Author's Profile Photo

Than Myint Wai

17/11/2024

ရိုးရာဓလေ့ပွဲ နှစ်စဥ်နွှဲ

10 mins read
SarPhatနဲ့အတူနွှဲစာပေပြိုင်ပွဲ
ရိုးရာဓလေ့ပွဲ နှစ်စဥ်နွှဲ's photo

မြန်မာနိုင်ငံတွင် ယဥ်ကျေးမှုဓလေ့ထုံးတမ်းများအရ ဆယ့်နှစ်လရာသီအလိုက် ပွဲတော်များကို အလေး​ထား၍ စည်စည်ကားကား ကျင်းပလေ့ရှိကြပါသည်။ ထိုအထဲတွင်သီတင်းကျွတ်မီးထွန်းပွဲတော်သည်လည်း အပါအဝင်ဖြစ်၏။ သီတင်းကျွတ်လသည် မိုးရာသီလည်းမကုန်သေးသကဲ့သို့ ဆောင်းအကြို မြောက်ပြန်လေပြေလေညင်းများလည်း တစ်ခါတရံ တိုက်ခတ်စပြုလာသော လဖြစ်ပါသည်။ ဤလဤရာသီတွင် တောတောင်များက မြစိမ်းရောင်သမ်းလျက်ရှိကြ၏။ စွတ်စိုထိုင်းမှိုင်းမှုလည်း ရှင်းရှင်း​လင်းလင်း မပျောက်သေးသောကာလဖြစ်သည်။ ဤကဲ့သို့သော ရာသီတွင် စမ်းချောင်းကလေးများသည်လည်း ကြည်တစ်ခါနောက်တလှည့်ဖြင့် ကျွန်မတို့ယောဒေသ၏ မိုးရွာသွန်းမှုအခြေအနေကိုလိုက်၍ အရောင်ပြောင်းတတ်ကြပါသည်။ ကြာပန်းအမျိုးစုံတို့ကလည်း ကန်ရေပြင်အလယ် သူ့ထက်ငါ အပြိုင်အဆိုင်ဖူးပွင့်နေကြပြီး အလှချင်းပြိုင်နေသကဲ့သို့ ရှိကြသည်။ သီတင်းကျွတ်လသို့ရောက်လာပြီဆိုသည်နှင့် မြန်မာနိုင်ငံအနှံ့ရှိနေရာဒေသတို့တွင် မီးထွန်းပွဲတော်ကို ကျင်းပပြုလုပ်နိုင်ရန် အတွက် အလေးထားကြသည်မှာလည်း ဗုဒ္ဓဘာသာဝင်များ၏ ချစ်စဖွယ်အမူအကျင့်ပင် ဖြစ်ပါသည်။ သီတင်းကျွတ်မီးထွန်းပွဲနှင့်အတူ သက်ဆိုင်ရာဒေသများတွင် သံဃာဂေါစဂံအလိုက် ပဝါရဏာပွဲများကိုလည်း စည်ကားသိုက်မြိုက်စွာ ကျင်းပကြသေး၏။ ထို့အတူ ကျွန်မတို့ ယောဒေသတွင်လည်း ဆီမီးတစ်ထောင် ပန်းတစ်ထောင်ထွန်းညှိကပ်လှူပူဇော်ပွဲ၊ မီးကြာလှည့်ပွဲနှင့် သနပ်ခါးပါးတို့ပွဲတို့ကို ဘိုးစဉ်ဘောင်ဆက် လက်ဆင့်ကမ်းခဲ့သော ဒေသ၏ ယဉ်ကျေးမှုအမွေအနှစ်အဖြစ် နှစ်စဥ် ပြုလုပ်ကျင်းပကြပါသည်။

ဤနေရာတွင် ပဝါရဏာပွဲနှင့်ပတ်သက်၍ သိရှိမှတ်သားထားသမျှ ပြန်လည်မျှဝေလိုပါသည်။ မြတ်စွာဘုရားရှင်လက်ထက်တော်အခါက ကောသလတိုင်းရှိ ဇနပုဒ်တစ်ခုတွင် ဝါဆိုဝါကပ်ကြသော ရဟန်းတော်များသည် အချင်းချင်း ပြဿနာတစ်စုံတစ်ရာမရှိဘဲ ညီညွတ်စွာနေနိုင်ရေး၊ အငြင်းအခုံကင်း၍ ချမ်းသာစွာနေနိုင်ရေးတို့အတွက် ဝါတွင်းသုံးလကာလပတ်လုံးစကားမပြောဘဲ ဝစီပိတ်အကျင့်ဖြင့်နေကြမည်ဟု ဆုံးဖြတ်ကြ၏။ ဝစီပိတ်အကျင့်ဖြင့် ဝါဆိုဝါကပ်ကြသည်ကို ဝါကျွတ်၍ ဘုရားရှင်သိတော်မူသောအခါ ထိုအမူအကျင့်အားရှုံ့ချ၍ ထိုအမူအကျင့်ကိုကျင့်သောရဟန်းအား ဒုက္ကအာပတ်သင့်စေဟု ပညတ်တော်မူခဲ့သည်။ ထို့နောက်တွင်မှ မြတ်စွာဘုရားရှင်သည် ဝါမှထသောရဟန်းတို့အား မြင်၍ဖြစ်စေ၊ကြား၍ဖြစ်စေ၊ ယုံမှားသံသယကြောင့်ဖြစ်စေ အပြစ်တစ်စုံတစ်ရာရှိသည်ဟု ခံစားရပါက ပြေပျောက်စေရန် သံဃာအချင်းချင်းပင့်ဖိတ်၍ ပဝါရဏာပြုခြင်း(ဖိတ်ကြားခြင်း)ကို ခွင့်ပြုတော်မူခဲ့သည်ဟု လေ့လာမှတ်သားရပါသည်။

