Lin Yaung Ni
ဒီလိုအချိန်ရောက်ပြီဆိုရင် ကျွန်တော်တို့ရွာကလေးကိုပိုသတိရမိတယ်။ ရွာက ပင်လယ်ကမ်းခြေရွာကလေးကိုမှ ကျွန်းတန်းရှည်ရွာကလေးလို့ပြောရင်ပိုမှန်လေမလား။ အရှေ့မှာ ချောင်း ၊ အနောက်မှာ ပင်လယ်ကြီးက ဆီးကာလို့ ၊ ဒီလို တန်ဆောင်မုန်းလရောက်ပြီဆိုရင် ပင်လယ်ပြင်ဟာ မြူတွေဆိုင်း မှိုင်းလို့ပြာလို့ပေါ့၊ ကမ်းခြေအနားသတ်မှာ တဲအိမ်အစုကလေးတွေ ၊ ပိုက်ဖောင်တွေ (ဒေသအခေါ်အရ ပင်လယ်ကမ်းနားမှာ ဆောက်ထားတဲ့ အိမ်ခြံဝန်းကြီးကိုခေါ်တာပါ၊ ငါးမျှားတဲ့ပိုက်ကောင်းကောင်းတွေကို ထားတဲ့သိုတဲ့နေရာ၊ ပင်လယ်ပြင်ထဲကဖမ်းလာတဲ့ ငါးတွေကို ငါးလှမ်းစင်တွေပေါ်မှာ တခါတည်းခုတ်ထစ်လှမ်းပြီး သိမ်းဆည်းသိုလှောင်နိုင်တဲ့နေရာပေါ့)၊ ငါးမျှားတဲ့သူတွေ ၊ ပျံကျဈေးသည်တွေ စုံလင်ကြပြီ။ ကျော့ပိုက်လှေကြီးတွေ ကမ်းကိုကပ်ပြီဆိုရင် ကလေး လူကြီး အရွယ်စုံလူတွေဟာ ပျားအုံကို တုတ်နဲ့ထိုးမိသလို ကျိပ်ကျိပ်တိုးစည်ကားနေတော့တာပဲ။
"ငါးနီတူတွေ ရတယ်ဝေး အချိန်သုံးရာလောက်ရှိဖို့"
"ဟုတ်လား ကောင်းဟန်ကျတယ်ဝေး"
အားရပါးရ အာလုတ်သံနဲ့ပြောတဲ့အသံတွေလည်းကြားရသည်။
"ငါးမှုန့်ကြော်လုပ်ဖို့ ငါးသွားရွေးကြဦးမယ်"
ပြောပြောဆိုဆို အတန်းပိုင်ဆရာမ ကျွန်တော့်လက်ကို လှမ်းပုတ်ရင်း ရှေ့ကနေသွားတော့ ကျွန်တော်လည်း သူ့နောက်ကို တကောက်ကောက်လိုက်ခဲ့ရတယ်။ အမှန်ပြောရရင် ငါးနံ့တွေကို ကျွန်တော်မခံနိုင်ပါ။ အဲ့လိုပြောမိရင် ဒီကလူတွေက ကြီးကျယ်လိုက်တာ ဆိုတဲ့မျက်လုံးနဲ့ ကြည့်ကြလိမ့်မယ်။ သူတို့အတွက်တော့ ဒါဟာ ငွေနံ့ဟေ့ ငွေနံ့လို့ ပြန်ပြောကြလိမ့်မယ်။
နေလုံးဟာ မြူတွေဆိုင်းနေတဲ့ တောင်တွေကြားထဲကနေ မရဲတရဲထွက်ပေါ်လာပြီ။ လှိုင်းငြိမ့်ငြိမ့်လေးတွေက နေရောင်ခြည်အောက်မှာ ငွေအလင်းလို ပြေးလို့လွှားလို့။ ဒီက ပင်လယ်လုပ်သားတွေဆိုတာ အနွေးထည်ဝတ်တာရှားသည်။ အပေါ်ပိုင်းဗလာကျင်း ချမ်းရစီးရမှန်းမသိ ၊ မိသားစုစားဝတ်နေရေးအတွက်သည်သာ သူတို့ခေါင်းထဲတွင် ပဓာနဖြစ်သည်။ ကလေးတွေကို ကျောင်းမှာ လိုလေသေးမရှိ စာသင်နိုင်ဖို့၊ ရပ်ရွာမှာ အလှူတွေမှာ လှူနိုင်တန်းနိုင်ဖို့က သူတို့ထားရှိတဲ့ ဆန္ဒပင်ဖြစ်သည်။ အလှူအတန်းကတော့ အတော်ရက်ရောတဲ့ရွာလို့ပင်ဆိုရမည်။
အခုလည်း ကျောင်းက ဆရာမ ကထိန်အတွက် ငါးမှုန့်ကြော်ဖို့ ငါးလာဝယ်တော့ အပိုတွေပေးလိုက်ကြတာဆိုတာ သယ်လို့တောင်မနိုင်လို့ ကျွန်တော့် သူငယ်ချင်းတွေကို ထပ်ခေါ်ရသည်။
