Author's Profile Photo

WHY:ဘာကြောင့်လဲ

17/11/2024

'အပျော်' ကနေ 'အပျက်' မဖြစ်စေချင်

4 mins read
SarPhatနဲ့အတူနွှဲစာပေပြိုင်ပွဲ

သီတင်းကျွတ်နဲ့ တန်ဆောင်တိုင်ပွဲတော် တွေဆိုတာ ကျွန်တော်တို့ ဗုဒ္ဓဘာသာ၊ မြန်မာလူမျိုးတွေရဲ့ အထွတ်အမြတ်ထားရာ ချစ်စရာယဉ်ကျေးမှု ပွဲတော်တွေပါ။ အခုချိန်လို ခက်ခဲကျပ်တည်းနေတဲ့ ကာလမှာတောင် သဒ္ဓါတရားထက်သန်စွာနဲ့ အလှူအတန်းတွေလုပ်နေတာ၊ ဆီမီးတွေပူဇော်နေကြတာ၊ စဉ်ဆက်မပျက်ကျင်းပလာခဲ့တဲ့ပွဲတော်တွေကို ဆက်လက်ကျင်းပနေတာတွေကို မြင်ရတော့ ရင်ထဲမှာ အတော်လေးကို ဝမ်းသာပီတိ ဖြစ်မိပါတယ်။
ဒါပေမယ့် ပြောင်းလဲလာတဲ့ ခေတ်နဲ့ အညီ သီတင်းကျွတ်နဲ့ တန်ဆောင်တိုင်ပွဲတော် တွေရဲ့ပုံစံကလည်း အနည်းငယ်ပြောင်းလဲလာသလို၊ ကွဲလည်း ကွဲပြားလာပါတယ်။ အခုကျွန်တော်ရေးသားဖော်ပြမှာကတော့ သီတင်းကျွတ်၊ တန်ဆောင်တိုင်ပွဲတော်နဲ့ ပတ်သက်ပြီးတော့ လွှဲမှားနေတဲ့အရာတွေ၊ ပွဲတော်တွေက တချို့သောလုပ်ရပ်တွေက အပျော်ထက် အပျက်တွေက ပိုများနေတယ်ဆိုတာနဲ့ ကျွန်တော်တို့လူငယ်တွေအနေနဲ့ ကိုယ့်လက်ထက်‌ရောက်ရင် ဘယ်လိုထိန်းသိမ်းကာကွယ်မှုတွေ၊ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ရမယ်ဆိုတာတွေကို ပြောပြသွားမှာပါ။
သီတင်းကျွတ်ပွဲတော် ဘယ်လိုဖြစ်ပေါ်လာတာ၊ ဘယ်လိုကျင်းပကြတာတွေကိုတော့ လူတိုင်းနီးပါးသိနေပြီမို့လို့ ထွေထွေထူးထူးပြောမနေတော့ပါဘူး။ ဒီပွဲတော်ကို ဗုဒ္ဓဘာသာနိုင်ငံတိုင်းက တခမ်းတနားပြုလုပ်ကျင်းပကြပါတယ်။ ဒီနေရာမှာ တခြားဗုဒ္ဓဘာသာဝင်နိုင်ငံတွေဖြစ်ကြတဲ့ ထိုင်း၊ ဗီယက်နမ်၊ ကမ္ဘောဒီးယား စတဲ့နိုင်ငံတွေက သူတို့နိုင်ငံမှာကျင်းပတဲ့ ပွဲတော်ကို ကမ္ဘာက ပိုသိအောင်၊ ပိုစိတ်ဝင်စားလာအောင်၊ နိုင်ငံခြားခရီးသွားတွေ ပိုရောက်လာပြီးတော့ နိုင်ငံဝင်ငွေတိုးအောင် လုပ်ဆောင်နေကြပါတယ်။ ဥပမာအနေနဲ့ ထိုင်းရိုးရာ လွိုင်ကထုံပွဲတော်(မြန်မာလ၊ တန်ဆောင်မုန်းလပြည့်နေ့) ဟာဆိုရင် မြန်မာလိုမျိုး မီးထွန်း၊ မီးမျှော၊ မီးပုံးပျံ လွှတ်တဲ့ပွဲတော်တစ်ခုပါ။ ဒါပေမယ့် ထိုင်းလူမျိုးများရဲ့ လွိုင်ကထုံပွဲတော်ကို တစ်ကမ္ဘာလုံးနီးပါးကသိကြပြီးတော့ ဒီပွဲတော်ကိုဆင်နွဲဖို့အတွက် ထိုင်းနိုင်ငံကို လာရောက်လည်ပတ်ကြတဲ့ နိုင်ငံခြားခရီးသွားတွေအများအပြားရှိပါတယ်။
ကျွန်တော်တို့မှာလည်း သူတို့ထက်မသာရင်တောင်၊ အဆင့်အတန်းမနိမ့်တဲ့ ပွဲတော်တွေ၊ ယဉ်ကျေးမှုတွေရှိနေပါတယ်။ ဒါပေမယ့် ဘာလို့ကမ္ဘာ ကမသိရတာလဲ၊ ဒီပွဲတော်တွေကို အသုံးချပြီး ဘာလို့ဝင်ငွေမရှာနိုင်ရတာလဲ။ ဘာဘဲဖြစ်ဖြစ် ကျွန်တော်တို့လက်ထက်ရောက်ရင်တော့ ကမ္ဘာကသိအောင်၊ ကမ္ဘာကတန်ဖိုးထားအောင်၊ နိုင်ငံခြားဝင်ငွေရအောင် ကြိုးစားရပါလိမ့်မယ်။ စကားမစပ် ထိုင်းရေကစားပွဲတော် 'ဆုန်ခရန်' ဟာဆိုရင် မြန်မာတို့ရဲ့ သင်္ကြန်ပွဲတော်လိုဘဲ ပုံစံတူပွဲတော်တစ်ခုပါ(တချို့ပညာရှင်များကတော့ ဆုန်ခရမ်က သင်္ကြန်ကနေဆင်းသက်လာတဲ့ ပွဲတော်လို့ဆိုကြပါတယ်)။ ဒါပေမယ့် 'ဆုန်ခရန်' က 'ယူနပ်စကို' ရဲ့ ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှုအဖြစ် အသိအမှတ်ပြုခံလိုက်ရပါပြီ။ကျွန်တော်တို့ရဲ့ သင်္ကြန်က ခုမှ ဆန်ခါတင် စာရင်းထဲ ဝင်ပါသေးတယ်။ ကမ္ဘာက ပိုသိပြီးတော့၊ ကမ္ဘာကျော် အနုပညာရှင်အများစု လာရောက်လည်ပတ်ကြတာက ထိုင်းရိုးရာ 'ဆုန်ခရန်' ကိုပါ။
ကျွန်တော်တို့နိုင်ငံ မှာ ထိုင်းနိုင်ငံထက် ပိုတဲ့ ပွဲတော်တွေ အများအပြားရှိပါတယ်။ သူတို့ဆီမှာက ဒီရာသီ‌မှာ လွိုင်ကထုံပွဲတော် တစ်ခုလောက်ဘဲရှိတာပါ။ ကျွန်တော်တို့နိုင်ငံမှာက သီတင်းကျွတ်မီးထွန်းပွဲ၊ တန်ဆောင်တိုင်ပွဲ၊ မသိုးသင်္ကန်းရက်လုပ်ပူဇော်ပွဲ၊ ကထိန်ပွဲ စတာတွေအများအပြားရှိပါတယ်။ ဒီပွဲတော်တွေကို ကမ္ဘာကသိအောင်၊ နိုင်ငံခြားသားတွေစိတ်ဝင်စားအောင်၊ ထေရဝါဒဗုဒ္ဓဘာသာ မြန်မာလူမျိုးတို့ရဲ့ ကြီးကျယ်ခမ်းနားမှုတွေကို ကမ္ဘာကသိအောင် ဘာလို့လုပ်လို့မရမှာလဲ။ ကျွန်တော်တို့ လူငယ်တွေအပေါ်မှာ အများကြီးတာဝန်ရှိပါတယ်။ အခုလူကြီးတွေမလုပ်နိုင်ရင်တောင် ကျွန်တော်တို့ လူငယ်တွေလက်ထက်ကြရင် အဲ့လိုဖြစ်ကိုဖြစ်ရပါမယ်။ မြန်မာဆိုတာ ဘာလဲဆိုတာကို ကမ္ဘာသိအောင် ကျွန်တော်တို့ လူငယ်တွေလက်ထက်ကြရင် လုပ်ရပါမယ်။ လုပ်လည်းလုပ်မှာပါ။
ပြီးတော့ ကျွန်တော်တို့လူငယ်တွေအနေနဲ့ သတိထားပြီးပြင်ဆင်ရမယ့် အရာတွေရှိနေပါသေးတယ်။ ပထမဆုံးအနေနဲ့ မီးပုံးပျံလွှတ်တဲ့ ကိစ္စပါ။ တခြားအိမ်နီးချင်းနိုင်ငံတွေကလည်း လွှတ်တယ်ဆိုပေမယ့် မီးပုံးပျံပျက်ကျပြီး မီးလောင်မှုဖြစ်ပွားတယ်လို့ မကြားမိပါဘူး(ကျွန်တော် လေ့လာမှုအားနည်းတာကြောင့် မသိတာလည်းဖြစ်ချင်ဖြစ်မှာပါ)။ မီးပုံးပျံပျက်ကျလို့ အင်းလေးဟိုတယ် မီးလောင်မှုဖြစ်ပွားတယ်ဆိုတဲ့ သတင်းကိုမနေ့ကတွေ့လိုက်ရပါတယ်။ အဲ့လိုပျက်ကျလို့ မီးလောင်မှုဖြစ်ပွားခါနီး ဗီဒီယိုဖိုင်တွေကို အခု အတောအတွင်း အင်တာနက်ပေါ်မှာ ခနခနတွေ့နေရပါတယ်။ ဒီလိုကိစ္စကိုလည်း အခုလိုထိခိုက်ပျက်စီးမှု မရှိအောင် တော်တော်လေးစီစစ်လုပ်ဆောင်ရမှာပါ။ ဒုတိယအနေနဲ့ပြောချင်တာက တန်ဆောင်မုန်းလပြည့်ညပါ။ ဒီညမှာ ပြုလုပ်တဲ့ ပန့်တကူပစ်တဲ့ ဓလေ့က ကမ္ဘာမှာ မြန်မာသာပြုလုပ်တဲ့ဓလေ့ တစ်ခုပါ။ ဒီဓလေ့ကိုလည်း ကမ္ဘာကသိအောင် ပြုလုပ်ရပါအုန်းမယ်။ ဒီဓလေ့ကပြောစရာမရှိပေမယ့် 'သူခိုးကြီးည' ဆိုတဲ့ ဓလေ့ကတော့ ပြောစရာ နည်းနည်းရှိပါတယ်။ ဒီညမှာ အပျော်အနေနဲ့ တန်ဖိုးနည်းပစ္စည်းတွေကို ခိုးကြတာကပြဿနာမရှိပေမယ့် အခုနောက်ပိုင်း တန်ဖိုးရှိပစ္စည်းတွေကိုပါ ရည်ရွယ်ချက်ရှိရှိခိုးလာကြတာကို နေရာတော်တော်များများမှာတွေ့လာရပါတယ်။ ရွှေ၊ငွေ၊ ဆိုင်ကယ်လိုမျိုးပစ္စည်းများ ခိုးခံရပါက သက်ဆိုင်ရာကို တိုင်ကြားလို့ရပေမယ့် တန်ဖိုးမနည်း၊မများတဲ့ ပစ္စည်း‌တွေ အခိုးခံရရင်တော့ ပိုင်ရှင်အတွက် နစ်နာမှုရှိနိုင်ပါတယ်။ ပြီးတော့ ဒီညမှာဘဲ သောက်စားမှူးရစ်ပြီးတော့ လမ်း‌ပေါ်မှာအုတ်ခဲတွေစီတာ၊ ရေအိုးစင်ရှိရေအိုးတွေကို လမ်းမပေါ်တင်ထားတာ၊ ရိုက်ခွဲတာ၊ ခြံရှေ့မှာစိုက်ထားတဲ့ သစ်ပင်တွေကို ချိုးခဲ့တာ၊ နုတ်ပစ်ခဲ့တာ၊ ပန်းအိုးများကို ရိုက်ခွဲခဲ့တာ၊ အပေါ့တွေ စွန့်ခဲ့တာ၊ ဆိုင်းဘုတ်များကို ဖျက်ဆီးခဲ့တာ စတဲ့လုပ်ရပ်တွေ လုပ်တာကိုတွေ့လာရပါတယ်။ ဒါတွေက အပျော်ဆိုတာထက် အပျက်တွေပါ။ ဒါတွေကိုသာ ကမ္ဘာကသိသွားရင် အထင်သေးစရာတွေဖြစ်ကုန်ပါလိမ့်မယ်။ ဒါတွေကိုလည်း သေချာထိမ်းသိမ်းလုပ်ဆောင်ရပါလိမ့်မယ်။ ကျွန်တော်တို့လူငယ်တွေအနေနဲ့လည်း ဆင်ခြင်သင့်ပါတယ်။
နောက်ဆုံးတစ်ခုအနေနဲ့ 'ကထိန်' ကိစ္စပါ။ ကထိန် အလှူဆိုတာက ကျွန်တော်တို့ ဗုဒ္ဓဘာသာ မြန်မာလူမျိုးတို့ရဲ့ ထက်သန်လှတဲ့ သဒ္ဓါတရားကို ဖော်ပြနေနဲ့ ပြယုဂ် တစ်ခုပါ။ ဒါကြောင့်မို့ ကထိန်အလှူပွဲကိုလည်း ကမ္ဘာကသိအောင် ချပြရမယ့် ဂုဏ်ယူစရာ ပွဲတော်တစ်ခုပါ။ ကထိန်အလှူပွဲတော်က မွန်မြတ်စရာ၊ ဂုဏ်ယူစရာ ပွဲတော်ဆိုပေမယ့် နားမခံသာ‌လောက်အောင်ကို အသံချဲ့စက်တွေနဲ့ ဘုရားသီချင်း၊ တရားသီချင်းမဟုတ်ဘဲ ခေတ်သီချင်းတွေကို ဖွင့်နေတာကတော့ မဖြစ်သင့်ပါဘူး။ ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ ပါမောက္ခချုပ်ဆရာတော်ဘုရားကြီးကလည်း မိန့်ကြားထားပါသေးတယ်။ ကျွန်တော်တို့ကိုးကွယ်ဆီးကပ်နေတဲ့ ဗုဒ္ဓမြတ်စွာဘုရားက တိတ်ဆိတ်ငြိမ်သက်မှုကို အလွန်နှစ်သက်ပါတယ်။ ဆူဆူညံ့ညံ့ဖြစ်တာကိုလည်း မကြိုက်ပါဘူး။ ဒါပေမယ့် အခုလို ခေတ်သီချင်းတွေနဲ့ ဆူဆူညံ့ညံ့တွေလုပ်နေတာက မြတ်စွာဘုရားရဲ့ အလိုကို