သီတင်းကျွတ်မီးထွန်းပွဲတော်သည် ဗုဒ္ဓဘာသာဝင်များအတွက် မဖြစ်မနေကျင်းပပြုလုပ်ကြသော ပွဲလည်းဖြစ်ပါသည်။ ဗုဒ္ဓမြတ်စွာဘုရားသည် တာဝတိံသာနတ်ပြည်ရှိ မယ်တော်ဖြစ်ခဲ့ဘူးသော သန္တုဿိတနတ်သားအား မွေးကျေးဇူးကိုဆပ်သောအားဖြင့် ဝါတွင်းသုံးလကာလပတ်လုံး အဘိဓမ္မာတရားတော်တို့ကို ဟောကြားတော်မူခဲ့ပြီး လူ့ပြည်သို့ ပြန်ကြွလာသည့်အချိန်ဖြစ်သကဲ့သို့ လူနတ်ဗြဟ္မာ သတ္တဝါအလုံးစုံတို့အတွက် အဘိဓမ္မာတရားတော်မြတ်ကြီး ထူးထူးခြားခြားပေါ်ထွန်းလာခဲ့သော ကာလရာသီထူးလည်းဖြစ်ပါသည်။ သီတင်းကျွတ်လပြည့်နေ့တွင် မြတ်စွာဘုရားရှင်သည် တာဝတိံသာနတ်ပြည်မှ နတ်ဗြဟ္မာအပေါင်းခြံရံလျက် သင်္ကဿနဂိုရ်ပြည်သို့ ပြန်လည်ကြွဆင်းလာခဲ့သည်။ ထိုသို့ကြွဆင်းရာတွင် သိကြားမင်းက ရွှေစောင်းတန်း၊ ငွေစောင်းတန်း၊ ပတ္တမြားစောင်းတန်းဟူသောစောင်းတန်းသုံးသွယ်တို့ကို ဖန်တီး၍ လှူဒါန်းပူဇော်ခဲ့သည်။ လက်ယာဘက်စောင်းတန်းသည် နတ်များအတွက်ဖြစ်ပြီး လက်ဝဲဘက်စောင်းတန်းသည် ဗြဟ္မာများအတွက်ရည်ရွယ်ပါသည်။ မြတ်စွာဘုရားရှင်သည် ပတ္တမြားစောင်းတန်းမှ အလွန်တင့်တယ်သပ္ပာယ်စွာ ဆင်းသက်လာခဲ့သောအခါ လူ၊ နတ်၊ ဗြဟ္မာတို့က မီးရောင်စုံတို့ဖြင့် ထွန်းညှိပူဇော်၍ ကြိုဆိုကြသည်ဟု သိရှိမှတ်သားရပါသည်။ ထိုကဲ့သို့ မြတ်စွာဘုရားရှင်အား ဆီမီးတို့ဖြင့် ထွန်းညှိပူဇော်၍ ကြိုဆိုကြသော သည်လသည်အခါအား သီတင်းကျွတ်လမီးထွန်းပွဲဟု ခေါ်ဆိုကြခြင်း ဖြစ်ပေသည်။ ထို့အတွက်ကြောင့်လည်း ကျွန်မတို့မြန်မာနိုင်ငံတွင် သီတင်းကျွတ်လ၏ မီးထွန်းပွဲအား လက်ဆင့်ကမ်းထိန်းသိမ်းလာခဲ့သည်မှာ ယနေ့ထိတိုင်ဖြစ်ပါသည်။

ယောဒေသရှိ ကျွန်မတို့ရွာကလေးတွင်လည်း သီတင်းကျွတ်လသို့ရောက်၍ အစဉ်အလာမပျက်ပြုလုပ်လာကြသော မီးထွန်းပွဲကိုပြုလုပ်မည်ဟု ရည်ရွယ်ချက်ဖြစ်ပေါ်လာပြီဆိုလျှင် ပထမဦးစွာ လူငယ်ခေါင်းဆောင်တို့သည် လူငယ်အဖွဲ့ဝင် ယောကျာ်းလေး၊ မိန်းကလေးများအား ဘုန်းတော်ကြီးကျောင်းသို့ လာရောက်ပေးပါရန် အစည်းအဝေးခေါ်ယူကြသည်။ ထို့နောက် ရွာဦးကျောင်းဆရာတော်အားအမှူးထား၍ ရပ်မိရပ်ဖလူကြီးများနှင့်စုစည်းတိုင်ပင်ကာ မည်ကဲ့သို့အကောင်းဆုံးလုပ်ဆောင်ကြမည်ကို ဝိုင်းဝန်းဆွေးနွေးကြ၏။ အကောင်းဆုံးနည်းလမ်းများကို အများ၏ သဘောတူဆုံးဖြတ်ချက်အရ ရွေးချယ်လုပ်ကိုင်ကြသည်မှာ နှစ်စဥ်နှစ်တိုင်းပင်ဖြစ်ပါသည်။

