Author's Profile Photo

Rachel

17/11/2024

တူယှဉ်နွှဲပျော် သီတင်းကျွတ် တန်ဆောင်တိုင် အခါသမယပွဲတော်များ

10 mins read
SarPhatနဲ့အတူနွှဲစာပေပြိုင်ပွဲ
တူယှဉ်နွှဲပျော် သီတင်းကျွတ် တန်ဆောင်တိုင် အခါသမယပွဲတော်များ's photo

“ဘုံကထိန် ဘုံကထိန် ဘုံကထိန် လှည့်လို့လာ” ဟူသော သီချင်းသံနှင့်အတူ မြန်မာတို့၏ အကြီးမားဆုံး ဆယ့်နှစ်လရာသီပွဲတော်များအနက် သင်္ကြန်ရေသဘင်ပွဲ၊ ဝါဆိုသင်္ကန်းကပ်ပွဲ၊ ထမနှဲထိုးပွဲကဲ့သို့ပင် မြန်မာ့အထင်ကရယဉ်ကျေးမှုနှင့် အမွေအနှစ်ဖြစ်သော မီးပူဇော်ပွဲတော်များဖြစ်သည့် သီတင်းကျွတ်ပွဲတော်နှင့် တန်ဆောင်တိုင်ပွဲတော်တို့ ဆင်နွှဲသည့် အချိန်အခါသို့ ရောက်ရှိလာချေပြီ ဖြစ်သည်။ သီတင်းကျွတ်ဆီမီးပူဇော်ပွဲတော်သည် မြန်မာနိုင်ငံတွင် အထူးထင်ရှားသော ဆီမီးပူဇော်သည့် ဘုရားပွဲတော်တစ်ခုဖြစ်ပြီး မြတ်စွာဘုရာရှင်က အဘိဓမ္မာတရားတော်ကို ဟောကြားခဲ့သည့် အဘိဓမ္မာအခါတော်နေ့လည်း ဖြစ်သည်။ မြတ်စွာဘုရားရှင်သည် တာဝတိ’သာနတ်ပြည်တွင် အဘိဓမ္မာခုနှစ်ကျမ်းကို ဟောကြားတော်မူပြီး လူ့ပြည့်သို့ ပြန်လည်သက်ဆင်းသည့် ကာလတွင် ဆီမီးများဖြင့် လူနတ်ဗြဟ္မာတို့ ကြိုဆိုပူဇော်ကြသော ရက်မြတ်လည်း ဖြစ်ပေသည်။ ထို့ကြောင့်ပင် နိုင်ငံတစ်ဝှမ်းဒေသအသီးသီး၌ မြတ်စွာဘုရားကို ရည်မှတ်၍ ဆီမီးပူဇော်ပွဲများကို ကျင်းပလေ့ရှိကြခြင်းဖြစ်သည်။သီတင်းကျွတ်ဆီမီးထွန်းပွဲတော်သည် မြန်မာ့ဗုဒ္ဓဘာသာ ယဉ်ကျေးမှု ရိုးရာပွဲတော်များအနက် အထင်ရှားဆုံး ပွဲတော် တစ်ခုဖြစ်သည်။ ယင်းပွဲတော်ကို သီတင်းကျွတ်လပြည့်ညတွင် ကျင်းပလေ့ရှိသည်။ ပွဲတော်တွင် မီးပုံးပျံများကိုလည်း အသုံးပြုကြသေးရာ မီးပုံးပျံသည် ဆောင်းရာသီကာလ၌ ငြိမ်းချမ်းမှုနှင့် ပျော်ရွှင်မှုရရှိစေမှုကို အဓိပ္ပာယ်ရှိသည်ဟုလည်း သိရှိရပါသည်။ ဆီမီး၏ အလင်းရောင်သည် အလင်းမရှိသောနေရာများအတွက် မေတ္တာနှင့် ငြိမ်းချမ်းမှုရဲ့ အနုပညာတစ်ခုအဖြစ်လည်း အဓိပ္ပါယ်ရပေသည်။
မြတ်စွာဘုရားရှင်သည် မယ်တော်၏ကျေးဇူးကို ကျေးဇူးဆပ်လို၍ ဟောကြားခဲ့ခြင်းလည်းဖြစ်ရာ သီတင်းကျွတ်အခါသမယတွင် ငယ်သူမှ ကြီးသူများကို ကျေးဇူးသိတတ်သည့် သဘော ကျေးဇူးဆပ်သည့်သဘောဖြင့် ကျူးလွန်ခဲ့သော အပြစ်များရှိလျှင်ကျေအေးပါစေကြောင်း ဝန်ချတောင်းပန် ကန်တော့သော ကန်တော့ပွဲအစဉ်အလာလည်း ဖြစ်ပေါ်လာခဲ့ခြင်း ဖြစ်ပေသည်။မိဘဘိုးဘွားများအား ဂါရဝပြုကန်တော့ခြင်း၊ ဆရာသမားများအား ဝန်ချကန်တော့သည့် သီတင်းကျွတ် ကန်တော့ပွဲအချိန်အခါလည်း ဖြစ်သည်။ မိုးရာသီစတင်သည့် ဝါဆိုလ၊ဝါခေါင်လ၊တော်သလင်းလဟူသော ဝါတွင်းကာလတွင် ရဟန်းတော်များသည် အခြားမည့်သည့်အရပ်သို့ သွားလာခြင်းမပြုဘဲ တစ်နေရာတည်းတွင်နေထိုင်ပြီး တရားကျင့်ကြံခြင်းအမှုကို ပြုကျင့်ကြရာ ဝါလကင်းလွတ် သီတင်းကျွတ်အချိန်အခါသမယဖြစ်သော သီတင်းကျွတ်အချိန်အခါသမယတွင် ထိုရဟန်းတော်များ၏အကျင့် သီလ သိက္ခာကို ပူဇော်ကြသည့် အလေးအမြတ်ထားရာ မင်္ဂလာအပေါင်းနှင့် ခညောင်းလှသော အခါသမယလည်းဖြစ်ပေသည်။
