပဲ လုပ်အားခေါင်းပုံဖြတ်ခံရတာ၊ ကုန်စျေးနှုန်း အဆမတန် မြင့်တက်လာတာ စတဲ့ အကြောင်းအရာမျိုးစုံကြောင့် အလွှာပေါင်းစုံက လူတန်းစားပေါင်းစုံတို့ဟာ Scammer အဖြစ်ကို ရောက်မှန်းမသိ ရောက်လာကြပါတယ်။ #ကိုယ့်အကျိုးစီးပွားအတွက်သူတစ်ပါးကိုတစ်စုံတစ်ရာမက်လုံးပေးပြီးလိမ်လည်လှည့်ဖြားခြင်းမှန်သမျှသည် Scam လုပ်ငန်း သာဖြစ်ပါတယ်။
Scam လုပ်တဲ့ နည်းလမ်းပေါင်းများစွာနဲ့ မသိနားမလည်သူတွေအပေါ် လှည့်စားနေကြပေမယ့် ဒီ Scam လုပ်ငန်းဟာ တစ်ခုတည်းသော အကြောင်းအရာပေါ်ပဲ အခြေခံ တည်ဆောက်ထားတာဖြစ်ပါတယ်။ ဒါကတော့ #လူတွေရဲ့မျှော်လင့်ချက် ပါပဲ။ ဒီ Scam လုပ်ငန်းတွေဟာ ယခင်ဆယ်စုနှစ်တွေတုန်းက ပုန်းလျှိုးကွယ်လျှိုး လုပ်ဆောင်ခဲ့ရာကနေ ယနေ့အချိန်မှာတော့ Social Media တွေပေါ်မှာပါ တွင်တွင်ကျယ်ကျယ် ပေါ်ပေါ်ထင်ထင် လုပ်ကိုင်လာတဲ့ အထိ များပြားလာနေပါပြီ။ ဒါကလည်း မြန်မာနိုင်ငံရဲ့ စားဝတ်နေရေးကြပ်တည်းမှုပြသနာဟာ ဒီ Scam လုပ်ငန်းတွေအတွက် မျက်စိကျစရာ ဖြစ်နေခဲ့လို့ပါပဲ။
မြန်မာနိုင်ငံမှာ တွင်ကျယ်လာနေတဲ့ Scam လုပ်ငန်းတွေများစွာထဲက လုပ်ငန်းအကြောင်းပြပြီး လိမ်လည်နေတဲ့ Scam Jobs တွေကို အကြမ်းဖျင်းအားဖြင့် (၄) မျိုးခွဲခြားပြချင်ပါတယ်။
ဒါတွေကတော့
1.Multi-Level Marketing
2.Trading and Marketing Online Jobs
3.Human Trafficking
4.Fake Agencies ဆိုပြီးခွဲခြားနိုင်ပါတယ်။
1️⃣Multi-Level Marketing
ဒီ Scamming System ဟာ မြန်မာနိုင်ငံမှာ ရေပန်းအစားဆုံးနဲ့ အပေါများဆုံး လိမ်နည်းတစ်ခုပဲဖြစ်ပါတယ်။ Multi-Level Marketing (MLM) ဆိုတာဟာ လူတစ်ဦးကောင်းကျိုးအတွက် အခြားသူ အများစုက အနစ်နာခံရတဲ့ System တစ်ခုဖြစ်ပါတယ်။ ဒီစနစ်တည်ဆောက်ထားပုံဟာ အရမ်းကို သေသပ်လွန်းတဲ့အတွက် ပြည်တွင်းမှာရော၊ နိုင်ငံတကာမှာပါ အလိမ်ခံရသူတွေ များပြားလွန်းတာကြောင့် အစိုးရတွေကပါ ပိတ်ပင်တားဆီး အရေးယူရတဲ့အထိကို ကျယ်ပြန့်ပါတယ်။