ဆောင်းမနက်ခင်းဟာ အလွန်ပင်အေးစိမ့်လွန်းလှသည်ဟုထင်သည်။ အဖေက သရက်ပင်အောက်မှာ မီးလှုံရင်း သူ့မိတ်ဆွေတွေနဲ့စကားပြောနေကြသည်။ ကျွန်တော်က ခြံစည်းရိုးပေါ်မှာ နွယ်ကပ်ပြီးပေါက်နေတဲ့ မျောက်သီးတွေကို ခူးလိုက် မီးဖိုထဲထည့်လိုက်လုပ်သည်။ ခဏကြာတော့ မျောက်သီးမီးဖုတ်လေးတွေ အများကြီးရပြီ။ မျောက်သီးအရသာက ခပ်ချွဲချွဲဆိမ့်ဆိမ့်နှင့်စားကောင်းလှသည်။ ကျွန်တော်တို့ဆိုလျှင် ဆီနှင့်ဆားနှင့်တို့စားရသည်ကို အတော်ကြိုက်ကြသည်ပင်။
အခုတော့လည်း ဒါတွေ အားလုံးဟာ အမှတ်တရတွေပါပဲလားလေ။ သက်ပြင်းခပ်တိုးတိုးလေးတစ်ခုကိုသာ ကျွန်တော်ချမိလိုက်ရသည်။
ဆောင်းမနက်ခင်းဆို နှင်းခနေတဲ့ ခဝဲပွင့်ဝါဝါတွေဟာ သိပ်လှတာပါပဲ။ အုန်းလက်ကလေးတွေဟာလည်း နှင်းဖြန်းထားလို့ စိမ်းလို့စိုလို့၊ စိမ်းရွှေရွှေအရောင်ကနေ အဝါဘက်သန်းလာတဲ့ စပါးကွင်းပြင်ကြီးဟာလည်း မျက်စိတဆုံး၊ အသက်ကို ဝဝရှူနိုင်ခဲ့တဲ့နေ့တွေဟာ တကယ်ရှိခဲ့တာပါလား။
ကျောင်းကထိန်ဆိုရင် ကျောင်းသူ ကျောင်းသား ဆရာဆရာမ အပေါင်းဟာ ဝတ်ကောင်းစားလှတွေဝတ်လို့ ရွာစဉ်ကိုပတ်ပြီး ကထိန်လှည့်လည်ကြပြီ။ ညရောက်ပြီဆိုရင်လည်း မနားမနေ မနက်မှာလုပ်မယ့် ကထိန်ကလှူမှာကျွေးမယ့် အစားအသောက်တွေကို ကြော်လှော်ချက်ပြုတ်ကြရပြီ။ ကျွန်တော်တို့ သူငယ်ချင်းအဖွဲ့က ဟိုစပ်စပ်ဒီစပ်စပ် အမြဲပါတတ်လို့ ဒီလိုညဆို ဆရာမတွေက ချက်ပြုတ်ရေးအတွက် အဖော်ခေါ်ကြပြီ။ ငါးတွေကိုပြုတ်ဆုံထဲထည့်တောင်း ၊ ရေသယ်ရေခပ်၊ ထင်းခြောက်ထမ်း၊ ကြက်သွန်ဖြူနီအခွံနွှာရတာတို့၊ ထမင်းနပ်ခါနီးမှာ မီးရှိန်လျှော့ပေးရတာတို့ အစုံပါပဲ။ ထမင်းအိုးက ကြီးလွန်းလို့ ယောင်းမအစား လှေလှော်တဲ့တက်တွေနဲ့ မွှေရတယ်။ ထင်းမီးနဲ့ချက်တာမို့ ထမင်းဆိုတာလည်း မွှေးစိမ့်နေလေရဲ့။
ချက်ပြုတ်တာဝန်ပြီးပြီဆိုရင် မီးဖိုဘေးမှာ သူငယ်ချင်းတွေဝိုင်းဖွဲ့ထိုင်ကြ၊ သီချင်းတွေဆို ပျော်ကြပါးကြနဲ့ လူငယ်ဘဝဟာ သိပ်ကိုလှပခဲ့ဖူးတာပေါ့။ ကောင်းကင်ကို တရွေ့ရွေ့ပျံတက်သွားတဲ့ မီးပုံးပျံကြီးကို စိတ်လိုလက်ရ ငေးခဲ့ကြဖူးတဲ့ သူငယ်ချင်းတွေဟာလည်း ခုတော့ တမြေတနယ် တနိုင်ငံစီပါပဲ။ ဗြောက်အိုးဖောက်သံတွေကလည်း ငယ်ဘဝကို ပြန်မရနိုင်တော့ဘူး၊ လက်တွန်းမီးပုံးလှည်းကလေးတွေက ကျွန်တော်တို့ကို ပြန်လည်မနုပျိုစေတော့ဘူး၊ ရေမျှောမီးပုံးလေးတွေလို တချို့ဟာ အဝေးကို ၊ တချို့က ရေလယ်ခေါင်ဟာ လှုပ်ချည်မြှုပ်ချည်၊ တချို့များက မီးစာကုန်ဆီခမ်းခဲ့ကြရပြီလား။
"ငါတို့ အသက်ကြီးလာရင် ဘာလုပ်ကြမလဲ"
"ငါက အင်ဂျင်နီယာလုပ်မယ် မဟုတ်ရင် စာရေးမယ်"
"ငါက ပန်းချီဆရာ မဟုတ်ရင် ကျောင်းဆရာပေါ့"
"မင်းအင်ဂျင်နီယာလုပ်ရင် ပန်းရံခေါင်းလုပ်ဖို့ ငါ့ကိုခေါ်ဦး"
"ဟား ဟား ဟား ဟား...."
