Author's Profile Photo

xylophone

16/11/2024

အချစ်ဦး

1 min read
Poetry


အချစ်
စကားလုံးနှစ်လုံးတည်းနဲ့
ကမ္ဘာတစ်ခုလုံးသိမ်းပိုက်
ပုထုဇဥ်အားလုံး ဒီအောက်မှာ ရူးမိုက်ဖူးတယ်
ကျွန်တော်လဲ ပုထုဇဥ်ပဲမို့
ဆယ်ကျော်သက်အခိုက်မှာ
မတော်တဆခလုတ်တိုက်ခဲ့ဖူးတဲ့
သမုဒယမျှင်ကြိုးလေးကို
သိမှုနယ်ပယ်အတွင်းကနေ
အချစ်ဆိုတဲ့ခေါင်းစဥ်တပ်လို့
အဓိပ္ပါယ်ဖွင့်ပြချင်သေးရဲ့

'ခိုင်' တဲ့
အများဆိုင်နာမ်ဆိုပေသိ
အတ္တကို ဗဟိုပြုလို့
တစ်ဦးဆိုင်နာမ်လို့ပဲ သမုတ်ပါရစေ
သစ်ရွက်လှုပ်တာတောင်ရင်ခုန်တဲ့အရွယ်မှာ
ဥမ္မာဒန္တီကို ရူးမိတာ ကျွန်တော်မှားသလား
မှားခဲ့ရင်တောင်
ချစ်ခြင်းတွေညီခဲ့လို့
ဤကိုကျွဲလို့မြင်ခဲ့တဲ့ အဝိဇ္ဇာအမှား

ဘဝကို အဆုံးအဖြတ်ပေးရမယ့်အတန်းမှာ
အချစ်ကို စတွေ့ခဲ့တယ်
စာမတော်ပေမယ့်
မင်းကြောင့်ပဲ ကျောင်းနေပျော်ခဲ့ပါတယ်
တစ်ရက်လောက်မတွေ့ရရင်
ကော်ဖီမသောက်ရတဲ့ မနက်ခင်းလို
တစ်ခုခုတော့လိုတယ်

ဖြစ်ပုံက ဆန်းကြယ်တယ်
ဘေးကသူငယ်ချင်းတစ်ယောက်ကို
မျက်စောင်းထိုးခုံကကောင်မလေးနဲ့စရင်း
အဲ့မျက်ဝန်းလေးကို စရင်းနှီးခဲ့တယ်
ခနခနဆုံမိတဲ့အကြည့်ဟာ
စုတ်ချက်တွေပစ်သွင်းခံရသလို
ကိုယ့်ရင်မှာ ပန်ချီကားတစ်ချပ်လာထင်တယ်
သံသယ​​ဖြစ်စရာမလိုပါဘူး
မင်းမှမင်းအစစ်ပါပဲ

ကျောင်းဝန်းထဲကို ခြေချလိုက်တာနဲ
ရင်ခုန်သံတွေကို စကြားနေရပြီ
စာသင်ခန်းထဲအဝင်
အကြည့်ချင်းဆုံလိုက်တဲ့ အခိုက်အတန့်မှာ
နောက်ဂျွမ်းပစ်သွားတဲ့ပုဏ္ဏားတွေကို
ယုံချင်သွားတယ်
စာသင်ချိန်တွေသာ ကုန်သွားတယ်
ရင်ထဲက အချစ်ပုစ္ဆာတွေက
ဖြေရှင်းလို့ မပြီးသေးဘူး
အကြည့်တစ်ခါဆုံရင် ပုစ္ဆာတစ်ပုဒ်တိုးတယ်
မင်းဟာ ကိုယ်မဖြေရှင်းနိုင်တဲ့
ပဟေဠိလေးများလား

စာသင်နှစ်ကုန်လို့
စာကြည့်ချိန်တွေကို ရောက်လာတယ်
နွေဦးကိုရော မင်းကိုရော
တစ်ပြိုင်တည်းလွမ်းရတဲ့
ဥသြငှက်ဟာ ကိုယ်ပါပဲ
နွေနေ့လည်ခင်းရဲ့အပူဟာ
ရင်ထဲကအပူကို မယှဥ်သာခဲ့