ကျွန်မတို့ရွာတွင် သီတင်းကျွတ်မီးထွန်းပွဲ ကျင်းပပြုလုပ်မည်ဟုအတည်ပြုပြီးပြီဆိုလျှင် အများသဘောတူဆုံးဖြတ်ထားသည့်အတိုင်း တာဝန်များကို ခွဲဝေယူကြရသည်။ ထိုအဖွဲ့များတွင် လူငယ်နှင့် လူကြီးပိုင်းဟူ၍ နှစ်ပိုင်းခွဲကြပြန်သည်။ လုပ်ဆောင်ရမည့်လုပ်ငန်းများအနေဖြင့်ဆိုလျှင် မီးကြာပွင့်များပြုလုပ်ခြင်း၊ ဝင်္ကပါဆောက်လုပ်ခြင်း၊ ဗုဒ္ဓရုပ်ပွားတော် ယာယီစံကျောင်းဆောင် ဆောက်လုပ်ခြင်းဟု အကြမ်းဖျင်းခွဲ၍ သူ့အစုအဖွဲ့နှင့်သူ မိမိတို့တာဝန်ကျရာအပိုင်းမှ တက်ညီလက်ညီဖြင့် လုပ်အားပေးကြပါသည်။ လူငယ်များက မီးကြာပွင့်များရရှိရန်အတွက် လိုအပ်မည့်ပစ္စည်းများကို ရှာဖွေစုဆောင်းကြရသည်။ လူလတ်ပိုင်းနှင့် လူကြီးများက ဘုရားဆောင်ဆောက်လုပ်ခြင်း၊ ငှက်ပျောပင်စိုက်ခြင်း၊ ရာဇမတ်များရက်လုပ်ကာရံခြင်း စသည့်လုပ်ငန်းများကို လုပ်ကိုင်ဆောင်ရွက်ပေးကြ၏။ ပထမအဆင့်အနေဖြင့်လူငယ်အဖွဲ့များသည် ဝင်္ကပါပြုလုပ်ရန်နှင့် မီးကြာခွက်များပြုလုပ်ရန်အတွက် ရွာအနီးဝန်းကျင်ရှိ တောအတွင်းသို့သွားကာ ဝါးခုတ်ကြရသည်။ အစုအဖွဲ့များ ခွဲထားသော်လည်း ဝါးခုတ်သွားသည့်အခါ အတူတကွသွားကြလေ့ရှိသည်။ ထိုအခါ လူငယ်များပီပီ စရင်းနောက်ရင်း ပျော်ရွှင်ရင်းဖြင့် ရိုးရာဓလေ့ကိုအကြောင်းခံသော မမေ့နိုင်စရာအမှတ်တရများစွာကိုလည်း ပိုင်ဆိုင်ခွင့်ရရှိကြပါသည်။

ရပ်ရွာထဲမှာရှိကြသော အိမ်ရှင်မအများစုကလည်း ဘုရားအမှူးရှိသော သံဃာတော်အရှင်မြတ်တို့အား အရသာရှိသော အရပ်အိမ်ရှင်မအများစုကလည်း ဘုရားအမှူးရှိသော သံဃာတော်အရှင်မြတ်တို့အား အရသာရှိသော အရပ်ဒေသလုပ်မုန့်များ လှူဒါန်းနိုင်ရန်အတွက် ဆန်နှင့်ကောက်ညှင်းတို့ကိုရေစိမ်၍ မုန့်မှုန့်များရရှိအောင် ပြုလုပ်ကြသည်။ ကောက်ညှင်းမုန့်၊ ဆန်ကြမ်းမုန့်များကို စားချင့်စဖွယ်ဖြစ်အောင် အမျိုးမျိုးလုပ်၍ ဘုရားဆွမ်းတော်ကပ်ခြင်း၊ရွာဦးကျောင်းသို့ ပို့၍လှူဒါန်းခြင်း၊ မုန့်ပဲသရေစာများကို အပျော်တမ်းအလှူခံကြသော လူငယ်များအား လှူဒါန်းပေးခြင်း၊ မိမိအိမ်သို့လာလည်သော အသိမိတ်ဆွေများအား ကျွေးမွေးခြင်းစသည်ဖြင့် ချစ်စဖွယ်အရပ်ဓလေ့တစ်ခုအား ဤအခါကာလ၌ မြင်တွေ့ရပေသည်။ ဤသို့ဖြင့် သီတင်းကျွတ်ပွဲတော်အား စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်မည့်အရေးအတွက် တစ်ရွာလုံးမှ တက်ညီလက်ညီဝိုင်းဝန်း၍ ကုသိုလ်ပါဝင်ကြပါသည်။