ဒီ MLM စနစ်ရဲ့ လုပ်ငန်းသဘာဝက အရင်ရောက်သူ ( Old Member ) ကို နောက်ရောက်သူ ( New Member ) က အခကြေးငွေ ပေးဆောင်ရတာမျိုးပါ။ နောက်မှရောက်သူ New Member တွေအနေနဲ့ အခကြေးငွေ ပြန်လိုချင်တဲ့အခါ ထပ်ဆင့် Member ပြန်ရှာရပါတယ်။ ဒီလိုနဲ့ အဆင့်ဆင့် Member တွေခေါ်ရင်းကနေ ခေါ်စရာလူမရှိတော့တဲ့ Member တွေဟာ အချိန်ရော၊ ငွေကြေးပါ အလဟဿ ဆုံးရှုံးကြရပါတယ်။ ဒီစနစ်ကို “ဆင့်ပွားလိမ်နည်းစနစ်” လို့ အလွယ်တကူ မှတ်ယူနိုင်ပါတယ်။
လူကြီးမင်းတို့အနေနဲ့ “ဘာအလုပ်မှ လုပ်စရာမလိုပဲ အိမ်မှာနေ၊ လိုင်းသုံးနေရုံနဲ့ တစ်ရက်ဝင်ငွေ ထောင်သောင်းချီ ရနေပါတယ်… အသေးစိတ်သိချင်ရင် Chat Box Please” ဆိုတဲ့ အလှကုန်ပစ္စည်း၊ အဝတ်အထည်၊ စားသောက်ကုန် စသဖြင့် ကုန်ပစ္စည်းတစ်ခုခုကို အကြောင်းပြထားတဲ့ Online အလုပ်ခေါ်စာတွေ မြင်ဖူးကြမယ်ထင်ပါတယ်။ ဒီအလုပ်တွေဟာလည်း MLM System စနစ်နဲ့လည်ပတ်နေတဲ့ Scam လုပ်ငန်းတွေဖြစ်ပါတယ်။
ဘာကြောင့် MLM စနစ်နဲ့လည်ပတ်တယ်လို့ ပြောရသလဲဆိုရင် ဒီလုပ်ငန်းတွေမှာ Old Member တွေဟာ အသစ်ထပ်ဝင်သမျှ New Member တွေဆီကနေ Member ဝင်ကြေး၊ Form ကြေးစသဖြင့် ခေါင်းစဥ်အမျိုးမျိုးနဲ့ ငွေကြေးတောင်းတတ်ကြသလို သူတို့အကြောင်းပြထားတဲ့ ထုတ်ကုန်တစ်ခုခုကို မတန်တဆစျေးနဲ့ ဝယ်ခိုင်းတတ်ကြပါတယ်။ ဒီအခါမှာ ကိုယ်စိုက်ထုတ်လိုက်ရတဲ့ အရင်းအနှီးတစ်ခုကို ပြန်ရချင်တဲ့ Member တွေအနေနဲ့ နောက်ထပ် အဖွဲ့ဝင်မယ့်သူအသစ်အသစ်တွေကို ထပ်ရှာရပြီး စနစ်အတိုင်း ခေါင်းစဥ်တစ်ခုခုနဲ့ အခကြေးငွေပြန်တောင်းရပါတယ်။
ဒီလို တစ်ဆင့်တစ်ဆင့်နဲ့ ဆင့်ပွားသွားတဲ့ စနစ်တွေမှာ တကယ်တမ်းကောင်းစားသွားကြတာက ထိပ်ပိုင်းလူနည်းစု တစ်ချို့သာ ဖြစ်ပြီး နိုင်ငံတကာစစ်တမ်းတွေအရ ဒီ MLM စနစ်နဲ့ ကြီးပွားချမ်းသာသွားသူဟာ အဖွဲ့ဝင်စုစုပေါင်းရဲ့ ၀.၁ ရာခိုင်နှုန်း သာရှိတယ်လို့ သိရပါတယ်။ အရင်းပြန်ရတဲ့ ရာခိုင်နှုန်းဟာ ၀.၅ ရာခိုင်နှုန်းသာရှိပြီး အရင်းမကျေပဲ ငွေကြေးဆုံးရှုံးသူဟာ ၉၉.၄ ရာခိုင်နှုန်းအထိ ရှိတယ်လို့ဆိုပါတယ်။