မြန်မာ့ယဉ်ကျေးမှုနှင့် ဘာသာရေး၏ အထင်ကရဖြစ်သော သီတင်းကျွတ် ဆီမီးပူဇော်ပွဲတော်သည် ရိုသေလေးစားမှု၊ ငြိမ်းချမ်းမှုနှင့် မေတ္တာတရားကို အလှဆင်ကာ ရိုးရာယဉ်ကျေးမှုကို ဖော်ဆောင်သည့် ပွဲတော်တစ်ခုလည်းဖြစ်သည်။ ဆီမီးထွန်းအလှဆင်မှုအနေဖြင့်လည်း နိုင်ငံအတွင်း ဒေသအလိုက် ကျင်းပလျှက်ရှိရာ မီးလုံးများ၊ ဆီမီးတိုင်များကို ရပ်ကွက်နီးနား၊ ဘုရားကျောင်းများတွင် အလှဆင်လေ့ရှိသည်။ ဆီမီးပူဇော်ပွဲများကို ခေတ်နှင့်အညီပြောင်းလဲမှုများနှင့်အညီ ယဉ်ကျေးမှုနှင့် နည်းပညာပေါင်းစပ်၍ မီးရောင်အလှဆင်မှုတွင် LED နည်းပညာအသုံးပြုမှုဖြင့် အလှဆင်မှုများလည်းရှိကြသည်။ လက်ရှိကာလတွင်လည်း သီတင်းကျွတ်ဆီမီးထွန်းပွဲတော်များကို နိုင်ငံတစ်ဝှမ်း စည်ကားစွာ ကျင်းပနေကြရာ ရန်ကုန်၊ မန္တလေးနှင့် အခြားမြို့ကြီးများတွင် ဆီမီးပူဇော်ပွဲများကျင်းပပြီး မီးပုံးပျံလွှတ်ပွဲများ၊ ဖျော်ဖြေတင်ဆက်မှုများကို စည်ကားသိုက်မြိုက်စွာ စုပေါင်း ဆင်နွှဲကြသည်။ထိုသို့ဆင်နွှဲရာတွင် ဆီမီးအလှဆင်မှုများကို အတူတကွပေါင်းစည်းလုပ်ဆောင်ခြင်းဖြင့်  ရပ်ကွက်အသင်းအဖွဲ့တို့၏ ပူးပေါင်းဆောင်ရွက်မှုများကြောင့် လူမှုရေးသက်ဆိုင်ရာ စည်းလုံးညီညွတ်မှုများလည်း တိုးပွားစေသည်.  အချုပ်အားဖြင့် ဆီမီးထွန်းပွဲသည် သီတင်းကျွတ်လ၏ အထင်ကရတစ်ခုလည်းဖြစ်ရာ မြန်မာ့ယဉ်ကျေးမှုနှင့် ဘာသာရေးကို အတူတကွ ထိန်းသိမ်းတိုးတက်စေရန် အဓိကကျသော ဤသီတင်းကျွတ်မီးပူဇော်ပွဲတော်သည် မြန်မာပြည်သူများအတွက် ထိန်းသိမ်းသင့်သော အမွေအနှစ်တစ်ရပ်အဖြစ် အမြဲတမ်း တည်ရှိနေမည်ဖြစ်ပြီး သီတင်းကျွတ်ပြီးလျှင် ရောက်ရှိမည့် တန်ဆောင်တိုင်ပွဲတော်အကြောင်းကိုလည်း ဖော်ပြလိုပါသည်။
         သီတင်းကျွတ်မီးထွန်းပွဲကဲ့သို့ပင် နိုင်ငံတစ်ဝှမ်း ဆင်နွှဲကြသော ထင်ရှားကျော်ကြားသည့် တန်ဆောင်တိုင်ပွဲတော် အချိန်အခါသို့ ရောက်ရှိလာချေပြီ ဖြစ်သည်။ မိုးဦးကာလပြီးဆုံး၍ ဆောင်းရာသီ၏ အစဖြစ်သည့် တန်ဆောင်မုန်းလ အချိန်အခါတွင် ကျင်းပသော တန်ဆောင်တိုင် ပွဲတော်သည် ယဉ်ကျေးမှုနှင့် ဘာသာရေး ခမ်းနားမှုကို ဖော်ထုတ်ပြသသောပွဲတော်တစ်ခု သာမက ပွဲတော်အတွင်း စုပေါင်းလုပ်ဆောင်မှုများကို ပြုလုပ်ခြင်းဖြင့် လူ့ဘောင်အဖွဲ့ အစည်အတွင်း မျှတမှုနှင့် ချစ်ကြည်စည်းလုံးညီညွတ်မှုကို ဖော်ကျူးပေးသော ဆီမီထိန်ထိန်ညီး ဆိုင်းသံဗုံသံတခြိမ့်ခြိမ့်နှင့် ထမင်းရည်ချောင်းစီး မောင်းတီးလှူ တတ်သည့် မြန်မာတို့၏ ချစ်စရာဓလေ့ကို ဖော်ကျူးပေးသော မြိုင်မြိုင်ဆိုင်ဆိုင် လတန်ဆောင်တိုင်လည်း ဖြစ်သည်။