လူငယ်အဖွဲ့များသည် မီးကြာပွင့်များပြုလုပ်ရန်အတွက် ရွာဦးကျောင်းဝင်းအတွင်းရှိ ဓမ္မသုခဗိမ္မာန်တော်တွင် နေ့စဥ်စုစည်းရောက်ရှိလာကြသည်။ အုပ်စုအဖွဲ့အလိုက် သတ်မှတ်ထားသည့် အရေအတွက်ပြည့်မီရန်နှင့် ရရှိလာသည့်မီးကြာခွက်များကို လှပသေသပ်စေရန်အတွက် တက်တက်ကြွကြွ ညီညီညွတ်ညွတ် လုပ်ဆောင်ကြရပါသည်။ အမှန်တကယ်အားဖြင့် လှပသေသပ်ပြီး ချစ်စရာမီးကြာပွင့်ကလေးတစ်ပွင့်ဖြစ်လာရန် မလွယ်ကူလှပါ။ ရှေးဦးစွာ မီးကြာခွက်ပြုလုပ်ရန်အတွက် အောက်​ခံအဖြစ် အဓိကလိုအပ်သော လက်ပံသားကို တောထဲမှာသွားခုတ်ကြရသည်။ လက်ပံသားသည် ပွပြီး ပေါ့ပါးသောကြောင့် မီးကြာခွက်အောက်ခံအဖြစ် ရွေးချယ်အသုံးပြုကြခြင်းဖြစ်ပါသည်။ ခူဆံသားကို အသုံးပြု၍လည်းရပါသည်။ ကျွန်မတို့ရွာတွင် လက်ပံသားကိုသာ အစဉ်အဆက် သုံးစွဲခဲ့ကြပါသည်။ တောထဲမှ အသင့်အတင့်ကြီးသော လက်ပံပင်အား ခုတ်လှဲဖြတ်တောက်၍ယူလာပြီးလျှင် ထိုလက်ပံသားကို ပဥ္စဂံ၊ ဆဋ္ဌဂံပုံစံလေးများဖြစ်အောင် ပြုပြင်ကြရသည်။ ပြီးလျှင် အောက်ခံလက်ပံသား၏ အနားထောင့်စွန်းတွင် ကြာပန်း၏ ပွင့်လွှာချပ်ပုံသဏ္ဍာန်ဖြစ်အောင် အသင့်ပြုလုပ်ထားသောနှီးပြားဖြင့် ပုံဖော်ထိုးစိုက်ရသည်။ ကွေးထားသော နှီးပြားလေးများကို ပန်းစက္ကူကပ်လျှင် ကွဲထွက်မသွားစေရေးအတွက် အပ်ချည်နှင့် တွဲချည်ကြရပြန်သေး၏။ အချောသပ်ထားသောနှီး​အား လက်ပံသားအပေါက်တွင် ထိုးစိုက်လိုက်သည့်အခါ နှီး၏ကြောသားကို အတွင်းဘက်၌ ထားကြသည်။ပန်းစက္ကူကပ်လျှင် နှီးကြော၌ အစေးမကပ်မည်စိုးသောကြောင့် ထိုကဲ့သို့ထားခြင်းဖြစ်ပါသည်။

ထို့နောက် ပုံဖော်ပြီးသော မီးကြာခွက်အပေါ်တွင် ရောင်စုံစက္ကူများကပ်၍ အလှဆင်ကြပါသည်။ ပန်းစက္ကူကပ်သည့်အခါ၌လည်း ကော်အစား ဥသျှစ်စေးကို အသုံးပြုကြပါသည်။ ဥသျှစ်ပင်မှ ဥသျှစ်သီးအစိမ်းများအား ခူးယူကြပြီး အလယ်မှ ထက်ဝက်ပိုင်းလိုက်သည်။ ထိုအခါအကန့်လိုက်ရှိနေသော ဥသျှစ်စေးတို့ကို တုတ်ချောင်းသေးသေးကလေးဖြင့် ကော်ယူပြီး မီးကြာခွက်၏ နှီးကိုင်းလေးများတွင် သုတ်လိမ်းကြသည်။ ပြီးလျှင် အသင့်ညှပ်ထားသော ပန်းစက္ကူဖြင့် ကပ်ကြ၏။ မီးကြာခွက်တွင် ပန်းစက္ကူကပ်ပြီးလျှင် ခွက်၏ အခြေပတ်လည်၌ ယာယီချိုးသောပန်းစက္ကူတစ်မျိုးကို ပုံဖော်ညှပ်ထုတ်ပြီး အနားသတ်ကပ်ရပြန်သည်။ ဒေသအခေါ်အားဖြင့် ဖင်မွှေးကပ်သည်ဟုလည်း ပြောကြပါသေးသည်။ မီးကြာခွက်၏ အောက်ဘက်အလယ်တည့်တည့်တွင်အရိုးတံပြုလုပ်မည့် တုတ်ချောင်းထိုးရန်အတွက် အပေါက်တစ်ပေါက်ကိုလည်း ဖောက်၍ထားသေးသည်။ ထိုအပေါက်တွင်ထိုးသော လက်ကိုင်တုတ်ချောင်းလေးကိုလည်း လှပအောင် အလှစက္ကူအထူကို ပုံဖော်ညှပ်ထုတ်ပြီး ဥသျှစ်စေးဖြင့်ကပ်ကြသည်။ မကျည်းရွက်ကပ်သည်ဟုလည်း ခေါ်ကြပါသည်။ ထိုတုတ်ချောင်းကလေးအား မီးကြာပွင့်နှင့် တွဲဖက်ပေးလိုက်သောအခါ ပြီးပြည့်စုံသော ကြာပွင့်သဏ္ဍာန် မီးကြာပွင့်လေးတစ်ပွင့်ကို ရရှိသွားခဲ့ပြီဖြစ်ပါသည်။

သီတင်းကျွတ်လရာသီတွင် ပွင့်သောပန်းမှာ ကြာပန်းဖြစ်သောကြောင့် ထိုကြာပန်းလေးများအား လရာသီပွဲ၏ အမှတ်သင်္ကေတအဖြစ် အထွတ်အမြတ်ထား၍ ပုံဖော်ခြင်းဖြစ်သည်။ မီးကြာခွက်ကလေးများကို ကြာပန်းများပွင့်နေသကဲ့သို့ ဖန်တီးပြုလုပ်ကြသောကြောင့် မီးကြာခွက်ဟု ခေါ်ကြဟန်လည်းတူပါသည်။ သီတင်းကျွတ်မီးထွန်းပွဲတော်သည် အများနှင့်သက်ဆိုင်သော ရိုးရာဓလေ့ပွဲဖြစ်ခြင်းကြောင့် တစ်ဦးတစ်ယောက်ကောင်းဖြင့် မဖြစ်နိုင်ပါ။ မည်သည့်နေရာတွင်ကျင်းပသည်ဖြစ်စေ လူငယ်၊လူလတ်၊လူကြီးပိုင်းအထိ နိုင်ရာတာဝန်များကို ခွဲဝေယူကြပြီး လုပ်ဆောင်စရာရှိသည်များကို မခိုမကပ်ဘဲ လုပ်ဆောင်ကြရပါသည်။