ဒီစနစ်တွေဟာ လူနည်းစုကောင်းစားဖို့ လူအများကို ချနင်းပြီး တက်လှမ်းရတဲ့စနစ် တစ်ခုဖြစ်တာကြောင့် Multi-Level Marketing System ကို အသုံးပြုလည်ပတ်နေသမျှ လုပ်ငန်းအားလုံးကို Scam လုပ်ငန်းအဖြစ် သတ်မှတ်ရမှာဖြစ်ပါတယ်။
2️⃣Trading and Marketing Online Jobs
ဒီလုပ်ငန်းတွေကိုတော့ အများစုသိကြမယ်ထင်ပါတယ်။ ထင်သာမြင်သာအရှိဆုံးလုပ်ငန်းတစ်ခုကိုပြပါဆိုရင် လက်ရှိ ကမ္ဘာတစ်ဝှမ်းမှာရော၊ မြန်မာနိုင်ငံမှာပါ အတော်ခေတ်စားနေတဲ့ ကျားဖြန့်ငွေလိမ်ဂိုဏ်းတွေပဲ ဖြစ်ပါတယ်။
ဒီငွေလိမ်ဂိုဏ်းတွေရဲ့ Marketing System တွေဟာ အမျိုးမျိုးကွဲပြားလေ့ရှိပေမယ့် တူညီတာတစ်ခုကတော့ “ငွေကိုလွယ်လွယ်ရနိုင်တဲ့ အလုပ်ပါလား” ဆိုတဲ့ အတွေးတစ်ခုကို ကနဦး ရိုက်သွင်းတတ်ကြပါတယ်။ ဒီလုပ်ငန်းတွေဟာ ပထမအဆင့်အနေနဲ့ Whatapps, Viber, Tiktok, Facebook, Telegram, Signal စသဖြင့် Social Media တစ်ခုခုကနေ ၎င်းတို့ရဲ့ သားကောင်ကို ရှာဖွေတတ်ကြပါတယ်။ Youtube Channel တစ်ခုကို Scribe လုပ်ခိုင်းတာ၊ Artist. တစ်ယောက်ယောက်ရဲ့ Instagram Account ကို Follow လုပ်ခိုင်းတာ၊ သူတို့ကုမ္ပဏီရဲ့ ကိုယ်ပိုင် Website တစ်ခုမှာ အလကားနီးနီးစျေးနဲ့ စျေးဝယ်ခိုင်းတာလိုမျိုး အရမ်းကို လွယ်ကူရိုးရှင်းတဲ့အလုပ်တစ်ခု ကမ်းလှမ်းတတ်ကြပြီး ဒီအတွက် ငွေပမာဏအနည်းငယ်ကို ဆုကြေး ဒါမှမဟုတ် လုပ်အားခအဖြစ် ပေးတတ်ကြပါတယ်။ ဒါက “ဒီအလုပ်ကနေ ငွေရလွယ်လိုက်တာ”ဆိုတဲ့
#သားကောင်ရဲ့လောဘစိတ်ကိုနှိုးဆွပေးလိုက်တဲ့ပထမအဆင့်ပါ။ပထမအဆင့်ပြီးမြောက်သွားတဲ့အခါအမြတ်အစွန်းပိုရနိုင်မယ့် ဒုတိယအဆင့်ကို ထပ်မံကမ်းလှမ်းပါတယ်။
ဒုတိယအဆင့်မှာတော့ အရင်းအနှီးအနည်းငယ်လိုအပ်လာပါပြီ။ သားကောင်ဖြစ်သူဟာ ပထမအဆင့်ကနေရတဲ့ အမြတ်အစွန်း အနည်းငယ်နဲ့ ဒုတိယအဆင့်အတွက် အရင်းအနှီးပြန်လုပ်ပါတယ်။ ဒါကလည်း သူ့ဆီကရတဲ့အမြတ်နဲ့ သူ့ဆီပြန်ရင်းတာဖြစ်လို့ အလိမ်အညာဖြစ်နေရင်တောင် ကိုယ့်အိတ်ထဲက ဆုံးရှုံးစရာမရှိဘူးဆိုတဲ့ အသိကလေးရယ်၊ အမှန်တကယ်လုပ်ငန်းဖြစ်နေရင် ရလာမယ့်အမြတ်ကို လိုချင်စိတ်ကြောင့်ရယ် စွန့်စားကြည့်ကြတာဖြစ်ပါတယ်။ ဒါပေမယ့် ဒုတိယအဆင့်ဟာ ပထမအဆင့်လောက် ရိုးရှင်းမနေပဲ ရင်းနှီးငွေ ထပ်ဖြည့်ခိုင်းတဲ့အဆင့်တစ်ခု ပါလာပါတယ်။