         တန်ဆောင်မုန်းလပြည့်နေ့တွင် ဘုရားရှင်သည် အဇာတသတ်မင်းအား ရဟန်းပြု ရခြင်း၏ အကျိုးများ အကြောင်းဖြစ်သော သာမညဖလသုတ္တန်တရားတော် ကို ဟောကြားတော်မူခဲ့သဖြင့် တန်ဆောင်မုန်းလပြည့်နေ့ကို သာမညဖလ အခါတော်နေ့ ဟုလည်း ခေါ်တွင်ကြသည်။ တန်ဆောင်မုန်းလပြည့်နေ့တွင် နတ်လူသတ္တဝါများ အားလုံးတို့သည် အလင်းရောင်ဖြင့် မြတ်စွာဘုရားအား ပူဇော်ခဲ့ကြသည့်အလေ့အထကို ရှေးယခင်ကပင်း စတင်ခဲ့ကြောင်းသိရှိရသည်။ အလင်းပူဇော်မှုများသည် ချမ်းသာကြွယ်ဝမှုကို ဖြစ်ပေါ်စေပြီး စည်းလုံးညီညွတ်စွာဖြင့် ကျင်းပရသောပွဲ တစ်ခုလည်း ဖြစ်သည်။ “တောင်ထိပ်နတ်ပွဲမြစ်လယ်ရေမျော “ ဟူသည့် စကားအတိုင်း ရှေးယခင်ကတည်းကပင် မြေလတ်ဒေသနှင့် တောင်တန်းဒေသနေထိုင်သူများသည် မြတ်စွာဘုရားအား မီးပူဇော်သည့်အနေဖြင့် တောင်ထိပ်တောင်ကုန်းတို့တွင် မီးတိုင်များ၊မီးတုတ်များဖြင့် မီးပူဇော်ပွဲများ ကျင်းပကြပြီး မြစ်ချောင်းအင်းအိုင်နှင့်နီးသော အရပ်တွင် နေထိုင်ကြသူများက ဆီမီးများကို ရေတွင်မျှော၍ ပူဇော်လေ့ရှိကြသည်။ ယခုထိတိုင်ပင် ထိုဓလေ့များကို နေရာဒေသအလိုက် တွေ့မြင်နေရဆဲပင်ဖြစ်သည်။ ထို့အပြင် ဘုရားရှင်နှင့်နတ်ကောင်းနတ်မြတ်များကို ရိုသေလေးစားမှုကို ဖော်ပြသည့်အနေဖြင့် သာယာပျော်ရွှင်စွာ မီးပုံးများ လွှင့်တင်ခြင်းကို ပုဂံခေတ်ကပင် ကျင်းပခဲ့ကြသည်။ မီးပုံးများကို အစုလိုက်အဖွဲ့လိုက် စည်းလုံးညီညွှတ်စွာ အသွင်အမျိုးမျိုး၊ အနုပညာအမျိုးမျိုးဖြင့် အသေးစိတ်ဖန်တီးပြီး မီးပုံးပျံလွှတ်ပြိုင်ပွဲများပင် ကျင်းပလေ့ရှိကြသည်။
မြန်မာနိုင်ငံတွင် မီးပုံးပွဲများကို တန်ဆောင်တိုင်ပွဲတော်၏ သင်္ကေတအဖြစ် အထင်ကရ တစ်နိုင်ငံလုံးအနှံ့အပြားရှိ ဒေသအသီးသီးတွင် မီးပုံးပွဲများကို မိမိတို့ဒေသ၏ ထူးခြားသည့် ယဉ်ကျေးမှုအရ ပြုလုပ်လေ့ရှိရာ အဓိက မီးပုံးပွဲများအနက်မှ ထင်ရှားသည့် မီးပုံးပွဲ အချို့ကို ဖော်ပြလိုပါသည်။ ရှမ်းပြည်နယ်၊ အင်းလေးကန်တဝိုက်တွင် ကျင်းပလေ့ရှိသော အင်းလေးမီးပုံးပွဲသည်ဖောင်တော်ဦးဘုရားအလွှာတော် ဆွမ်းအလှူပွဲနှင့်အတူ ကျင်းပသည့် အထင်ရှားဆုံး မီးပုံးပွဲတစ်ခုဖြစ်သည်။ပုဂံ မီးပုံးပွဲကိုမူ မန္တလေးတိုင်း ဒေသကြီး၊ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေတွင် ကျင်းပလေ့ရှိပြီး ရိုးရာပုံစံတစ်ခု အနေနှင့် ရှေးဓလေ့အတိုင်း ကျင်းပြလေ့ရှိသည်။အထူးသဖြင့် ညမီးအလှပြိုင်ပွဲများနှင့် အတူ ဂီတ၊ အနုပညာဖျော်ဖြေမှုများ ပါဝင်သည်။