တွေးကြည့်ကြစမ်းပါ။ နှင်းညကြားထဲ တိုးဝင်သွားတဲ့ ရယ်သံတွေဟာ ဘယ်လောက်ထိနုပျိုလတ်ဆတ်ခဲ့လဲဆိုတာ...။
လပြည့်ဝန်းက ဝန်းလို့ပြည့်လို့သာနေတယ်။ လှိုင်းကလေးတွေရဲ့ စည်းချက်ညီညီ ရိုက်ခတ်သံက စိတ်ကိုငြိမ်းချမ်းစေတယ်။ ကမ်းခြေနားက အုန်းပင်အောက်မှာ အုန်းသီးတက်ခူးတဲ့အဖွဲ့ရယ် ၊ ကြက်သွားခိုးပြီး ပြန်လာတဲ့အဖွဲ့ရယ် စည်လို့ကားလို့၊ လိပ်တက်နွယ်ပင်တွေကြားထဲက ကဏန်းလေးတွေဟာ လရောင်အောက်မှာ လက်မတထောင်ထောင်နဲ့ ရေတွေကြားထဲကို ပြေးလို့ဆင်းကြပြီ။ ကျောက်ဆောင်တွေကြားထဲကနေ ဖြတ်တိုက်လာတဲ့ ဆောင်းညလေဟာ ထင်းမီးဖိုလေးကို ကလူကျီစယ်နေသလိုမျိုးပေါ့။ အမေ့ဆီက ယူလာတဲ့ မယ်ဇလီဖူးသုပ်ကို ရေနွေးကြမ်းနဲ့မြည်းရင်း ကြက်သားနူးမယ့်အချိန်ကို စောင့်နေရတယ်။
"ဟိုမှာ မီးပုံးတစ်လုံး ပင်လယ်ထဲကျသွားပြီဟေ့"
တစ်ယောက်က အော်ပြောလိုက်တော့ အားလုံးရဲ့မျက်လုံးတွေက ပင်လယ်ထဲဆီ။
မြစ်ကမ်းဘေးမှာ ကျွန်တော်တစ်ယောက်တည်း အချိန်ကြာကြာရပ်နေမိပါတယ်။ မြစ်ရေစီးသံတွေကို ကြားရင် ပင်လယ်ရေလှိုင်းကလေးတွေကိုပဲ စိတ်မျက်စိနဲ့ တွေးတောမြင်ယောင်နေရတယ်။ အခုလောက်ဆို သဲသောင်ခုံတွေပေါ်မှာ ကလေးတွေစွန်လွှတ်နေကြမယ့်အချိန်ပေါ့။ ဘယ်သူထိုးလိုက်တဲ့ ခေါင်းလောင်းသံလဲတော့မသိ ရွာဦးဘုန်းကြီးကျောင်းဆီက ခေါင်းလောင်းထိုးသံလို့ ထင်လာမိတယ်။ ခြေထောက်အောက်ကို ငုံ့ကြည့်လိုက်တော့ ကျွန်တော်လျှောက်တဲ့ကတ္တရာလမ်းဟာ ဖုန်ထူနေတဲ့ နှင်းစိုစိုမြေသားလမ်းကလေးအသွင်ကို တမုဟုတ်ချည်း ကူးပြောင်းသွားပါတော့တယ်။ မျက်ဝန်းမှာ မစိုပေမဲ့ စိတ်ထဲမှာ ကျွန်တော် ငိုမိနေပါရောလား။ ဪ... ဟိုဘက်ကမ်းမှာ မီးထိန်ထိန်လင်းလောက်ပြီလေ။
လင်းရောင်နီ
November 17,2024
7:02 PM
Keep Reading