ဒီလုပ်ငန်းတွေရဲ့ အဓိက စည်းမျဥ်းတစ်ခုကတော့ #လုပ်ငန်းအလုံးစုံပြီးမြောက်မှသာ ရင်းနှီးငွေရော၊ အမြတ်ကိုပါ ထုတ်ယူခွင့်ရှိတာဖြစ်ပါတယ်။ ရင်းနှီးငွေလည်း မဆုံးချင်၊ ရလာမယ့်အမြတ်ကိုလည်း လိုချင်တာကြောင့် ရင်းနှီးငွေထပ်ထည့်မိကြပါတယ်။ ဒီလိုနဲ့ ဒုတိယအဆင့်အလုပ်တွေ ပြီးမြောက်သွားတဲ့အခါ ရင်းနှီးငွေအပြင် အမြတ်ပါ ပြန်ထုတ်ပေးပါတယ်။
ဒီအဆင့်မှာ “ဒီလို ရင်းနှီးငွေ ထပ်ထည့်ရတာတွေ ရှိတတ်တယ်၊ အလုပ်သာ ပြီးမြောက်အောင်လုပ်ရင် အရင်းရော၊ အမြတ်ပါ ပြန်ရတယ်” ဆိုတဲ့ စိတ်ကလေးတစ်ခု သားကောင်ဆီ ထည့်ပေးလိုက်ပြီး #Brain_Wash လုပ်လိုက်ပါတယ်။ ဒုတိယအဆင့်ပြီးသွားတဲ့အခါ တတိယအဆင့်ကို ကမ်းလှမ်းပါတယ်။ ဘဝတစ်ခု အပြောင်းအလဲဖြစ်သွားနိုင်မယ့် အမြတ်ပမာဏ တစ်ခုနဲ့ပါ။
Brain Wash လုပ်ခံထားရပြီး လောဘစိတ်လည်း တက်နေပြီဖြစ်တဲ့ သားကောင်ဟာ တတိယအဆင့်ကို ဆက်လုပ်ပါတယ်။ ဒုတိယအဆင့်မှာလိုပါပဲ။ ရင်းနှီးငွေထည့်တယ်။ ရင်းနှီးငွေထပ်ဖြည့်ရမယ့် အဆင့်တစ်ခုရောက်လာတယ်။ ထပ်ဖြည့်တယ်။ ဒါပေမယ့် တတိယအဆင့်မှာ ရင်နှီးငွေ ထပ်ဖြည့်ခိုင်းတာသည် တစ်ခါတည်းမဟုတ်တော့ပဲ ထပ်ကာထပ်ကာ ဖြစ်လာပါတယ်။ ဒီမှာတင် ကိုယ့်ရင်းနှီးငွေမရှုံးချင်တဲ့ သားကောင်ဟာ ဆက်ကာ ဆက်ကာ ငွေဖြည့်သွင်းရပါတော့တယ်။ အလုပ်မပြီးမြောက်ရင် ရင်းနှီးငွေရော၊ အမြတ်ပါ ထုတ်မရတဲ့ စည်းကမ်းချက်အရ သားကောင်အများစုဟာ ဒီအခြေအနေမှာ ထပ်ဖြည့်စရာငွေမရှိတာကြောင့် ရင်းနှီးထားသမျှ ငွေကြေးပမာဏ အားလုံးဆုံးရှုံးသွားတတ်ကြပါတယ်။ အနည်းငယ်သော သားကောင်များသာ ဒီလိုထပ်ကာထပ်ကာဖြည့်သွင်းရင်း တတိယအဆင့် ပြီးမြောက်သွားပါတယ်။