တန်ဆောင်တိုင်မီးပုံးပွဲ အလေ့အထေသည် မြန်မာ့ယဉ်ကျေးမှု အနုပညာလက်ရာ များကို ဖော်ပြပေးလျက်လည်းရှိရာ မြန်မာနိုင်ငံတဝှမ်းရှိ မီးပုံးပွဲများအနက် ရှမ်းပြည်နယ်၊ တောင်ကြီးတန်ဆောင်တိုင် မီးပုံးပွဲသည်ထင်ရှားကျော်ကြားသည့် မီးပုံးပွဲဖြစ်သည်။ တောင်ကြီးတန်ဆောင်တိုင်ပွဲတော်ကို မြန်မာသက္ကရာဇ် ၁၃၁၂ ခုနှစ် (ခရစ်နှစ် ၁၉၅၀) မှစ၍ ပြိုင်ပွဲအဖြစ် ကျင်းပလာခဲ့ရာ ပွဲတော်တွင် နေ့မီးနှင့် ညမီးဟူ၍ နှစ်မျိုးခွဲကာ မီးပုံးပျံပြိုင်ပွဲများ ကျင်းပလေ့ရှိသည်။ နေ့မီးပုံးပျံများကို အများအားဖြင့် တိရစ္ဆာန်ရုပ်ပုံများဖြင့် ဖန်တီးထားပြီးနေ့အချိန်တွင် လွှတ်တင်ကြသည်။ ညမီးပုံးပျံများကိုမူညမီးကြီးနှင့် စိန်နားပန်ဟူ၍ နှစ်မျိုးခွဲကာ လွှတ်တင်ကြသည်။ ညမီးကြီးများတွင် မီးရှူးမီးပန်းများ ပါဝင်ပြီး ညမြင်ကွင်းကို အလှဆင်ကြသည်။ စိန်နားပန်များတွင်မီးပုံးအရောင်အမျိုးမျိုးဖြင့် ရုပ်ပုံများ သို့မဟုတ် စာလုံးများ ပုံဖော်ကာ လွှတ်တင်ကြလေ့ရှိသည်။ ယခုကျရောက်သည့် ၂၀၂၄ ခုနှစ်တွင် တောင်ကြီးတန်ဆောင်တိုင်မီးပုံးပျံပွဲတော်ကို နိုဝင်ဘာ ၁၁ ရက်နေ့မှ ၁၇ ရက်နေ့အထိ ကျင်းပခဲ့လျှက်ရှိပြီး ပွဲတော်တွင် ညမီးကြီး ၂၆ လုံး၊ စိန်နားပန် ၂၄ လုံးနှင့် နေ့လွှတ်မီးပုံးပျံ ၁၀၀ ကျော် လွှတ်တင်ခဲ့ကြောင်း သိရသည်။ တောင်ကြီးတန်ဆောင်တိုင်မီးထွန်းပွဲသည် ဒေသခံများအတွက်သာမက နိုင်ငံတကာ ခရီးသွားများအတွက်ပါ စိတ်ဝင်စားဖွယ်ရာ ပွဲတော်တစ်ခုဖြစ်ပြီး မြန်မာ့ယဉ်ကျေးမှုနှင့် ရိုးရာပွဲတော်များကို ဖော်ပြသည့် အခမ်းအနားတစ်ခုအဖြစ် အရေးပါသည်ဖြစ်ရာ တောင်ကြီးတန်ဆောင်တိုင်ပွဲတော်ကို နိုင်ငံတကာအသိအမှတ်ပြုဖြစ်စေရန် ယဉ်ကျေးမှုနှင့်ခရီးသွားလုပ်ငန်းများပေါ်တွင် ပိုမိုအာရုံစိုက် ဆောင်ရွက်ရန် လိုအပ်သည်။ ပွဲတော်၏ သမိုင်းဝင်တန်ဖိုးနှင့် ယဉ်ကျေးမှုထူးခြားချက်များကို စုစည်းကာ UNESCO အမွေအနှစ်စာရင်းသို့ တင်သွင်းနိုင်ရန်အတွက် သုတေသနနှင့် အကြောင်းအရာမှတ်တမ်းမှတ်ရာများ စနစ်တကျ ပြုစုသင့်သည်။ ထို့အပြင် နိုင်ငံတကာမီဒီယာများနှင့် မီဒီယာပလက်ဖောင်းများအား အသုံးပြုကာ ပွဲတော်၏ ထူးခြားချက်များကို ဖော်ပြခြင်းဖြင့် ပိုမိုမြှင့်တင်သင့်သည်။နိုင်ငံတကာယဉ်ကျေးမှုပွဲတော်များတွင် တန်ဆောင်တိုင်ပွဲနှင့်ပတ်သက်သည့် အထူးပြသမှုများ ပြုလုပ်ခြင်း၊ နိုင်ငံတကာခရီးသွားလုပ်ငန်းများနှင့် ပူးပေါင်းကာ မြန်မာ့ယဉ်ကျေးမှု အမွေအနှစ်တစ်ခုအဖြစ် တန်ဆောင်တိုင်ပွဲတော်ကို နိုင်ငံတကာအဆင့်ထိ အသိအမှတ်ပြုစေရန် ကြိုးပမ်းလုပ်ဆောင်သင့်ပေသည်။
