Author's Profile Photo

အက္ခရာ - Haruki

28/03/2024

ကိုယ်နဲ့ငွေ အစဥ်မြဲဖို့ဆိုရင်

3 mins read
Life Style
Personal Development
Business
ကိုယ်နဲ့ငွေ အစဥ်မြဲဖို့ဆိုရင်'s photo

A fool and his money are soon parted. "လူမိုက်နဲ့‌ငွေ အတူမနေ"

“လူမိုက်နှင့်ငွေ အတူမနေ”ဆိုတဲ့ ဒီစကားပုံလေးကို ကျွန်တော်တို့အားလုံးကြားဖူးကြပါလိမ့်မယ်။ တကယ်လည်း ငွေကြေးနဲ့ပတ်သတ်ပြီး ပညာဉာဏ်၊ အသိဉာဏ်နည်းတဲ့ မိုက်မဲသူတွေရဲ့လက်ထဲမှာ ဘယ်တော့မှငွေဟာမြဲမှာမဟုတ်ပါဘူး။ ဒါဟာ လုံးဝမှန်တယ်လို့ ကျွန်တော်ကိုယ်တိုင်လည်း လက်ခံထားပါတယ်။ လက်ခံစရာ အထောက်အထားတွေလည်း ကျွန်တော့်မှာရှိပါတယ်။

ထင်ရှားတဲ့ ဥပမာအထောက်အထားပြရရင်တော့ ကမ္ဘာပေါ်မှာ ( အထူးသဖြင့် ကျွန်တော်တို့မြန်မာနိုင်ငံမှာ ) သိန်းထီ၊ သောင်းထီပေါက်တဲ့သူတွေ လစဉ်လတိုင်းထွက်ပေါ်နေပါတယ်။ ထီပေါက်တယ်ဆိုဟာ ဘဝမှာ အကြီးမားဆုံး ငွေဝင်မှုကြီးတစ်ခုလို့ဆိုလို့ရပါတယ်။ ဒီလိုကြီးမားတဲ့ငွေဝင်မှုကြီးကြောင့် နေ့ချင်း၊ ညချင်းချမ်းသာလာတဲ့သူတွေ အများကြီးရှိလို့နေပါတယ်။

ဒါပေမယ့်လည်း စာဖတ်သူလေးသတိထားမိလားမသိပါဘူး။ စိတ်မကောင်းစရာတစ်ခုက သူတို့ဟာ နောက်ပိုင်းမှာတော့ နဂိုဒုံရင်းဘဝကိုပြန်လည်ရောက်ရှိသွားကြတယ်လို့ ကြားရပါတယ်။ ဒါဘာကြောင့်လဲလို့ စာဖတ်သူလေးစဥ်းစားမိဖူးလားခင်ဗျာ။ အဖြေက ရိုးရှင်းပါတယ်။ ဘာလို့လဲဆိုတော့ ပထမကကျွန်တော်ပြောခဲ့တဲ့ လူမိုက်နဲ့ငွေ အတူမနေဆိုတဲ့စကားပုံအတိုင်း ငွေကြေးသုံးစွဲရာမှာ မိုက်မဲတဲ့လူနဲ့အတူ ငွေတွေဟာ ဘယ်တော့မှကြာကြာနေမှာ မဟုတ်လို့ပါပဲ။

ငွေကြေးအရအောင်မြင်မှုကို ဘာနဲ့တိုင်းတာသလဲ?