တတိယအဆင့်ပြီးမြောက်သွားတဲ့ သားကောင်တွေဟာလည်း #တကယ်တမ်းမှာရင်းနှီးငွေရောအမြတ်ပါထုတ်ယူခွင့်မရကြပါဘူး။ ဒီ လို ငွေလိမ်ဂိုဏ်းငွေရဲ့ System က အလုပ်ပြီးမြောက်သွားလို့ ငွေထုတ်ယူချိန်မှာ ငွေပမာဏမကိုက်တာ၊ သတ်မှတ်ချိန်ကျော်လွန်တာ စတဲ့ အကြောင်းပြချက်များစွာနဲ့ System Error တစ်ခု ဖန်တီးထားလို့ပါပဲ။ ဒီလိုနဲ့ သားကောင်ဟာ ဒီ System Error ကို ဖြေရှင်းဖို့ ရင်းနှီးငွေထပ်ဖြည့်ရတာမျိုးတွေအထိရှိတတ်ကြပြီး မပြီးဆုံးနိုင်တော့ပဲ လိုက်လေမြုပ်လေနဲ့ ဘဝပျက်တဲ့အထိပါ ဖြစ်ကုန်ကြရပါတယ်။
ဒီလို အမြတ်အစွန်းရမယ့် လုပ်ငန်းတစ်ခုပုံစံနဲ့ လိမ်လည်တဲ့ လုပ်ငန်းတွေဟာ ကမ္ဘာ့လူထုကိုပါ ထိုခိုက်မှု အများအပြားဖြစ်စေပြီး အလိမ်ခံရလို့ မိမိကိုယ်ကို သတ်သေသူဦးရေ များပြားလာတာကြောင့် ကမ္ဘာ့အစိုးရတွေကပါ ဖမ်းဆီးအရေးယူရတဲ့အထိ ဆိုးရွားနေပါတယ်။ ဒီလုပ်ငန်းတွေကလည်း လူနည်းစုကောင်းစားဖို့ လူအများရဲ့ ဘဝတွေ၊ မျက်ရည်တွေကို အသုံးချရတာဖြစ်တာကြောင့် စက်ဆုပ်စရာ Scam လုပ်ငန်းတစ်ခုဖြစ်ပါတယ်။
3️⃣Human Trafficking
ဒီလုပ်ငန်းကတော့ ရှင်းပါတယ်။ ဝင်ငွေကောင်းမွန်တဲ့ လုပ်ငန်းတစ်စုံတစ်ရာကို အကြောင်းပြပြီး လူကုန်ကူးတာဖြစ်ပြီး သားကောင်ဖြစ်ကြသူအများစုဟာ အမျိုးသမီးတွေဖြစ်ကြပါတယ်။ ပြည်တွင်းမှာ အလုပ်အကိုင် အခွင့်အလမ်းရှားပါးလာတာ၊ ကုန်စျေးနှုန်း အဆမတန် မြင့်တက်လာတာတွေကြောင့် လူငယ်လူရွယ် အများစုဟာ ပြည်ပထွက် အလုပ်လုပ်ပြီး မိသားစုစားဝတ်နေရေး ဖြေရှင်းဖို့ ဆောင်ရွက်လာကြရင်း ဒီလို လုပ်ငန်းဟန်ပြထားတဲ့ လူမှောင်ခိုအဖွဲ့အစည်းတွေနဲ့ ကြုံကြရပါတော့တယ်။
စားဝတ်နေရေးမပြေလည်တဲ့ အောက်ခြေလူတန်းစား အများစုအနေနဲ့ တရားဝင်ပြည်ပထွက်ခွာဖို့ စရိတ်စကများပြားတာကြောင့် စျေးသက်သာနိုင်တဲ့ မှောင်ခိုလမ်းကနေသာ ပြည်ပထွက်ဖို့ ရွေးချယ်ကြတာကြောင့်လည်း လူမှောင်ခိုဂိုဏ်းတွေအနေနဲ့ လုပ်ကွက် ရရှိနေတာလည်းဖြစ်ပါတယ်။ ဘာသာစကား အခက်အခဲကြောင့်သော်လည်းကောင်း၊ နေရာဒေသ အခက်အခဲကြောင့်သော်လည်းကောင်း ဒီလိုမှောင်ခိုလမ်းကနေ ပြည်ပထွက်ခွာရာမှာ လူကုန်ကူးခံရတာ၊ ရောင်းစားခံရတာတွေ အများအပြားဖြစ်ပေါ်လျက်ရှိနေပါတယ်။