         မြန်မာ့ယဉ်ကျေးမှုနှင့် ဗုဒ္ဓဘာသာတို့၏  ဓလေ့ထုံးတမ်း အထွတ်အမြတ်များအနက် ကထိန်အလှူပွဲကျင်းပခြင်းသည် တန်ဆောင်တိုင်ပွဲတွင်ယှဉ်တွဲလျက်ရှိသည်။ ဗုဒ္ဓဘာသာမြန်မာလူမျိုးတို့၏ မြင့်မြတ်သည့် ဒါနများဟု ဆိုရိုးရှိသည့် “ ကျောင်းမှာသိမ် သင်္ကန်းမှာကထိန် ဆွမ်းမှာပိဏ္ဍပါတ်” ဟု ဆိုရိုးရှိသည့်အတိုင်း ကျောင်းအလှူတွင် သိမ်အလှူသည် အမြတ်ဆုံးကဲ့သို့ သင်္ကန်းကပ်လှူရာတွင်လည်း ကထိန်သင်္ကန်းကပ်အလှူပွဲသည် အလှူတကာ့အလှူတွင် အမြတ်ဆုံးဖြစ်သည်။ “ကထိန” ဆိုသည့် ပါဠိစကားလုံးမှ ဆင်းသက်လာသော ကထိန်အလှူပွဲသည် သီတင်းကျွတ်လပြည့်နေ့မှ စတင်ကာ တန်ဆောင်တိုင်လပြည့်နေ့အထိ တစ်လတာ အတွင်း ကျင်းပလေ့ရှိသော သင်္ကန်းကပ်လှူပွဲတစ်ခုဖြစ်ရာ ထိုပွဲတော်များသည် ရဟန်းသံဃာ့များအပေါ် လေးစားမှု၊ရိုသေကိုင်းရှိုင်းမှုများကို ဖော်ပြကာ မြန်မာတို့၏ ချစ်စရာကောင်းသော အံ့ဩဖွယ်ကောင်းသော သဒ္ဒါတရား အလှူဒါနဓလေ့များကို ထင်ဟပ်ဖော်ပြပေးခြင်းဖြင့် အမျိုးဘာသာသာသနာထွန်းကားစေသော ပွဲတော်တစ်ခု လည်း ဖြစ်သည်။ ကထိန်သင်္ကန်းကပ်ပွဲသည် သာမန်အလှူတော်များ ဓလေ့နှင့်  မတူဘဲ အလှူခံပုဂ္ဂိုလ်သည် အလှူမခံရဘဲ အလှူပြုပုဂ္ဂိုလ်က မိမိပိုင်ဆိုင်သော သင်္ကန်းကို ရဟန်းတော်၏ ရှေ့မှောက်သို့ယူဆောင်လာပြီး ယခုသင်္ကန်းဖြင့် ကထိန်ခင်းတော်မူကြပါ ဟု အလိုအလျောက်လှူဒါန်းမှသာ ကထိန်သင်္ကန်း မည်ပေသည်။ ဘုရားရှင်သည် တပည့်ရဟန်းများကို အဓိဌာန်တင် သင်္ကန်းသုံးထည်တွင် တစ်ထည်ကိုထားရှိပြီး သင်္ကန်းများနွမ်းပါးခြင်းမှ ကင်းဝေးစေရန်ရည်ရွယ်၍ ကထိန်ခင်းခြင်းကို ခွင့်ပြုခဲ့ခြင်းဖြစ်ရာ ရှေးအခါကတည်းက မြန်မာ့ ဗုဒ္ဓဘာသာ ယဉ်ကျေးမှုဆိုင်ရာတွင်  ကထိန်သင်္ကန်းကပ်အလှူတော်ပွဲသည် အရေးပါသည့် ဆင်နွှဲရာ အခမ်းအနားတစ်ခုဖြစ်လာသည်။သို့ရာတွင် ကထိန်ခင်းခြင်းဆိုသည်မှာ ဆူညံစွာ လှည့်လည်ကခုန်ခြင်းကဲ့သို ပြုမူ၍ မရပါ၊ ဘုံကထိန်နှင့် ပုဂ္ဂလိက တစ်ဦးဆိုင်ကထိန်ဟု၍ ရှိရာ အစုအပေါင်းဖြင့် လှူဒါန်းကြသည်မှာ မြို့ရွာများတွင် ရပ်ကွက်တိုင်း လမ်းတိုင်း စည်းကားလျက်ရှိသည်မှာ ကြည်နူးဖွယ်ဖြစ်သည်။
ကထိန်သင်္ကန်းကပ်ပွဲများ ကျင်းပရာတွင် ကထိန်ပဒေသာပင် ယဉ်ကျေးမှုကိုလည်း ဖော်ပြလိုပါသည်။ရှေးယခင်ကပင် ကထိန်သင်္ကန်းကပ်လှူဒါန်းရာ၌ သင်္ကန်းတစ်မျိုးတည်းသာ မဟုတ်ဘဲ ရဟန်းသံဃာတော်များ အလိုရှိရာတို့ကို သုံးစွဲနိုင်စေရန် ရည်ရွယ်၍ များပြားလှစွာသော ပစ္စည်းကို မိမိတို့တတ်စွမ်းသလောက် ချိတ်ဆွဲထားသည့် ပဒေသာပင်ကိုလည် ကထိန်အရံအဖြစ်လှူဒါန်းလေ့ရှိကြသည်။ ချစ်စရာကောင်းသော ကြည်ညိုအားကျဖွယ် မြန်မာ့အလေ့အထတစ်ခုပင် ဖြစ်သည်။ ကထိန်နှင့် တန်ဆောင်တိုင်ပွဲတော်တို့သည် မြန်မာ့ယဉ်ကျေးမှုနှင့် ဗုဒ္ဓဘာသာဓလေ့များ၏ မျိုးဆက်သစ်တွင် ပိုမိုစည်ကားကောင်းမွန်သည့် ရိုးရာယဉ်ကျေးမှု အမွေအနှစ်တစ်ခုအဖြစ် တန်ဖိုးမြှင့်တင်ခြင်းနှင့်အတူ အကောင်အထည်ဖော်ရန် ဆက်လက်ထိန်းသိမ်းသင့်ပေသည်။
