Author's Profile Photo

Dilu Nya

14/11/2024

ကဗျာ

1 min read
Poetry

ပန်းနွယ်သို့ ချစ်ခြင်းဖွဲ့နွေ -၁
________

အထူထပ်ဆုံး နှင်းသံနဲ့
မေတ္တာတံတိုင်းခြား
ချောင်းခြားတေးကို ဆိုညည်းခဲ့ပါပြီ ပန်းနွယ်

ချစ်ခြင်းမှာ
အချက်အလက်ကို ထည့်တွက်ရင်
အဖြေကို ဦးနှောက်က အမှတ်ပေးမယ်

ဒီလိုပဲ
ဘဝဆိုတာ ဒီလိုပဲ ဆိုပေမဲ့
မိုးသည်းရင်တော့ အနွေးဓာတ်လိုတယ် မဟုတ်လား ပန်းနွယ်


ခုဆို
နဒီမင်္ဂလာလမ်းလည်း
မမှတ်မိလောက်အောင် ငယ်ရုပ်ပြောင်းလဲခဲ့ပြီ

အမှတ်တရဆိုလို့
ခြေချင်းလိမ်ခဲ့ဖူးတဲ့ အပူပင်မဲ့ ဘဝတွေ
နေဝင်ချိန်ကို ထိုင်ကြည့်ခဲ့တဲ့ ညနေခင်းတွေ
အတူတူ စက်ဘီးစီးခဲ့တဲ့ ကျောင်းပိတ်ရက်တွေ

လမ်းကြုံလို့ ပြန်ရှာရင်တော့
နောက်ကျိကျိချောင်းရေမှာ
ငါတို့ရယ်သံကို ပြန်တွေ့မှာပေါ့ ပန်းနွယ်


မကောင်းတတ်လို့
လွယ်အိတ်ထဲ ပြန်ဖွင့်ကြည့်ရင်တော့
ဆုတောင်းပြည့် အောင်ချမ်းသာဘုရားက
စာမေးပွဲ ဖြေပြီးတိုင်း
အဓိဌာန်နဲ့ မ ခဲ့တဲ့ ကျောက်တုံးလေးမှာ
ငါတို့နာမည်တွေ တွေ့ဦးမှာပေါ့

မခက်ပေဘူးလား ပန်းနွယ်
ငါ့ရခဲ့တဲ့ ချစ်ခြင်းက

စိန်ပြေးတမ်းကစားရသလို
လိုက်လေလေ ဝေးလေလေ

ရပ်နေပြန်တော့လည်း
မျှော်ရင်း မျှော်ရင်း ဝေဝါးမှုန်ဝါး



အဲ့သလို
အဲ့သလို

ရယူခြင်းမဟုတ်ရင် အချစ်ကဘာလဲ တဲ့

အချစ်ဆိုတာ ရယူခြင်းမှ မဟုတ်ဘဲ တဲ့

အချစ်ဆိုတာ လျှို့ဝှက်ချက် တစ်ခုပါ တဲ့

အချစ်က ဘာမှအရေးမကြီးဘူး တဲ့

အချစ်ဆိုတာ...
အချစ်ဆိုတာ...
အဓိပ္ပါယ် ထပ်ဖွင့်ရင်တော့
အချစ်ဆိုတာ
ငါ့အတွက်တော့ ပန်းနွယ်ပေါ့ကွယ်



ရယ်စရာတော့ ကောင်းတယ်နော်

ကျန်ခဲ့သူဆိုတော့
တွေ့သမျှ အလွမ်း
မျက်နှာချိုသွေးပြီး ဧည့်ခံရတာပဲ

ပင်လယ်ဘယ်နှစင်း
တံတားဘယ်နှစင်း
ကောင်းကင် ဘယ်နှစင်း

လှမ်းလာမဲ့ ခြေလှမ်းအတွက်
ခလုတ်မထိ ဆူးမငြိအောင်
နင့်နာမည် ပြောထားပေးမယ်

ရပါတယ်
ရင်ခုန်သံချင်း နီးခဲ့ဖူးရင်
အလွမ်းသောင်တော့ ထွန်းကြမှာပဲ



ရပါတယ်
ဘယ်အရာမှ လက်ကြောမတင်ရင်နေမယ်
နင့်ကိုလွမ်းရင်တော့
သက်လုံကောင်းတယ် ပန်းနွယ်ရဲ့

ရပါတယ်
နှလုံးသားနဲ့ တွက်ရင်
ချစ်ခြင်းမှာ နိုင်တယ် ရှုံးတယ် မရှိ
ထွက်ခွာသူနဲ့ ကျန်ရစ်သူ

ဒီနှစ်ခုသာ။ ။

ဒီလူည








Keep Reading

ရန်ကုန်မိုးမိုးရွာတဲ့​ ​နေ့ကောက်ရိုးတစ်မျှင်နန်းကျဘုရင်အကြည်ဓာတ်နေချင်တဲ့ ဘဝနှင်းဆီမွေး​နေ့လက်​ဆောင်ပျော်မောသူဘဲမေမေကြီးနဲ့ ဥလေးများ