အမျိုးသမီးအများစုအနေနဲ့ နိုင်ငံခြားသားတွေဆီ ဇနီးမယား၊ မယားငယ်အဖြစ်ရောင်းစားခံရတာ၊ လိင်ဖျော်ဖြေရေးလုပ်ငန်းတွေမှာ လိင်ကျွံပြုခံရတာ၊ အခကြေးငွေမရပဲ အိမ်ဖော်အဖြစ် ခိုင်းစေခံရတာ၊ ညှင်းပမ်းနှိပ်သက်ခံရတာတွေအပြင် ကိုယ်အဂ်ါအစိတ်အပိုင်း ထုတ်ယူရောင်းချခံရတဲ့အထိ ဆိုးရွားပါတယ်။
4️⃣Fake Agencies
ရေနစ်သူ ဝါးကူထိုးကြတဲ့ မသမာသူတွေအနေနဲ့ ပြည်တွင်းမှာ အလုပ်အကိုင်အခွင့်အလမ်းရှားပါးလာတာကို အခွင့်ကောင်းယူပြီး ပြည်တွင်းအလုပ်အကိုင်ရှာဖွေရေး အေဂျင်စီ အမည်ခံကာ အခြေခံလူတန်းစားတွေအပေါ် ဂုတ်သွေးစုပ်လာကြတာကိုလည်း အများအပြားတွေ့ရပါတယ်။ စားဝတ်နေရေးမပြေလည်တဲ့အတွက် အဆင်ပြေ ချောင်လည်နိုင်မယ့် လုပ်ငန်းတစ်ခု ရလိမ့်နိုးနဲ့ မျှော်လင့်ချက်ထားကြသူတွေအပေါ် အမြတ်ထုတ်ကြတာပါ။
ဒီလိုအေဂျင်စီတွေဟာ အလုပ်လျှောက်မယ့်သူတွေဆီကနေ ကိုယ်ရေးရာဇဝင် (CV)၊ မှတ်ပုံတင်၊ အိမ်ထောင်စု၊ ပညာအရည်အချင်းထောက်ခံစာ စတဲ့ အထောက်အထားတွေကို ဟန်ပြတောင်းယူတတ်ကြပြီး အဓိက တောင်းယူတာကတော့ ဖောင်ကြေး ဆိုတဲ့ ငွေပမာဏတစ်ခုပါပဲ။ အလုပ်လျှောက်ထားသူတွေအပေါ် လိုအပ်တဲ့စာရွက်စာတမ်းတွေနဲ့ ဖောင်ကြေး သွင်းတဲ့အချိန်လောက်သာ ဂရုတစိုက် ဆက်ဆံပြတတ်ကြပြီး ပထမတစ်ကြိမ်လောက်သာ အင်တာဗျူးချိန်းပေးတတ်ကြပါတယ်။ အချို့အေဂျင်စီများဟာ ဖောင်ကြေးအပြင် မတော်တဆ အလုပ်ရခဲ့သည်ရှိသော် လစာရဲ့ ဘယ်လောက် ရာခိုင်နှုန်းကို ဝန်ဆောင်ခအဖြစ် ပေးဆောင်ရပါမယ် ဆိုတာကိုပါ လျှောက်လွှာပုံစံမှာ ထည့်သွင်းရေးသားခိုင်းကြပါသေးတယ်။
လူကြီးမင်းတို့ သတိထားမိကြမယ်ထင်ပါတယ်။ ပြည်တွင်း အလုပ်အကိုင်ရှာဖွေရေး Social Media တွေမှာ တွေ့နေရတဲ့ #ဘယ်သောအခါမှလူမပြည့်၊ #လူမရနိုင်သေးတဲ့အလုပ်ခေါ်စာတွေ၊ #ရုံးလိပ်စာ၊ #ကုမ္ပဏီအမည်အတိအကျမပါတဲ့အလုပ်ခေါ်စာတွေဟာ ဒီလို ဂုတ်သွေးစုပ် အေဂျင်စီတွေကနေ ဖောင်ကြေးရရုံသက်သက်နဲ့ အပြင်မှာတကယ်မရှိတဲ့ လုပ်ငန်းခေါ်စာတွေကို ရေးသားဖော်ပြပြီး လိမ်ညာခေါ်ယူနေခြင်းသာ ဖြစ်ပါတယ်။
