လက်ယျာ (Don't Care)
အရင်ဆုံး သိထားစေချင်တာက Scam ဆိုတာ မြန်မာလိုဆိုရင် လိမ်လည်တယ်၊ လှည့်ဖျားတယ် လို့ အဓိပ္ပါယ်ရပါတယ်။ ဒါကြောင့် လိမ်လည်လှည့်ဖျားတဲ့သူတွေကို Scammer လို့ ခေါ်ပါတယ်။ အရင်တစ်ခေါက်ကပြောပြခဲ့တဲ့ ကျားဖြန့်တွေအကြောင်း ဆက်ရှင်း ပြချင်ပါတယ်နော်။
ကျားဖြန့်တွေမှာလည်း Marketing System ရှိပါတယ်။ သူ့ထက်ငါ ဘယ်သူပိုလိမ်နိုင်မလဲဆိုတဲ့ ရည်မှန်းချက်ကြီးနဲ့ အမျိုးမျိုးသော Marketing System တွေကို အသုံးပြုပြီး လိမ်လည်ကြပါတယ်။ ဒီထဲကမှ နည်းတစ်ချို့ကို ဖော်ပြပေးချင်ပါတယ်။ ဒီတစ်ခေါက်မှာ ဖော်ပြပေးမယ့် လိမ်နည်းကတော့ ငွေသား ဒါမှမဟုတ် ပစ္စည်းတစ်ခုခု ကံစမ်းမဲပေါက်တဲ့နည်းပါ။
မိမိဖုန်းနံပါတ်ထဲကို Password သုံးပြီး ထုတ်ရမယ့် Wave Money ငွေလွှဲဝင်လာတာ၊ ဒါမှမဟုတ် ဖုန်း၊ ကား တို့လို ပစ္စည်းတွေ ကံစမ်းမဲပေါက်ပါတယ်ဆိုပြီး Message ဝင်လာတာမျိုးတွေက သမရိုးကျမဟုတ်ပါဘူး။ Scammer တွေရဲ့ Marketing System တစ်ခုပါ။ ဒီနည်းက ကိုယ်တွေ့ကြုံခဲ့ဖူးတာပါ။
ကိုယ်က ဘာမှန်းမသိလို့ ဖုန်းဆက်မေးမိတာ၊ ဒါမှမဟုတ် သူတို့ဘက်ကလည်း အရင်ဆက်တတ်ပါတယ်။ ပြီးရင် ကံစမ်းမဲပေါက်တာဖြစ်ကြောင်းနဲ့ ဒီငွေလွှဲဝင်ထားတာကို ထုတ်ဖို့အတွက် Password လိုချင်ရင်၊ ဒါမှမဟုတ် ကံစမ်းမဲပေါက်ထားတဲပစ္စည်းကိုထုတ်ယူချင်ရင် ဝန်ဆောင်ခ၊ Form ကြေး၊ သယ်ယူပို့ဆောင်ခ စသဖြင့် ခေါင်းစဥ်တစ်ခုခုနဲ့ ငွေအရင်ပေးဆောင်ဖို့ ပြောပါတယ်။ တကယ်လို့ သင်က လောဘတက်ပြီး သူတို့တောင်းတဲ့ငွေကို အရင်လွှဲပေးမိရင်တော့ ဘေးမှာ တစ်ခါတည်း ရေစက်ခွက်ကလေးပါ အသင့်ချထားဖို့ ပြောလိုပါတယ်။
ဒီလို ကံစမ်းမဲပေါက်တာမျိုးတွေက တစ်ခါတစ်ရံအမှန်တကယ် ဖြစ်နေတတ်တာကြောင့် Scam ဟုတ်လား၊ မဟုတ်လား ဘယ်လိုခွဲမလဲဆိုရင် ရှင်းပါတယ်။ ကိုယ့်ဆီက ငွေအရင်တောင်းတာ မှန်သမျှက အလိမ်အညာ Scam တွေချည်းပါပဲ။ ဘယ်သမရိုးကျ ကုမ္ပဏီကမှ ကံစမ်းမဲပေါက်လို့ဆိုပြီး ငွေလိုက်မတောင်းပါဘူး။
ဒီလိုပုံစံတူလိမ်နေတာတွေလည်းရှိပါတယ်။ Social Media မှာ ချေးငွေပေးမယ်ဆိုပြီး Form ကြေးအရင်တောင်းတာတွေ၊ အလုပ်ရမယ်ဆိုပြီး Smart ကြေး၊ Form ကြေးတောင်းတာတွေစသဖြင့် Scammer တွေရဲ့ Marketing System အမျိုးမျိုးရှိတာကြောင့် လူကြီးမင်းတို့အနေနဲ့ အလိမ်မခံရစေဖို့ စေတနာများစွာနဲ့ တင်ပြလိုက်ပါတယ်နော်။
စေတနာများစွာဖြင့် လက်ယျာ
Keep Reading