ဇာတ်လမ်းကို အခန်းရစ်ကြည့်လိုက်ရင်
ကျောင်းပြီးသွားတဲ့နောက်ပိုင်း
အချိန်အတော်ကြာမှ သူ့နဲ့ ပြန်တွေ့တယ်
စကားတွေ အများကြီးပြောဖြစ်သလို
မင်းအတွက်ဆို လူရွင်တော်လေးလိုပဲ
တိန်ကနဲမြည်တဲ့ နိုတီလေးအစ
မင်းရဲ့ရီအက်အဆုံး
အကုန်လုံးကို သိမ်းကြုံးရင်ခုန်တယ်
ကိုယ့်ရဲ့ပျော်ရွင်ခြင်းကို ရရှိစေမယ့်
အဓိကမြောက်ဖော်ကိန်းဟာ မင်းပဲ

မပိုင်ရလဲ ဆိုင်ချင်သေးတာမို့
အရဲစွန့်ပြီး ဖွင့်ပြောခဲ့ပေမယ့်
ဇုန်ထဲမှာပဲ ဝဲနေခဲ့တယ်
တစ်ဖက်ကမလိုချင်တဲ့ အားထုတ်မှုမျိုးဟာ
အနှောင့်အယှက်သာသာပင်ဖြစ်ကြောင်း
ရင်နာနာနဲ့ လက်ခံလိုက်ရတယ်
အဆွေးသီချင်းတွေဟာ
အဲ့အချိန်မှာ ပိုပြီးအသက်ဝင်လာခဲ့ရ

မပိုင်ဆိုင်ခဲ့ရပေမယ့်
မင်းဟာ ကိုယ့်အချစ်ဦးပါပဲ
အချစ်ဒဿနတွေ ပြန်ကိုးကားရရင်
ပိုင်ဆိုင်ရမှ အချစ်မဟုတ်ဘူး
ဝေးဝေး နီးနီး
မေတ္တာအစစ်တွေနဲ့
ကောင်းတာတွေပဲမင်းကိုရစေချင်တာလဲ
အချစ်ပဲမဟုတ်လား
ဘာပဲဖြစ်ဖြစ် ကျေးဇူးပါကွယ်
ချစ်ခဲ့ရတာနဲ့တင် တန်ပါတယ်

အတိတ်ဟာ ဝေဝါးဆဲ
ဒီရပ်ဝန်းကနေ
ဘယ်လိုနည်းနဲ့ ပြေးထွက်ခဲ့တယ်ဆိုတာ
ကိုယ်တိုင်တောင် သေချာမသိတော့ဘူး
အချိန်တွေတိုက်စားလိုက်တော့လည်း
တိုက်ဆိုင်တာမျိုးကလွဲရင်
တခုတ်တရသတိမရဖြစ်တော့ဘူး
ပြန်တွေးကြည့်လိုက်တော့
တစ်ဖက်သတ်ဒရာမာချိုးတတ်တဲ့
ဆယ်ကျော်သက်အချစ်ကို
နည်းနည်းတော့ ပျက်ရယ်ပြုချင်သား

ဒီလိုနဲ့ ဇာတ်လမ်းဟာ
တစ်ခန်းရပ်သွားခဲ့တယ်
ဘာရယ်တော့မဟုတ်ပါဘူး
ရင်ထဲက ခြစ်ရာလေးတစ်ချက်ကို
အမှတ်မဲ့ ဖွင့်လှစ်ပြရုံပါ
ရှိခဲ့ဖူးသည် ဖြစ်ခဲ့ဖူးသည်
တစ်ဖက်သတ်အ​​ဖြစ် ချစ်ခဲ့ဖူးပါသည်ပေါ့ ။?

ဇိုင်လို

Keep Reading

ရန်ကုန်မိုးမိုးရွာတဲ့​ ​နေ့ကောက်ရိုးတစ်မျှင်နန်းကျဘုရင်အကြည်ဓာတ်နေချင်တဲ့ ဘဝနှင်းဆီမွေး​နေ့လက်​ဆောင်ပျော်မောသူဘဲမေမေကြီးနဲ့ ဥလေးများ