ပေါ်ပေါ်ထင်ထင် ဆန့်ကျင်လိုက်တာပါဘဲ။ တခြားဘာသာဝင်တွေအနေနဲ့လည်း ဗုဒ္ဓဘာသာအပေါ် အထင်သေးစရာတွေ ဖြစ်ပါတယ်။ အသံချဲ့စက်ဆိုသည်မှာ ဘုရားကျောင်းကန်နဲ့ ဘယ်လိုမှ မသက်တဲ့အရာပါ။ ဒါပေမယ့် အခုချိန်မှာက အသံချဲ့စက်မရှိတဲ့ ဘုန်းကြီးကျောင်းရယ်လို့ မရှိသလောက်ပါဘဲ။ ပြီးတော့ ပြည်ပရောက်မြန်မာလူမျိုးတချို့တွေကလည်း ကိုယ့်နိုင်ငံ၊ ကိုယ့်ဒေသ မဟုတ်တာတောင် ချဲ့စက်နဲ့ ကထိန်အလှူကို ဆူညံ့နေအောင် ပြုလုပ်နေကြလို့ ကဲ့ရဲ့ခံနေရတယ်ဆိုတာကိုလည်းသိခဲ့ရပါတယ်။ ဒီလိုလုပ်ရပ်တွေက မြန်မာလူမျိုးတွေကိုသာမက၊ ဗုဒ္ဓဘာသာကိုပါ အထင်သေးစေပါတယ်။ ဒါကြောင့်မို့ ဒီလိုကိစ္စတွေကို လည်းထိမ်သိမ်းဖို့လိုပါတယ်။ ကျွန်တော်တို့ လူငယ်တွေအနေနဲ့လည်း ဒီလို မြတ်စွာဘုရားရဲ့ ဆန္ဒနဲ့ ဆန့်ကျင်နေတဲ့ ဆူညံတာတွေကို မိုးခါးရေသောက်ပြီး လိုက်မလုပ်သင့်ပါဘူး။
ကျွန်တော်တို့ရဲ့ ယဉ်ကျေးမှုပွဲတော်တွေ ကမ္ဘာ့အလယ်မှာ အထင်သေးမခံရအောင်၊ ကမ္ဘာကသိအောင်၊ ကမ္ဘာကမြတ်နိုးအောင် လုပ်ဆောင်ရမယ့် တာဝန်တွေက ကျွန်တော်တို့လူငယ်တွေအပေါ်မှာ အမြားအပြားမူတည်နေပါတယ်။ အားလုံးလည်း သီတင်းကျွတ်နဲ့ တန်ဆောင်တိုင်ပွဲတော်မှာ အပျက်သဘောမဆောင်တဲ့ အပျော်တွေနဲ့ ပျော်ရွှင်ကြပါစေလို့ဆုတောင်းပေးရင်း နိဂုံးချုပ်ပါတယ်။

(လူငယ်ပီပီ စိတ်လိုက်မာန်ပါနဲ့ ပြောမှားဆိုမှားများ ပါခဲ့သည်ရှိသော် ခွင့်လွှတ်ပေးပါ။)

Keep Reading

"အရိုးကို အရွက်မဖုံးနဲ့" --------------------မြန်မာနှင့်သင်္ကြန်၊ သင်္ကြန်နှင့် ပိ​တောက်"စိတ်ဓာတ်ရင့်ကျက်စေဖို့....."မြန်မာတို့ရဲ့ သင်္ကြန်"လူမှုပတ်ဝန်းကျင်၌လိုက်လျောညီထွေနေထိုင်တတ်မှု(Adaptable In Society)"ပျောက်ကွယ်မသွား၊အမွေအနှစ်များ"စာပေ၏အသက်ရှင်မှုအချစ်ကို အသုံးချတတ်ရင်လဲ အောင်မြင်ဖို့အတွက်တွန်းအားပထမဆုရှင်အိမ်ထောင် ငရဲ