လူအများစုဟာ ငွေကြေးအရအောင်မြင်မှုကို ငွေတွေဘယ်လောက်ရသလဲဆိုတဲ့အပေါ်မှာ တိုင်းတာကြပါတယ်။ အမှန်က ဒါဟာမှားနေပါတယ်။ အဓိကတိုင်းတာတဲ့အရာက လက်ထဲမှာ ငွေတွေ “ဘယ်လောက်များများ ထိန်းသိမ်းထားနိုင်သလဲ”၊ “ဘယ်လောက်ကြာကြာ ငွေမြဲသလဲ” ဆိုတဲ့အပေါ်မှာပဲဖြစ်ပါတယ်။

ကျွန်တော်တို့အားလုံးဟာ ငွေကို အလုပ်အကိုင်၊ နည်းလမ်းမျိုးစုံနဲ့ ရှာဖွေကြပါတယ်။ ဝင်ငွေလစာနည်းတဲ့သူတွေ ရှိသလို ဝင်ငွေတွေကောင်းနေတဲ့သူတွေလည်း အများကြီးရှိပါတယ်။ တစ်ယောက်နဲ့တစ်ယောက် ဝင်ငွေလစာမတူကြပေမယ့် လက်ထဲမှာ “ငွေပိုငွေလျှံမရှိခြင်း”ကတော့ အားလုံးလိုလိုတူလေ့ရှိကြပါတယ်။ ဒါဟာ ငြင်းလို့မရတဲ့ကိစ္စတစ်ရပ်ပါ။ အထူးသဖြင့် ကျွန်တော်တို့မြန်မာလူမျိုးတွေအနေနဲ့ ဝင်ငွေဘယ်လောက်ပဲကောင်းကောင်း ငွေပိုငွေလျှံမရှိကြသလို၊ လစာဘယ်လောက်တိုးတိုး သုံးလို့ကို မလောက်တဲ့အခြေအနေကို ရောက်နေကြရပါတယ်။ ဒီလိုဖြစ်တာဟာ အကြောင်းအရင်းနှစ်ရပ်ပေါ်မူတည်တယ်လို့ ဆရာဖူးကျော်ဇင်ကဆိုထားပါတယ်။

ငွေမမြဲခြင်းအကြောင်းရင်း(၁)

“ပထမအကြောင်းရင်း”က ရသမျှငွေအားလုံးကို အကုန်သုံးပစ်လိုက်လို့ပဲဖြစ်ပါတယ်။ ဝင်လာသမျှ ငွေတွေဟာ ကိုယ့်ရဲ့ အသုံးစရိတ်ကနေပဲ အားလုံးထွက်ခွာသွားမယ်ဆိုရင် ငွေပို ငွေလျှံ ဘယ်လိုလုပ်ရှိလာတော့မှာလဲတဲ့။ ရသမျှငွေတွေကို အကုန်သုံးပစ်တဲ့အလေ့အထရှိသူတွေဟာ ငွေကြေးအရမိုက်မဲသူတွေပဲ ဖြစ်ကြပါတယ်။ လူမိုက်နဲ့ငွေအတူမနေဆိုသလို ဒါဟာ ငွေမထိန်းသိမ်းထားနိုင်ခြင်း၊ ငွေမစုဆောင်းနိုင်ခြင်းနဲ့ လက်ထဲမှာငွေပိုငွေလျှံ မရှိရခြင်းရဲ့ အဓိကအကြောင်းရင်း ဖြစ်ပါတယ်။

(If you Don't Care Your Money, Money Don't Care You!)ပါပဲ။

ငွေမမြဲခြင်းအကြောင်းရင်း(၂)

“ဒုတိယအကြောင်း ရင်း"ကတော့ ငွေစုဆောင်းမယ်ဆိုတဲ့ ခံယူချက်မခိုင်မာလို့၊ စိတ်ဆန္ဒမပြင်းပြလို့ပဲ ဖြစ်ပါတယ်။ ငွေစုဆောင်းထားသင့်တာပဲဆိုတဲ့ စိတ်နဲ့ ကျွန်တော်တို့ဟာငွေစုခြင်းကို စကြတယ်။ ဒါပေမယ့် အစပိုင်း ခဏလောက်ပါပဲ။ အကြောင်းအမျိုးမျိုး ကြောင့် ဆက်လက် မစုဆောင်းဖြစ်တော့ဘဲ ငွေစုခြင်း အလေ့အထ(Saving Habit)ကို ရပ်တန့်လိုက်ကြပါတယ်။ ဒီလိုစိတ်ခံယူချက်မခိုင်မာတဲ့အကြောင်းအရင်းကလည်း ငွေမမြဲရတဲ့အကြောင်းအရင်းဖြစ်ပြီး လူမိုက်နဲ့ ငွေအတူမနေခြင်းရဲ့ အချက်လည်း ဖြစ်ပါတယ်။