ဒီလိုအေဂျင်စီတွေနဲ့ ပူးပေါင်းပြီး ရသမျှ ငွေကြေးခွဲယူနေတဲ့ ကုမ္ပဏီနဲ့ ကုမ္ပဏီဝန်ထမ်းအချို့လည်းရှိပါသေးတယ်။ အေဂျင်စီမှာ အလုပ်လာလျှောက်သူကို အင်တာဗျူးချိန်းပေးမယ်ဆိုပြီး သူတို့နဲ့ စည်း၊ဝါးကိုက်ထားတဲ့ ကုမ္ပဏီနေရာကို လွှတ်လိုက်တာပါ။ ကုမ္ပဏီဘက်ကလည်း အမှန်တကယ် အင်တာဗျူးပေးပြီး အကြောင်းပြန်ပေးပါ့မယ် ဆိုတာလောက်နဲ့ ချွေးသိပ် ပြန်လွှတ်ကြပါတယ်။ တကယ်တော့ အဲ့ဒီကုမ္ပဏီတွေဟာ ဝန်ထမ်းလိုအပ်ချက် ရှိမနေသလို ဝန်ထမ်းခန့်အပ်ဖို့ အစီအစဥ်လည်း မရှိပါဘူး။
Scamming System နဲ့လည်ပတ်နေတဲ့ လုပ်ငန်းတွေရဲ့ လုပ်ငန်းလည်ပတ်ပုံအဆင့်ဆင့်ကို နားလည်လွယ်အောင် ဖော်ပြခဲ့ပြီးပါပြီ။ ဒီလို Scamming System တွေကို ဘယ်လိုခွဲခြားနိုင်မလဲဆိုတာ ဆက်လက်ဖော်ပြပေးချင်ပါတယ်။
အလုပ်တစ်ခုလျှောက်တော့မယ်ဆိုရင်
1? Company နာမည်ခံထားပေမယ့် Company Address အတိအကျ မပါတာမျိုးကို ရှောင်ပါ။ Company နာမည်ခံလိုက်ပြီဆိုတာနဲ့ ရုံးတည်နေရာ တည်ထောင်သူ Inform က ပါကိုပါရမှာပါ။
2? အသင်းဝင်ကြေး၊ Form ကြေးစသဖြင့် ကြိုတင်ငွေ တောင်းခံတာမျိုး၊ ကုမ္ပဏီရဲ့ ထုတ်ကုန်ပစ္စည်းတစ်ခုခုကို အတင်းဝယ်ခိုင်းတာမျိုး ကြုံလာရင် ရှောင်ပါ။ ဘယ်အလုပ်ရှင်ကမှ အလုပ်သမားဆီက ငွေကြိုမတောင်းပါဘူး။ အဆင်မပြေလို့၊ အခက်အခဲဖြစ်နေလို့၊ ပိုက်ဆံမရှိလို့မှ အလုပ်လုပ်ပါတယ်ဆို ကိုယ့်ဆီက အရင်ပြန်တောင်းတာမျိုးပါလာရင် တစ်ခုခုတော့ လွဲနေပါပြီ။
3? တာဝန်ယူ တာဝန်ခံမှု မရှိတာမျိုးကို ရှောင်ပါ။ တကယ်လို့ ညီအစ်ကိုတို့ အလုပ်လုပ်မယ်ဆို ကိုယ့်ဘက်က သေချာအောင်မေးထား လုပ်ထားပါ။ မတော်တဆ ဆုံးရှုံးနစ်နာမှုတွေ ဖြစ်လာခဲ့သော် ဘယ်လိုဖြေရှင်းပေးသလဲဆိုတာကို တစ်ပါတည်း မေးမြန်းထားရမှာဖြစ်ပါတယ်။
4? အတင်းအဓမ္မ သက်သေထူပြနေတာမျိုးကို ရှောင်ပါ။ Online Job အလုပ်ခေါ်စာတစ်ခုမှာ အလိမ်မဟုတ်ပါ တို့ အလိမ်ညာမဟုတ်ပါဘူးတို့ စသဖြင့် မလိမ်ကြောင်း အတင်းအဓမ္မ သက်သေထူနေပြီဆိုရင်လည်း အဆိုပါအလုပ်ဘက်ကို ခြေသလုံးဖက်တောင်းပန်ရင်တောင် လှည့်မကြည့်ပါနဲ့တော့ အမှန်အကန်အလုပ်ခေါ်စာတွေက လိပ်ပြာလုံတဲ့အတွက် အာ့လို စာသားတွေ ထည့်မရေးတတ်ပါဘူး ပိုဆိုးတာက လိမ်ရင် နှစ်ဆပြန်လျော်မယ်ဆိုတာမျိုးပါ။ ဘတ်ပြီး ပြေးပြီဆိုမှတော့ ဘယ်သူကမှ လာလျော်မှာ မဟုတ်ပါဘူး။