မီးကြာပွင့်များပြုလုပ်ပြီးသောအခါ မီးကြာကိုင်ကြမည့် မိန်းမပျိုလေးများအား တစ်ဦးလျှင် ငါးပွင့်နှုန်းဖြင့် ဝေပေးကြ၏။ မိန်းကလေးတစ်ယောက်၏ မီးကြာအုပ်မှာ အများဆုံးမီးကြာပွင့်ငါးပွင့် ရှိကြပါသည်။ ကလေးငယ်လေးများတွင် သူတို့သယ်ယူကိုင်ဆောင်နိုင်မည့် အနေအထားအလိုက် တစ်ပွင့်၊နှစ်ပွင့်၊ သုံးပွင့် စသဖြင့် ကိုင်ဆောင်ကြ၏။

မီးကြာပွင့်များပြုလုပ်ဝေငှပြီးသောအခါ မီးကြာအုပ်ပြုလုပ်ရမည့်အပိုင်းကို လူငယ်အမျိုးသားလေးများမှ တာဝန်ယူ၍ ဦးဆောင်လုပ်ကိုင်ကြပါသည်။ မီးကြာကိုင်ကြမည့် အမျိုးသမီးလေးများက မိမိတို့၏ မောင်းထောင်ခွက်(ဒေသအခေါ် သံမောင်းထောင်)ကို အမှတ်သင်္ကေတဖြင့်မှတ်သားပြီး ယောကျ်ားလေးများကိုပေး၍ မီးကြာအုပ်များ ပြုလုပ်ခိုင်းရပါသည်။ ယောကျ်ားလေးများက ခွဲဝေဖွဲ့စည်းထားသည့်အဖွဲ့အတွင်းပါဝင်သော မိန်းကလေးများ၏ မီးကြာအုပ်များကို လှပသေသပ်ရန် ဂရုတစိုက်ဖြင့် ပြုလုပ်ပေးကြပုံများသည် ကျွန်မတို့ဒေသရှိ ကျေးလက်တောရွာများ၏ ချစ်ဖွယ်ကောင်းသော ယဉ်ကျေးမှုဓလေ့၏ လှပသည့်ပုံရိပ်တစ်ခုပင် ဖြစ်ပါသည်။ သံမောင်းထောင်ထဲတွင် အလျား (၂)တောင်ခန့်ရှိမည့်ငှက်ပျောပင်ငယ်များကို သံမောင်းထောင်အလယ်တည့်တည့်တွင် လှပသေသပ်စွာ စိုက်ထူကြသည်။ ထိုငှက်ပျောပင်ကို လဲကျမသွားစေရန်ဘေးပတ်လည်မှ ငှက်ပျောသားများဖြင့် တင်းတင်းကြပ်ကြပ် ထိန်းမတ်ပေးထားရသေးသည်။

ထိုကဲ့သို့ ပြုလုပ်ပြီးသော မီးကြာအုပ်၏ ငှက်ပျောပင်ထိပ်ဖျားတွင် မီးကြာတစ်ပွင့်ကို ထိုးစိုက်လိုက်ပြီး အခြေဘေးပတ်လည်မှာ လေးပွင့်ထိုးစိုက်ကြ၏။ လှပသောမီးကြာအုပ်လေးကို လှသထက်ပိုလှအောင် အလှပန်းစက္ကူများဖြင့် ပြုလုပ်ထားသော နှင်းဆီပွင့်များအား ဝန်းရံ၍ထိုးစိုက်ပေးလိုက်သည့်အခါ အလှတွင်အယဥ်ဆင့်ဆိုသကဲ့သို့ ပြီးပြည့်စုံသော မီးကြာအုပ်လေးကို ရရှိပိုင်ဆိုင်သွားခဲ့ပြီ ဖြစ်ပါသည်။

ဤအဆင့်ထိရောက်ရှိလာအောင် လူငယ်လူလတ်ပိုင်းများသည် မိုးလင်းချိန်မှစ၍ နေဝင်ချိန်အထိ အချိန်ပေးကာ ဇွဲရှိရှိဖြင့် လုပ်ဆောင်ကြရပါသည်။ တစ်နေ့တစ်ရက်ဖြင့် ပြီးနိုင်သောအလုပ်မျိုးမဟုတ်ပေ။ သုံးလေးရက်အချိန်ပေး၍ တက်ညီလက်ညီ လုပ်ဆောင်မှ အောင်မြင်စွာ ပြုလုပ်ပြီးစီးနိုင်သည့် အလုပ်မျိုးဖြစ်သည်။

