xylophone
ကိုယ့်ပေါ်လီယာနာလေးရေ
လာပါ
ကိုယ်တို့နှစ်ယောက်ပေါင်းပြီး
ဘဝတစ်ခုဖန်တီးလိုက်ရအောင်
ဒီစကြဝဠာကြီးထဲမှာ
နဂိုကတိုင်ဂြိုလ်တွေအများကြီးရှိတာမို့
ကမ္ဘာတစ်လုံးထပ်တိုးတာလောက်ကို
နတ်မင်းကြီးတွေ မငြိုငြင်လောက်ပါဘူး
အရင်းအမြစ်တွေဟာ
အကန့်အသတ်နဲ့ရတာမို့
မဖြုန်းတီးအပ်ဘူးမလား
ဘဝမှာတစ်ခါပဲရတဲ့
လူသားအရင်းအမြစ်အချစ်ကိုလဲ
မင်းနဲ့ပဲသုံးစွဲချင်တာမို့
မင်းသာခေါင်းငြိမ့်မယ်ဆိုရင်
အောက်ချင်းငှက်လိုသစ္စာမျိုးနဲ့
သံသရာတစ်ပတ်ပို့ပေးမယ်
မင်းဆံနွယ်တွေယိမ်းလိုက်တာနဲ့
ကမ္ဘာတစ်ခြမ်းကိုတက်သိမ်းမယ့်
အလက်ဇန်းဒါးသည်ဂရိတ်ဟာ
ကိုယ်ပဲ
နိဗ္ဗာန်ကို ရက်တိုတိုနဲ့ရောက်လိုတဲ့အခါ
မင်းအပြုံးတွေ အမြဲကြည့်ရဖို့လိုတယ်
ပုရွက်ဆိတ်လေးတွေ ဆန်စေ့ချီသွားတာကို
စိတ်ဝင်တစားလိုက်ကြည့်တဲ့လူဟာ
မင်းခြေသန်းစွန်းလေး ခုံနဲ့တိုက်မိတာကိုလဲ
နှလုံးသည်းပွတ်ကြေသွားသလို
ခံစားရအုန်းမှာပဲ
ရူးတယ်ဆိုလဲ ရူးတယ်ပေါ့
အဆိပ်သင့်အရူးတွေများတဲ့ လောကကြီးမှာ
အချစ်ကြောင့်ရူးတာက
အကျည်းမတန်ပါဘူး
အတိတ် + ပစ္စုပ္ပန် = အနာဂတ် တဲ့
ကိုယ့်ပစ္စုပ္ပန်ဟာ မင်းဆို
ကိုယ့်အနာဂတ်ဟာလည်း မင်းပဲပေါ့
ရုပ်ကလာပ်တစ်မျှင်ကအစ
ဘဝပေးပြီး ချစ်မှာမို့
ကိုယ့်အချစ်ကို ဒီအန်အေစစ်စရာမလိုဘူး
ပစ္စုပ္ပန်ကို မင်းမူပြီး အနာဂတ်ကို စိုးမိုးလှည့်ပါ
နှစ်ပေါင်းတစ်ရာမှ တစ်ကြိမ်သာပွင့်တဲ့
အာသာဝတီနတ်ပန်းလိုမျိုး
ကိုယ်မင်းကိုတန်ဖိုးထားတဲ့အခါ
မင်းကိုယ်မင်းသံသယဝင်နေမလား
အိပ်မက်မဟုတ်ကြောင်း သက်သေလိုတဲ့အခါ
ကိုယ့်ပါးကို လာရိုက်ပါ
ဂရိဇူး(စ်)နတ်မင်းကြီးဟာ
အမှန်တရားနဲ့အလှတရားကို
လွယ်လွယ်နဲ့ရှာလို့မတွေ့အောင်
နှလုံးသားရဲ့ အနက်ရှိုင်းဆုံးနေရာမှာ
ပုန်းဝှက်ထားခဲ့သတဲ့
နှလုံးသားကနေ မြစ်ဖျားခံရတဲ့
ကိုယ့်ချစ်ခြင်းတွေမှာလဲ
ဒီတရားတွေ ရောယှက်နေအုန်းမှာပဲ
ကိုယ်မင်းကိုဘယ်လောက်ချစ်ကြောင်း
တစ်ခါလောက်တွေးမိတဲ့အခါ
အဲ့ဒီအတွေးကို ချက်ချင်းရပ်ပေးပါ
တန်ဖိုးဖြတ်လို့မရတာကို
တန်ဖိုးဖြတ်လိုက်တာဟာ
တန်ဖိုးချလိုက်တာပဲမလား
ကိုယ်ဟာ အချစ်နဲ့ရမ္မက်ကို
ထင်ယောင်ထင်မှားဖြစ်တတ်တဲ့
ဆယ်ကျော်သက်မဟုတ်ဘူး
အမှန်ဟာ သစ္စာဆိုရင်
သစ္စာဟာ ငါးပါးရှိကြောင်း
ဘုရားရှင်ဆီမှာ တောင်းဆိုကြည့်ချင်တယ်
မင်းကို စစ်မှန်စွာချစ်ခြင်းဟာလဲ
ချစ်ခြင်းသစ္စာပဲမလား
ကိုယ့်အချစ်ဟာ
နှိုင်းရတန်ဖိုးမဟုတ်တဲ့
ပကတိတန်ဖိုးဖြစ်ကြောင်း
မင်းချစ်ကြည့်ရင် သဘောပေါက်ပါလိမ့်မယ်
အချစ်ရေ
ကိုယ့်အိပ်မက်ထဲကို အခေါက်ခေါက်အခါခါလာဖို့
ကိုယ်ဂစ်တာတီးရင် လွမ်းရတဲ့သူဖြစ်ဖို့
ကိုယ့်မျက်ရည်တွေနဲ့ ခြေဆေးဖို့
ကိုယ့်အသည်းကို ပက်ပက်စက်စက်ခွဲဖို့
ကိုယ့်ရဲ့နိုက်တင်ဂေးလ်ဖြစ်ဖို့
မီးအိမ်လေးဆွဲပြီး
ကိုယ့်နှလုံးအိမ်ထဲကို တံခါးမခေါက်ဘဲ ဝင်ခဲ့ပါ
အသင်ရောက်လာသောအချိန်မှစ၍
အကျွန်ုပ်၏ စိတ်နှင့်ကိုယ်ပါ တကွ
အရာအားလုံးကို အသင် အပိုင်ရချေပြီ
ချေလိုချေ ပစ်လိုပစ်
အသင့်စိတ်ကြိုက်သုံးဆောင်ပါ
အချိန်တစ်ခုရောက်လာခဲ့သည်ရှိသော်
အသင်မှသည် သခင်ဆီသို့။ ?
ဇိုင်လို
Keep Reading