5? ပီကေလို အရေးအသားချွဲနွဲ့နေတာမျိုးကို ရှောင်ပါ။ ဘယ်သမာသမတ်လုပ်ငန်းကမှ အလုပ်ခေါ်စာကို ချွဲနွဲ့ပြီးမခေါ်ပါဘူး ချစ်တုံးတို့ရေ တို့၊ မင်မင်ကလေ တို့၊ စသဖြင့် လူတစ်ယောက်ဟာ လိုတာထပ်ပိုချွဲနေပြီဆို သတိထားပါ သင်တို့ကို လိမ်တော့မှာပါ။ဥပမာ ကျွန်တော့်ကောင်မလေးလိုပေါ့။
6? ပွင့်လင်းမြင်သာမှုမရှိတဲ့ အလုပ်မျိုးကို ရှောင်ပါ။ ဘယ်အလုပ်ရှင်ကမှ အလုပ်သမားခေါ်ယူရာမှာ Personal ခွဲမခေါ်ပါဘူး။ ခိုးကြောင်ခိုးဝှက်မခေါ်ပါဘူး။ အကယ်၍သာ အလုပ်ခေါ်စာတစ်ခုမှာ သိချင်တာတစ်ခုခုမေးလို့ CB Please ဆိုရင် သတိထားသင့်ပါပြီ။
7? အရမ်းလွယ်ကူလွန်းနေရင် သတိထားပါ။ အရာအရာတိုင်းဟာ သူ့တန်ရာတန်ကြေးရှိပြီးသားဖြစ်တာကြောင့် ငွေရအရမ်းလွယ်နေပြီဆိုရင် ကိုယ့်ဘက်က ထိုက်သင့်တဲ့တန်ကြေး တစ်ခုခုကို ပြန်ပေးရနိုင်ပါတယ်။
8? ပြည်ပထွက်မယ်ဆိုရင် တတ်နိုင်သမျှ တရားဝင် လမ်းကြောင်းကသွားပါ။ မှောင်ခိုလမ်းက မဖြစ်မနေသွားရမယ်ဆိုရင် ပွဲစားအမည်၊ နေရပ်လိပ်စာအပြင် သူ့မိသားစုအမည်၊ နေရပ်လိပ်စာ အတိအကျ စုံစမ်းထားပြီး အိမ်ကို အသိပေးခဲ့ပါ။
9? စာချုပ်စာတမ်းတွေကို လက်မှတ်မထိုးခင် သေချာ သဘောပေါက် နားလည်အောင် ဖတ်ပါ။ ကိုယ် အမှန်တကယ် လုပ်နိုင်၊ မလုပ်နိုင်တွေးပါ။ မလိုလားအပ်တဲ့ပြသနာတွေမဖြစ်ရအောင် စာချုပ်စာတမ်းမှန်သမျှ မိတ္တူကူးပြီး ကိုယ့်လက်တွင်းမှာထားပါ။ ဖြစ်နိုင်ရင် ဓာတ်ပုံရိုက်ပြီး မိမိ မိသားစုဆီပို့ထားပါ။
10? တစ်ယောက်တည်း စဥ်းစားကျော်ဖြတ်ဖို့ အခက်အခဲ ရှိနေရင် မိသားစု၊ သူငယ်ချင်း၊ အပေါင်းအသင်းများနဲ့ တိုင်ပင်ပါ။ သိတတ် နားလည်တဲ့သူတွေဆီ အကူအညီတောင်း အကြံဉာဏ်ရယူပါ။ ခေါင်းတစ်လုံးတည်းတွေးတာထက် ခေါင်းအများကြီး ဝိုင်းတွေးတာက အဖြေမှန်ကို ပိုရှာရလွယ်ကူစေပါတယ်။
#LarrYar
#DontCarePage
#JobSafetyMatters
#ShieldedDreamsJobScamAwareness
Keep Reading