နောက်တစ်မျိုးမှာ ဝင်္ကပါဆောက်လုပ်ခြင်းဖြစ်ပါသည်။ ထိုအပိုင်းအား ရပ်ရွာလူကြီးများမှ တာဝန်ယူ၍ ဆောက်လုပ်​ပေးကြပါသည်။ ဝင်္ကပါဆိုသည်မှာ အကွေ့အကောက်ပေါင်း မြောက်များစွာနှင့်တန်ဆာဆင်ထားပြီး လူတို့ကို မျက်စိလည်စေနိုင်သော အဆောက်အဦးမျိုး ဖြစ်ပါသည်။ ဝင်္ကပါဟူသော ဝေါဟာရအသုံးအနှုန်းတစ်ခု ပေါ်ပေါက်လာပုံကိုလည်း နိပါတ်တော်များတွင် စိတ်ဝင်စားဖွယ် ဖတ်ရှုလေ့လာရပါသည်။ အလောင်းတော်ဝေဿန္တရာမင်းကြီးသည် တိုင်းပြည်၏ရတနာဖြစ်သော ဆင်ဖြူတော်ကိုပုဏ္ဏားတို့အားလှူဒါန်းလိုက်၏။ ထိုအခါ ပြည်သူတို့ မနှစ်သက်ကြသည်ကို အကြောင်းပြု၍ ခမည်းတော် သိဥ္ဇည်းမင်းကြီးက တိုင်းသူပြည်သားများ၏ ညိုငြင်မှုမှ ကင်းဝေးပြေပျောက်စေရန် သားတော်ဝေဿန္တရာမင်းအား ဝင်္ကပါတောင်ကို နှင်လွှတ်ခဲ့သည်။ ဝင်္ကပါတောင်သို့သွားရာလမ်းတစ်လျှောက် အကွေ့အကောက် အလှည့်အပြောင်းနှင့် တောတောင် လျှိုမြောင်အထပ်ထပ်ကို ကွေ့ပတ်ပြီး ဖြတ်သန်းလာခဲ့ရ၏။ ထိုတောင်ကို အစွဲပြုပြီး ဝင်္ကပါဟု ခေါ်တွင်ခဲ့ကြခြင်းဖြစ်သည်ဟု သိရှိမှတ်သားခဲ့ရခြင်းဖြစ်ပါသည်။

ဝင်္ကပါဆောက်လုပ်မည်ဆိုလျှင် ပထမအဆင့်အနေဖြင့် ပန္နက်ရိုက်ကြရ၏။ ထို့နောက်အကွက်များချ၍ အသင့်ပြုလုပ်ထားသော ဝါးတိုင်များကို စိုက်ထူကြပါသည်။ ဝါးလုံးအရှည်များကို ထက်ခြမ်းခွဲ၍ စိုက်ထူထားသောဝါးတိုင်တွင် နှီးဖြင့်ထပ်၍ ချည်လိုက်ကြ၏။ ဤသို့ဖြင့် တစ်ယောက်တစ်လက် စည်းစည်းလုံးလုံး ပြုလုပ်ကြသောကြောင့် နောက်ဆုံးတွင် ပုံစံချထားသော ဝင်္ကပါတစ်ခုအခြေသို့ ရောက်ရှိလာခဲ့ပါသည်။ မီးထွန်းပွဲတော်ကျင်းပသောညများတွင် ဝင်္ကပါ၏အကာအရံတိုင်များပေါ်၌ ဆီမီးများကို ထွန်းညှိပူဇော်ကြ၏။ ဆီမီးဖြင့်မပြတ်တမ်းပူဇော်နိုင်ရေးအတွက် ဆီမီးခွက်တွင် ဆီရှိရန်လိုအပ်ပါသည်။ လိုအပ်နေသောဆီ ရရှိရန်အတွက်ကိုလည်း လူငယ်များမှ ရပ်ရွာအတွင်းအလှူခံထွက်ကြရသည်။ အမျိုးသမီးကြီး သုံးလေးယောက်မှ ဦးဆောင်ပြီး အလှူခံ၍ ရရှိသောဆီများဖြင့် ဆီးမီးထွန်းညှိပူဇော်ရန် လာသူများအား မိမိတို့စိတ်တိုင်းကျ ပူဇော်နိုင်ရန် စီမံခန့်ခွဲပေးရပါသည်။

မီးကြာလှည့်သည့်အခါ ရွာအနောက်ပိုင်းတွင်စုရပ်ထား၍ စတင်လှည့်လည်ခဲ့ကြပြီး ရွာဦးဘုန်းတော်ကြီးကျောင်းမှာ အဆုံးသတ်ကြပါသည်။
ကျောင်းဝင်းထဲသို့ရောက်ပြီဆိုလျှင် ဝင်္ကပါထဲသို့ တန်းမဝင်ကြသေးဘဲ သနပ်ခါးပါးတို့ပွဲကို ဆက်လက်ကျင်းပကြသည်။ သနပ်ခါးပါးတို့မည့်သူများသည် သနပ်ခါးအမှုန့်ဘူးမှ တို့ဖတ်တို့ဖြင့်တို့ယူ၍ မီးကြာကိုင်သူများကို ပါးတို့ပေးရန် အသင့်စောင့်ဆိုင်းနေကြရသည်။ မှန်ကိုင်ဆောင်သော အမျိုးသားလေးများကလည်း မှန်ဘောင်ပေါ်တွင် ဖယောင်းတိုင်မီးများထွန်းလျက် မှန်ပြရန် စောင့်နေကြရသည်။ မီးကြာကိုင်ဆောင်ကြသော ရှေ့ဆုံးကလေးများမှစ၍ နောက်ဆုံးမိန်းမပျိုလေးများအထိ သနပ်ခါးမှုန့်ဖြင့် ပါးတို့ကြသည်။ ပါးတို့ခံရပြီးလျှင် မှန်ထဲကြည့်၍ အဆင်ပြေအောင် ပြင်ဆင်ကြရပြန်သည်။ သနပ်ခါးပါးတို့ခြင်းသည် တစ်ဦးနှင့်တစ်ဦး ချစ်ခင်ကြင်နာခြင်း၊ လှိုက်လှိုက်လှဲလှဲကြိုဆိုခြင်း၊ နွေးထွေးဖော်ရွေခြင်းစသော အဓိပ္ပာယ်ကို ဆောင်ပါသည်။