ဗုဒ္ဓဘာသာမြန်မာလူမျိုးတို့အထွတ်အမြတ်ထားရာ တန်ဆောင်တိုင် အချိန်အခါ သမယတွင် ရဟန်းသံဃာတော်များအား ကထိန်သင်္ကန်းကပ်လှူပွဲနှင့် အတူ ဘုရားကျောင်းကန်အသီးသီး၌ နေ့မကူးလမကူးပဲ အပြီးရက်လုပ် လှူဒါန်း ရသော မသိုးသင်္ကန်းရက်လုပ် ပူဇော်ပွဲမှာလည်း အထူးထင်ရှားလှသည်။ တန်ဆောင်မုန်းလဆန်း၁၄ရက်ညမှ လပြည့်နေ့အာရုံတက်အထိ မသိုးသင်္ကန်း ရက်လုပ် ပူဇော်ပွဲကို မြန်မာနိုင်ငံအနှံ့အပြားတွင် ဒေသအသီးသီးတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပလျှက်ရှိရာ လေးဆူဓါတ်ပုံရွှေတိဂုံတွင် ပူဇော်ရက်လုပ်ကပ်လှူသည့် မသိုးသင်္ကန်းကပ်လှူပွဲမှာလည်း ထင်ရှားကျော်ကြားလှသည်။ ယခုနှစ်အချိန်အခါသမယ၂၀၂၄ ခုနှစ်တွင် ရန်ကုန်မြို့ ရွှေတိဂုံစေတီတော် မြတ်ကြီး၌ (၃၆) ကြိမ်မြောက် မသိုးသင်္ကန်း ရက်လုပ်ကပ်လှူပူဇော်ပွဲကို နိုဝင်ဘာလ ၁၄ ရက်တွင် ကျင်းပခဲ့ကြောင်း သိရှိရသည်။ အဆိုပါ မသိုးသင်္ကန်းယှဉ်ပြိုင်ရက်လုပ်ပူဇော် ပွဲတော်တွင် သက်ဆိုင်ရာ အသင်းအဖွဲ့များမှ ယှဉ်ပြိုင်၍ သင်္ကန်းရက်လုပ်ကာ ရရှိသည့် ပိတ်သားများကို အထည်အလိပ်ပညာရှင်များက စစ်ဆေးအမှတ်ပေး၍ ဆုများ ချီးမြှင့်ခဲ့သည်။ ထို့နောက် ညတွင်းချင်းပင် သင်္ကန်းများကို ချုပ်လုပ်ပြီး တန်ဆောင်မုန်းလပြည့်နေ့ အရုဏ်မတက်မီ သတ်မှတ်ရုပ်ပွားတော်များအား ကပ်လှူပူဇော်ခဲ့သည်။ ထို့အပြင် တန်ဆောင်မုန်းလပြည့်နေ့ နံနက်ပိုင်းတွင် ရွှေတိဂုံစေတီတော်မြတ်ကြီးအား ဆွမ်းတော်ကြီး ဆက်ကပ်လှူဒါန်းခြင်း၊ ဩဝါဒါစရိယဆရာတော်များနှင့် စောင့်ရှောက်ရေးဆရာတော်များအား အရုဏ်ဆွမ်း ဆက်ကပ်လှူဒါန်းခြင်း၊ ကထိန်သင်္ကန်းကပ်လှူခြင်း၊ အနုမောဒနာတရားနာကြားခြင်းနှင့် (၃၁) ဘုံသားတို့အား ကုသိုလ်အမျှ ပေးဝေခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
မသိုးသင်္ကန်းရက်လုပ်ကပ်လှူပူဇော်ပွဲသည် မြန်မာ့ရိုးရာယဉ်ကျေးမှုကို ထိန်းသိမ်းရာတွင် အရေးပါသည့် ပွဲတော်ဖြစ်ပြီး မြန်မာ့ရိုးရာ လက်ခတ်ရက်ကန်းပညာ မပျောက်ကွယ်စေရန် အထောက်အကူဖြစ်စေသည်။ ယင်းပွဲတော်တွင် ဘာသာရေးအသင်းအဖွဲ့များ၊ ဂေါပကအဖွဲ့ဝင်များ၊ အထည်အလိပ်ပညာရှင်များ၊ ရက်ကန်းပညာရှင်များနှင့် စက်ချုပ်ပညာရှင်များ စုပေါင်း၍ ပညာအလှူနှင့် လုပ်အားအလှူများ ပြုလုပ်လေ့ရှိကြရာ ယခုနှစ်တွင် ပြန်လည်ကျင်းပသည့် မသိုးသင်္ကန်းရက်လုပ်ကပ်လှူပူဇော်ပွဲသည် ကိုဗစ်-၁၉ ကာလအတွင်း မကျင်းပနိုင်ခဲ့သည့် နှစ်များအပြီး ပထမဆုံး ပြန်လည်ကျင်းပခြင်းဖြစ်ပြီး မြန်မာ့ယဉ်ကျေးမှုနှင့် ဘာသာရေးအလှူအတန်းများကို ထိန်းသိမ်းစောင့်ရှောက်ရာတွင် အရေးပါသည့် အခမ်းအနား တစ်ခုပင်ဖြစ်သည်။ 