နောက်ပြီး လူအများစုပြောကြပါသေးတယ်။ “ငွေဟာ ရှာရခက်သလောက် သုံးတာကတော့လွယ်လိုက်တာကွာ”တဲ့။ တကယ်တော့ “ငွေရှာရတာက သိပ်မခက်ပါဘူး။ ငွေကို မြဲအောင်ထိန်းထားရတာက ပိုခက်ပါတယ်"တဲ့။ တကယ်လည်း သေချာစဥ်းစားကြည့်တော့ တော်တော်လေးမှန်ပါတယ်။

ငွေဆိုတာမျိုးက ဝင်လာတာနဲ့ ထွက်ဖို့ အမြဲတမ်းကြံနေတဲ့အရာပါ။ တစ်ခါတလေဆိုရင် ကျွန်တော်တို့ရဲ့ငွေဟာ မဝင်လာခင်ကတည်းက ထွက်ဖို့ပြင်နေတာတွေလည်းရှိပါတယ်။ ငွေကဖြင့် မဝင်လာသေးဘူး။ ထွက်စရာတွေက တန်းစီနေတာ အမှန်ပါ။ ဒါကြောင့် ဝင်ငွေထွက်ငွေဆင်ခြင်သင့်တာပေါ့။

ဒါဆို ဒီလို အမြဲတမ်းထွက်ဖို့ပြင်နေတဲ့ ငွေကို မြဲအောင် ဘယ်လိုနည်းနဲ့ ထိန်းသိမ်းစုဆောင်းမလဲ။

ကျွန်တော် ငွေကြေးတို့ရဲ့ အရှင်သခင်ဖြစ်ဖို့ဆိုတဲ့စာအုပ်လေးထဲက စွဲစွဲမြဲမြဲ ဖတ်မှတ်လေ့ထားတဲ့ ဒီနည်းလမ်းလေးတွေကိုပါ တခါတည်း မျှဝေပေးပါမယ်။ စာဖတ်သူလေးစာ အဲ့ဒီအချက်တွေကို ဉာဏ်ရှိရှိနဲ့ထိန်းနိုင်ရင် ငွေဟာစာဖတ်သူလေးနဲ့ အမြဲအတူတူနေပါလိမ့်မယ်။ ဒီလိုမှမဟုတ်ရင်တော့ လူမိုက်နဲ့ငွေအတူမနေဆိုတဲ့အတိုင်း တစ်ပြားမှရှိမှာ မဟုတ်ပါဘူး။ ကဲ.... နည်းလမ်းတွေကတော့

၁။ ငွေမရခင် ကြိုတင်မသုံးပါနဲ့

Don't Spend Tomorrow's Income Today ( မနက်ဖြန်ဝင်ငွေကို ဒီနေ့မသုံးပါနဲ့ )ဆိုပြီး Ric. Edelman က ပြောခဲ့ပါတယ်။ ငွေရဖို့လမ်းတစ်ခုခုရှိနေရင် ကြိုတင်သုံးစွဲချင်တဲ့စိတ်လေးတွေ ကျွန်တော်တို့မှာရှိကြတယ်။ ငွေရတော့မယ်ဆိုပြီးတော့ ကြိုတင်မသုံးပါနဲ့။ အကြွေးမယူထားပါနဲ့။ ဒီစိတ်ကိုနိုင်အောင် ထိန်းထားရမှာ ဖြစ်ပါတယ်တဲ့။