ယောဒေသရှိ ကျွန်မတို့ရွာကလေးတွင်သီတင်းကျွတ်လဆန်း (၁၃)ရက်နေ့မှ လပြည့်ကျော်(၁)ရက်နေ့အထိ မီးထွန်းပွဲတော်ကို လေးညတိုင်တိုင် စည်ကားသိုက်မြိုက်စွာ ပြုလုပ်ကျင်းပ ပူဇော်ကြပါသည်။ မီးကြာကိုင်အမျိုးသမီးလေးများသည် ဖူးသစ်စပန်းကလေးများပမာ လှချင်တိုင်းလှပနေကြ၏။လူငယ်ယောကျ်ားလေးများက ဝံမရုပ်အက၊ အိုးစည် ဒိုးပတ်ဝိုင်း၊ခေတ်ပေါ်ဆောင်းဘောက် များဖြင့် ကခုန်ပျော်ပါးခဲ့ကြသည်။ မီးရှူးမီးပန်းများဖောက်သူကဖောက်၍၊ မီးပုံးပျံလွှတ်သူကလွှတ်ကြသည်။ ဤသို့ဖြင့် မီးထွန်းပွဲတော်ကျင်းပသည့်ညများသည် ရပ်ရွာထဲမှ လာရောက်ကြည့်ရှုသူများဖြင့် အလွန် ပျော်ရွှင်စရာကောင်းလှပါသည်။

ဝင်္ကပါထဲ၌ လှည့်လည်ပူဇော်ပြီးသောအခါ ဓမ္မသုခဗိမာန်တော်ထဲတွင် မြတ်ဘုရားကို ရည်မှန်းပြီး ဆီမီးတစ်ထောင်၊ ပန်းတစ်ထောင်၊ အမွှေးနံ့သာတိုင်တစ်ထောင်ကို တစ်ယောက်မှ နောက်တစ်ယောက်ဆက်ကာဆက်ကာ လက်ဆင့်ကမ်း၍ လှူဒါန်းပူဇော်ကြသည်။ ကျောင်းသူလေးများက အကအလှနှင့်တစ်ဖွဲ့ပြီးတစ်ဖွဲ့ ကပြဖျော်ဖြေကြပြန်သည်။ လူငယ်လေးများကလည်း တေးသီချင်းများသီဆို၍ လာရောက်ကြည့်ရှုသူများကို စိတ်အပန်းပြေစေခဲ့ကြပါသည်။ ပန်းကမ်းမီးကမ်းပြီးသွားလျှင် ဆရာတော်မှ ငါးပါးသီလပေး၏။ ဤတစ်နေ့တာအတွက် ကောင်းမှုကုသိုလ်အစုစုတို့ကို ဝေနေယျသတ္တဝါတို့အား အမျှအတမ်း ပေးဝေပြီး သာဓုခေါ်ဆိုကြပါသည်။

လပြည့်ကျော်(၁)ရက်နေ့မနက်ပိုင်းတွင် ရွာဦးဘုန်းတော်ကြီးကျောင်းမှ ရဟန်းသံဃာတော်များကို လူကြီးလူငယ်မကျန် စုံညီစွာကန်တော့ရန် လာရောက်ကြပါသည်။ ကံသုံးပါးတွင် တစ်ပါးပါးသောကံဖြင့် ပြစ်မှားမိခဲ့သော အပြစ်များရှိခဲ့လျှင် ပြေပျောက်စေရန်၊ ခွင့်လွှတ်ပေးပါရန် ဝန်ချတောင်းပန်ကန်တော့ကြခြင်း ဖြစ်ပါသည်။ ဆရာတော်များကို ကန်တော့ရန်လာကြသော ဒါယကာ၊ဒါယိကာမများက မိမိတို့တတ်နိုင်ရာ လှူဖွယ်ဝတ္ထုပစ္စည်းများကို ယူဆောင်လာခဲ့ကြ၏။

ရွာဦးကျောင်းဆရာတော်က ကန်တော့လာကြသော ရွာသူရွာသားများကို တရားဓမ္မတို့ဖြင့် ဟောကြားချီးမြှင့်ပေး၏။ အိမ်တိုင်းအိမ်တိုင်းက ညနေပိုင်း၊ညပိုင်းတို့တွင် မိမိတို့၏ ဆွေမျိုးသားချင်းများထဲက လူကြီးမိဘဆရာသမားတို့နှင့် သက်ကြီးဝါကြီးတို့အား မိမိတို့တတ်နိုင်ရာ ဝတ္ထုပစ္စည်းများဖြင့် သွားရောက် ကန်တော့ကြပါသည်။

သီတင်းကျွတ်လပြည့်ကျော်(၂)ရက်နေ့တွင် ကျေးရာအုပ်စုထဲ၌ပါရှိသောရွာများမှ ဆရာတော်များအားပင့်ဖိတ်၍ ကန်တော့ကြပြန်ပါသည်။ မကြာသေးသော နှစ်ကာလများက တစ်ရွာနှင့်တစ်ရွာလှည့်လည်သွားလာ၍ အရပ်ပြဇာတ်အဖွဲ့များဖြင့် သွားရောက်ကန်တော့ကြသည်။ ယခုခေတ်မှာဖြင့် မိမိတို့ရပ်ရွာသို့ ပင့်ဖိတ်၍ တတ်နိုင်သမျှ လှူဖွယ်ပစ္စည်းများဖြင့်သာ ကန်တော့ကြပါတော့သည်။