တန်ဆောင်မုန်းလပွဲတော်များကို ရည်ညွှန်းဖော်ပြရာ၌ ကျီးမနိုးပွဲခေါ် သူခိုးကြီးည အလေ့အထကိုလည်း ချန်လှပ်၍ မရပေ။ ကျီးမနိုးပွဲတော် ဟု ခေါ်ဆိုရခြင်းမှာ ကျီးငှက်များ အိပ်တန်းမှ မနိုးမီ အချိန်မီပြုလုပ်ရသော ကစားပွဲတစ်ခု အဖြစ် ဆင်နွှဲကြခြင်းကြောင့်ဖြစ်သည်။ ထိုပွဲတော် ဖြစ်ပေါ်လာရခြင်းမှာ ရှေးမြန်မာတို့သည် မိမိတို့၏ ရဲစွန်းသတ္တိကိုဖော်ပြသည့်အနေဖြင့် ထိုးကွင်းမှင်ကြောင်များကို သီတင်းကျွတ်လပြည့်အချိန်အခါတွင် ထိုးလေ့ရှိပြီး တန်ဆောင်မုန်းလပြည့်နေ့သို့ ရောက်သောအခါ လပြည့်ညတွင် ကောင်းကင်ယံ၌ နက္ခတ် ၂၇ လုံး စုံညီသဖြင့် ဆေးအာနိသင်များ နိုးကြွားသည်ဟု ယူဆကြပြီး မိမိတို့၏ ထိုးကွင်းမှင်ကြောင်းများ၏ အစွမ်းသတ္တိများကို စမ်းသပ်သည့်အနေဖြင့် အပျော်သဘောဖြင့် လရောင်အောက်တွင် ပိုင်ရှင်မသိအောင် ပစ္စည်းများကို ခိုးယူ၍ စမ်းသပ်ရသော ကစားပွဲတစ်ခုအနေဖြင့် ထင်ရှားလှသည်။ သို့ရာတွင် အပျော်မှ အပျက်သို့ မရောက်စေရန် အထူးသတိထားရမည်ဖြစ်သည်။
တန်ဆောင်မုန်းလအခါသမယသည် မိုးရာသီအကုန် ဆောင်းရာသီအပြီး မိုးလေကင်းစင်၍ နက္ခတ်တာရာစုံထွန်းပသော အချိန်ကာလ ဖြစ်၍ ကြယ်တာရာစုံလင်ကာ တန်ဆောင်မုန်းလပြည့်နေ့တွင် ဆေးအပင်ကို ခစားရသော နတ်တို့သည် မဲဇလီပင်ကို လာရောက်ခစားကြသဖြင့် တန်ဆောင်မုန်းလအချိန်အခါတွင် မဲဇလီဖူးကို ဆေးဖက်ဝင်သည်ဟု ယူဆ၍ စားသုံးသည့် အလေ့အထမှာ ရှေးယခင်ကပင် တည်ရှိခဲ့ရာ ဆေးပေါင်းခသောညဟူ၍ တင်စား၍ မဲဇလီဖူးများကို စားသုံးလေ့ရှိကြသဖြင့် တန်ဆောင်တိုင်အခါသမယ၏ အထင်ကရစားသုံးဖွယ်ရာ အစားအစာအဖြစ် ထင်ရှားလှသည်။ တန်ဆောင်တိုင်ကာလသည် မြန်မာ့ဓလေ့ထုံးတမ်းအရ ဂေါပကအလှူအတန်းများနှင့် သက်ဆိုင်သည့် ကာလတစ်ခုလည်း ဤကာလအတွင်း ထူးခြားသော အစားအစာများကို ညှိနှိုင်းလှူဒါန်းခြင်းနှင့် အတူ မိသားစုလိုက်ဖြစ်စေ၊ ရပ်ကွက်အဝိုင်းအဝန်းတွင်ဖြစ်စေ စုပေါင်းဆောင်ရွက် ဝိုင်းဝန်းစားသုံးလေ့ရှိသည်။ အဲဒီအထဲမှာ မဲဇလီဖူးသုပ်က ထင်ရှားသောတစ်မျိုးဖြစ်ပြီး စားသုံးသူများအကြိုက် ခံတွင်းတွေ့စေသော အစားအစာပင်ဖြစ်သည်။
မဲဇလီဖူးသည် သဘာဝအားဖြင့် အမြစ်နှင့်ပင်ကိုင်သီးဖူးပုံစံဖြစ်သည်။ အဝါရောင် အပေါ်ယံအလှဆင်သည့် အခွံတစ်ထပ်ဖြင့်ဖုံးလွှမ်းထားသည့်အပြင် အတွင်းမှာ အာဟာရဓါတ်များ ပြည့်နေရသော အဖူးများသည် အနံ့မွှေးမွှေးနှင့် အရသာထူးကဲကောင်းမွန်ပါသည်။ မဲဇလီဖူးကို အမျိုးမျိုးစား၍ ရသော်လည်း အများစုမှာ သုပ်၍ စားကြလေ့ရှိသည်။ မဲဇလီဖူးသုပ်ကို ရိုးရှင်းလွယ်ကူသောနည်းဖြင့် ပြင်ဆင်နိုင်သည်။ သန့်စင်ထားသော မဲဇလီဖူးကို ပြုတ်၍ အနည်းငယ်ထောင်းကာ ကြက်သွန်ဖြူ၊ ကြက်သွန်နီစိမ်း၊ ငရုတ်သီးစိမ်း၊ ငရုတ်သီးကြော်နှင့် ပဲသုပ်မှုန့်များကို ထည့်၍ ချဉ်၊ ချို၊ ငန် အရသာရှိအောင် ပုစွန်ခြောက်မှုန့်၊ ဆီပြန်ရိုးရာများနှင့်အတူ ဆက်စပ်ထည့်သွင်းသုပ်စားလေ့ရှိကြသည်။ တန်ဆောင်တိုင်ကာလ၌ မဲဇလီဖူးသုပ်ကို တခါတရံ အလှူပွဲများတွင် သီးသန့်ပြင်ဆင်ကာ ဆွမ်းဟင်းအဖြစ် လှူရုံတင်မက ညဘက်နှင့် သီတင်းကျွတ် အပျော်အပါးပွဲများတွင်လည်း လရောင်အောက်တွင် စကားလက်ဆုံကျဆွေးနွေးကာ အတူတကွ စားသောက်ကြသော အခါတို့တွင် ဝိုင်းဝန်းစားသုံးသည့် အစားအစာအဖြစ်လည်း စားလေ့ရှိကြသည်။ ထို့အပြင် အစဉ်ပျူငှာယဉ်ကျေးလှသော မြန်မာတို့၏ ဓလေ့အရ ဆေးပေါင်းခသော မဲဇလီဖူးသုပ်ကို အိမ်နီးနားချင်းများအား ဝေငှသောဓလေ့လည်းရှိရာရင်းနှီးချစ်ကြည်မှုကို ပေးစွမ်းနိုင်သော အရာတစ်ခုလည်း ဖြစ်သည်။
များလှစွာသော ရိုးရာပွဲတော်များနှင့်ပြည့်နှက်နေသည့် တန်ဆောင်မုန်းလ အခါသမယတွင် ပံ့သကူပစ်ခြင်း ဟူသော အလေ့အထလည်း ရှိပေသေးသည်။ ပံ့သကူဆိုသည်မှာ ပါဠိဘာသာ ပံသုကူလမှ ဆင်းသက်လာသည့် ဝေါဟာရဖြစ်ပြီး ပိုင်ရှင်မဲ့ဖြစ်၍ တွေ့ရှိသူမှာ လိုအပ်သလို အသုံးပြုနိုင်ပါသည် ဟူသော အဓိပ္ပာယ်ရသဖြင့် လှူဒါန်းသူကော လက်ခံသူပါ ကြည်နူးရသည့် အခိုက်အတန့်များကို ပိုင်ဆိုင်စေသော တန်ဆောင်တိုင်အခါသမယလည်း ဖြစ်ပေသည်။ သို့သော် ယနေ့ခေတ်အချိန်အခါတွင် လွန်ကဲစွာ ပံ့သကူကောက်ခြင်းများပြုလုပ်၍ အသက်အန္တရာယ်ရှိနိုင်သော အဖြစ်အပျက်များ ဖြစ်လာနိုင်ခြင်းကြောင့် အပျော်မှ အပျက်သို့ မရောက်ရှိအောင် သတိပြုရမည်လည်း ဖြစ်ပေသည်။ဤပွဲတော်သည် မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်များကို ဆက်လက်ထိန်းသိမ်းစောင့်ရှောက်ရာတွင် အရေးကြီးသော အခန်းကဏ္ဍပင်ဖြစ်သည်။
အချုပ်အားဖြင့်ဆိုသော် သီတင်းကျွတ်ဆီမီးထွန်းပွဲတော်နှင့် တန်ဆောင်တိုင် ပွဲတော်များသည် မြန်မာ့ယဉ်ကျေးမှုနှင့် ဗုဒ္ဓဘာသာအား ပိုမိုမြင့်မားစေရန် အားကောင်းသည့် ပွဲတော်များဖြစ်သည့်အပြင် လူမှုရေး၊ ဘာသာရေးနှင့် ယဉ်ကျေးမှုအမွေအနှစ်များအတွက် ရေရှည်တည်တံ့အောင်ထိန်းသိမ်းရမည့် အထင်ကရပွဲတော်များလည်း ဖြစ်ပေသည်။


         





Keep Reading

"အရိုးကို အရွက်မဖုံးနဲ့" --------------------မြန်မာနှင့်သင်္ကြန်၊ သင်္ကြန်နှင့် ပိ​တောက်"စိတ်ဓာတ်ရင့်ကျက်စေဖို့....."မြန်မာတို့ရဲ့ သင်္ကြန်"လူမှုပတ်ဝန်းကျင်၌လိုက်လျောညီထွေနေထိုင်တတ်မှု(Adaptable In Society)"ပျောက်ကွယ်မသွား၊အမွေအနှစ်များ"စာပေ၏အသက်ရှင်မှုအချစ်ကို အသုံးချတတ်ရင်လဲ အောင်မြင်ဖို့အတွက်တွန်းအားပထမဆုရှင်အိမ်ထောင် ငရဲ