၂။ ငွေရလာရင်လည်း အကုန်သုံးမပစ်ပါနဲ့

ဝင်လာသမျှ ငွေကို အကုန်သုံးစွဲပစ်ရင်လည်း လက်ထဲမှာ ငွေပိုငွေလျှံရှိမှာမဟုတ်ပါဘူး။ ငွေကို ရေလိုသုံးတတ်တဲ့ စိတ်ကို ထိန်းသိမ်းခြင်းဟာ ငွေကိုထိန်းသိမ်းခြင်းဖြစ်ပါတယ်။

၃။ ကိုယ့်ကိုယ်ကို အရင်ဆုံးပေးပါ

လစဉ်ငွေဝင်လာရင် သုံးစရာတွေ၊ ဝယ်စရာတွေ၊ ပေးစရာတွေ ကတော့ ရှိနေမှာအမှန်ပါပဲ။ ဒါပေမယ့် တခြားအရာတွေအတွက်မပေးခင် ကိုယ့်ကိုယ်ကို အရင်ပေးရပါမယ်။ ငွေကြေး တဖြည်းဖြည်းနဲ့ တိုးပွားများပြားလာတာကို လိုချင်တယ်ဆိုရင်တော့ ကိုယ့်ကိုယ်ကို အရင်ပေး ခြင်း (Pay yourself first) ကို ပြုလုပ်ရမှာဖြစ်ပါတယ်။

သင့်တင့်တဲ့ငွေပမာဏကို ကျန်တာတွေအတွက်မပေးမီ ကိုယ့်ကိုယ်ကို အရင်ဆုံးပေးထားလိုက်ပါ။ ကိုယ့်အတွက် ကိုယ်ပေးပြီးမှ ကျန်တဲ့ငွေကို အခြားအရာတွေအတွက်ပေးပါတဲ့။ ဘေဘီလုံက သူကြွယ်ကြီးအာခတ်ကိုယ်တိုင်ကလည်း “ကိုယ့်ဝင်ငွေရဲ့ ဆယ်ပုံတစ်ပုံကို မဖြစ်မနေဖယ်ထားပြီး စုဆောင်းပါ”လို့ အကြံပြုထားပါတယ်။ ဥပမာအနေနဲ့ ကိုယ်က ငွေတစ်သိန်းရတယ်ဆိုပါစို့။ တစ်သောင်းကို ကိုယ့်အတွက်အရင်ဆုံးပေးထားပြီး ကျန်တဲ့ငွေကိုးသောင်းကို သုံးစွဲတာမျိုးပါ။

ဒီနည်းလမ်းတွေဟာ ရိုးရှင်းတဲ့ငွေစုနည်း၊ ငွေနဲ့မြဲအောင်နေထိုင်နည်းပဲဖြစ်ပါတယ်။ ဒီကစာဖတ်သူလေးအနေနဲ့ ဖတ်ပြီးရင် အသုံးချတတ်ဖို့လိုပါတယ်။ စာကိုမှတ်ထားပြီး ဘာမှမလုပ်ရင် ကိုယ်လည်းဘာမှဖြစ်လာမှာမဟုတ်ပါ။ ဒါကြောင့် ဖတ်ပါ၊ မှတ်ပါ။ လက်တွေ့အသုံးချပါလို့ တိုက်တွန်းလိုက်ရင်း အောင်မြင်ချမ်းသာသောဘဝကို ပိုင်ဆိုင်နိုင်ပါစေလို့ ဒီဆောင်းပါးလေးနဲ့အတူ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ခင်ဗျာ။

Haruki

Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးတော်လ်စတွိုင်း နောက်ဆုံးနေ့ရက်များဘာလို့ မုန်းကြတာလဲစိတ်ဓာတ်ကျနေတဲ့အခါပျင်းစရာရှိတာ အားပါးတရ အပျင်းကြီးလိုက်ပါဆင်းရဲသားလေး ဂျက်လန်ဒန်ဟိုစပ်စပ်ဒီစပ်စပ်မလုပ်နဲ့ (၁)ဖတ်နိုင်သမျှ များများဖတ်ပေးပါမရိုးတရိုးရှောင်တာက ကြောက်ခြင်းမဟုတ်