လူငယ်အဖွဲ့များမှလည်း ကျေးရွာအတွင်း မှီတင်းနေထိုင်ကြသော အသက် (၇၀)ကျော် အဖိုးအဖွားများအား သီးသန့်ဖိတ်ကြား၍ ကန်တော့ကြသည့် သက်ကြီးပူဇော်ပွဲကိုပါ လုပ်ဆောင်ကြသည်။ "ဂါရဝေါစ- ရိုသေထိုက်သောသူတို့ကို ရိုသေခြင်းသည်လည်း မင်္ဂလာတစ်ပါး"၊ "နိဝါတောစ- မိမိကိုယ်ကိုယ်နှိမ့်ချခြင်းသည်လည်း မင်္ဂလာတစ်ပါး" ဟူသည့်အတိုင်း သက်ကြီးပူဇော်ပွဲကို ပြုလုပ်ကြခြင်းဖြစ်ပါသည်။ ကန်တော့ပြီးသည့်အခါ
အဖိုးအဖွားတို့က အသက်ရှည်ရာ အနာမဲ့ကြောင်း ကောင်းမြတ်သော အမျိုးကောင်းသားသမီးများဖြစ်စေရန်၊ ဘေးဘဟာဝေးကွာ၍ သွားလေရာလာလေရာ ခလုတ်မထိဆူးမငြိစေရန် ၊အဆုံးဘဝနောင်ကာလမှာ အရိယာသူတော်ကောင်းကြီးတို့ပျော်စံရာ နိဗ္ဗာန်ချမ်းသာ တရားထူးတရားမြတ်ကိုရကြ ရောက်ကြပါစေကြောင်း ဆုမွန်ကောင်းများ တောင်းပေးကြပါသည်။ သက်ဖြင့်ကြီးသောသူ၊ ဝါဖြင့်ကြီးသောသူတို့ကို ပူဇော်ကန်တော့ကြခြင်းသည်လည်း မင်္ဂလာတစ်ပါးပင် ဖြစ်ပါသည်။

ကျွန်မတို့၏ ယောဒေသ၌နေထိုင်ကြသော ယောသူယောသားများသည် ယောဓလေ့ရိုးရာ မီးကြာလှည့်ပွဲ၊သနပ်းခါးပါးတို့ပွဲတို့ကို ရှေးနှစ်ပေါင်းများစွာမှ ယနေ့ခေတ်ကာလအထိ နှစ်စဥ်နှစ်တိုင်း ပြုလုပ်ကျင်းပခဲ့ကြပါသည်။ မျိုးဆက်သစ်လူငယ်များမှလည်း မိမိတို့၏ ဓလေ့ရိုးရာယဥ်ကျေးမှုများ တိမ်ကောပပျောက်မသွားစေရေးအတွက် ပွဲတော်များကို နှစ်စဥ်မပျက်ပြုလုပ်၍ ရိုးရာဓလေ့များကို ထိန်းသိမ်းသွားသင့်ပါသည်။ ဖွားဖွားတို့ခေတ်တုန်းကဆိုလျှင် မီးကြာလှည့်ပွဲကျင်းပသည့်အခါ တိုးအကများ ပါသည်ဟု ပြောဖူးပါသည်။ ဤယဥ်ကျေးမှု ဓလေ့ရိုးရာကို ခေတ်အဆက်ဆက် မျိုးဆက်သစ်တို့ထံ လက်ဆင့်ကမ်း မထိန်းသိမ်းခဲ့ကြ၍ ယခုချိန်၌ တိုးအကဆိုသည်မှာ မည်သို့သောအရာမျိုးဖြစ်သည်ကို မသိကြတော့ပါပေ။

သီတင်းကျွတ်မီးထွန်းပွဲတော်သည် လူငယ်၊ လူလတ်၊ လူကြီးများသိုက်သိုက်ဝန်းဝန်းဖြင့် တက်တက်ကြွကြွပါဝင်လုပ်ဆောင်ကြသည့် ပွဲတော်မျိုးဖြစ်သောကြောင့် စည်းလုံးညီညွတ်ခြင်း၏ သရုပ်ကို ဖော်ထုတ်ပြသရာလည်း ရောက်ပါသည်။ ခေတ်များ မည်သို့ပင်ပြောင်း​သွားပါစေ။ ယောဒေသ၏ ချစ်စဖွယ်ရိုးရာဓလေ့များကိုဖြင့် မပျောက်ပျက်အောင် ဒေသခံနယ်သူနယ်သားများမှ ထိန်းသိမ်းသွားကြရမည်ဖြစ်ပါသည်။ တစ်နှစ်မှတစ်ခါသာ ကျင်းပပြုလုပ်ခွင့်ရသည့် ရိုးရာဓလေ့ပွဲဖြစ်ခြင်းကြောင့်လည်း နှစ်စဥ်မပျက် ပြုလုပ်သွားနိုင်ရန် ကြိုးစားသွားကြရမည်မှာ မျိုးဆက်သစ်များ၏ အဓိကတာဝန်သာဖြစ်ပါကြောင်း တိုက်တွန်းရေးသားလိုက်ရပါတော့သည်။

သန်းမြင့်ဝေဝေ(ယောမြေ)

Keep Reading

"အရိုးကို အရွက်မဖုံးနဲ့" --------------------မြန်မာနှင့်သင်္ကြန်၊ သင်္ကြန်နှင့် ပိ​တောက်"စိတ်ဓာတ်ရင့်ကျက်စေဖို့....."မြန်မာတို့ရဲ့ သင်္ကြန်"လူမှုပတ်ဝန်းကျင်၌လိုက်လျောညီထွေနေထိုင်တတ်မှု(Adaptable In Society)"ပျောက်ကွယ်မသွား၊အမွေအနှစ်များ"စာပေ၏အသက်ရှင်မှုအချစ်ကို အသုံးချတတ်ရင်လဲ အောင်မြင်ဖို့အတွက်တွန်းအားပထမဆုရှင်အိမ်ထောင် ငရဲ