ကိုလေး ( Black_sheep )

မြန်မာ့၁၂လရာသီတွင် လစဥ် ပွဲတော်တစ်ခွင် နွှဲပျော်ရွှင်ကြသည့်ဓလေ့များရှိပါသည်။ သို့သော် အဘယ်အကြောင်း ၊ အဘယ်ကြောင့်ကျင်းပဆင်နွှဲကြသည်ကို ဂဃနဏသိသူမှာ အင်မတန်ရှားလှပါသည်။ ကလေးအစ လူကြီးအဆုံး တချို့သောသူများသာ သိရှိကြပါသည်။ထိုသို့အစဥ်အလာမပြတ် ဆင်နွှဲကြသော ပွဲတော်များအကြောင်းကို မသိရှိဘဲ ပျော်ပွဲအတွက်သာ နွှဲပျော်ဆဲဆိုလျှင် မြန်မာ့ယဥ်ကျေးမှုရိုးရာပွဲတော်များ ပျောက်ကွယ်သွားမည်ကို စိုးရိမ်မိပါသည်။
မြန်မာ့ယဥ်ကျေးမှုအစဥ်အလာအဖြစ် နှစ်စဥ်ဆင်နွှဲလေ့ရှိသော ရိုးရာပွဲတော်များအနက် မိုးလေကင်းလွတ် သီတင်းကျွတ်အခါသမယအပြီး ကောင်းကင်တစ်ခွင် ကြယ်တာရာအပေါင်း ခညောင်းသည့် တန်ဆောင်မုန်းလ အခါသမယသည်လည်း ၁၂လရာသီ လတကာတို့၍ ကြည်နူးမွေ့လျော်ဖွယ် အလွန်ကောင်းလှသည့် လတစ်လဖြစ်ပါသည်။အလှူအတန်းများ ၊ ပျော်ပွဲရွှင်ပွဲများဖြင့် ခြိမ့်ခြိမ့်သဲ ရင်ထဲ ဘဝင်အသည်းအေးမြဖွယ်ကောင်းသော ထူးမြတ်သည့် လတစ်လဖြစ်ပြီး ဗုဒ္ဓဘာသာဝင်သူတော်စင်တို့၏ ကုသိုလ်ကောင်းမှုပြုလုပ်ရာပွဲတော်အများဆုံးကာလဖြစ်ပါသည်။ထို့ကြောင့် "တန်ဆောင်မုန်း" ၏ အနက်အဓိပ္ပာယ်နှင့်ခေါ်ဝေါ်ပုံများအကြောင်း ၊ ကျင်းပသော ရိုးရာပွဲတော်များဖြစ်တည်လာပုံ နှင့် ထူးခြားသော အကြောင်းများအားသိရှိစေရန်အလို့ငှာ စေ့စုံစွာဆက်လက်၍မျှဝေဖော်ပြပါမည်။
မြန်မာတစ်ဆယ့်နှစ်လတွင် တန်ဆောင်မုန်းလသည် အဋ္ဌမမြောက်လဖြစ်ပြီး ရှေးယခင်က ကျောက်စာတို့တွင် " တန်ဆောင်မှုန် " ဟု ရေးထိုးထားရာမှ " တန်ဆောင်မှုန်း " ဟု ခေါ်ဝေါ်လာကြသည်။ထိုမှတစ်ဆင့် အချိန်ကာလရွေ့လျားသည်နှင့်အမျှ အင်းဝခေတ်ရောက်မှသာလျှင် " တန်ဆောင်မုန်း " ဟူ၍ ခေါ်ဝေါ်လာကြခြင်းဖြစ်သည်။ဝေါဟာရလိနတ္ထိ ဒီပနီကျမ်းတွင် လှေသင်းအတွင်းဝန်ဦးခြိမ့်က "အမှိုက်အမှောင်ကို မီးရှူးတန်ဆောင်ဖြင့်ဖျောက်လွှင့်ချေမှုန်းသောလ " ဟု ဖွင့်ဆိုထားပါသည်။" တန်ဆောင် " ၏ အဓိပ္ပာယ်မှာ " မီးရှူး၊မီးတိုင်၊ဆီမီး " ဖြစ်ပြီး " မှုန်း " ၏အနက်ကား "တောက်ပခြင်း၊ထွန်းညှိခြင်း" ဟု အဓိပ္ပာယ်ရပါသည်။ ထိုဝေါဟာရနှစ်ခုအား ပေါင်းစပ်လိုက်ပါလျှင် "ဆီမီးတိုင်များ ပွားများပျံ့နှံ့ထွန်းလင်းသည်" ဟု အဓိပ္ပာယ်သက်ရောက်ပါသည်။ဆီမီးထွန်းပွဲတော်အား ရည်ညွှန်းခြင်းဖြစ်ပါသည်။တန်ဆောင်မုန်းလသည်ရာသီအားဖြင့် ဗြိစ္ဆာရာသီဖြစ်ပြီး ထင်ရှားသောပွဲတော်များမှာ-
-ကထိန်ပွဲတော်
-မသိုးသင်္ကန်းကပ်ပွဲတော်
-တန်ဆောင်တိုင်ပွဲတော်တို့ထင်ရှားလှသည်။
ဤလတွင် " စန်း "ခေါ်သော လမင်းသည် ကြတ္တိကာနက္ခတ်နှင့်ယှဥ်ပြိုင်ထွန်းပပြီး ထိုကာလတာရာမှာ " ကျီးတာရာ"ဖြစ်၍ ခဝဲပန်းကလေးများပွင့်လန်းရာကာလဖြစ်ပါသည်။
" ကျောင်းဆို 'သိမ် ' မှ ၊ သင်္ကန်းဆို ' ကထိန် ' မှဆိုသည့်အတိုင်း ဗုဒ္ဓဘာသာဝင်မြန်မာလူမျိုးတို့သည်တန်ဆောင်မုန်းလ၌ ရိုးရာအစဥ်အလာမပြတ်ကထိန်ပွဲတော်ပြုလုပ်လျက် သင်္ကန်းများ ကပ်လှူပူဇော်လေ့ရှိကြပါသည်။ " ကထိန် " ဆိုသည်မှာ ' ကထိန ' ဟူသော ပါဠိစကားမှ ဆင်းသက်လာခြင်းဖြစ်သည်။ သီတင်းကျွတ်လပြည့်နေ့မှ တန်ဆောင်မုန်းလပြည့်နေ့အထိ ကထိန်ပွဲတော်များကို မြန်မာနိုင်ငံအနှံ့အပြားတွင် နှစ်စဥ်ကျင်းပလေ့ရှိပါသည်။
တန်ဆောင်မုန်းလပြည့်နေ့တွင် မသိုးသင်္ကန်းကပ်ပွဲတော်များလည်း ပြုလုပ်လေ့ရှိသည်။မသိုးသင်္ကန်းဟူသည် ကထိန်သင်္ကန်းနှင့်ဆက်နွယ်နေပြီး ဘဒ္ဒဝဂ္ဂီရဟန်းသုံးကျိပ်အတွက် လိုအပ်သော သင်္ကန်းများအား နေ့ချင်းပြီးယက်လုပ်ပူဇော်ခဲ့ခြင်းကို အစွဲပြု၍ဖြစ်ပေါ်လာခြင်းပေသည်။ရှေးယခင်အချိန် သံဃာတော်များကိုယ်တိုင် သင်္ကန်းများကို ချုပ်ဆိုးဝတ်ကြရသည့်ခေတ်က ကထိန်သင်္ကန်း၏ အမည်ထူးတစ်မျိုးလည်းဖြစ်ပါသည်။ ဘုရားရှင်၏ မယ်တော်မိနတ်သားသည် သားတော်ဘုရားအလောင်း တောထွက် ရဟန်းဝတ်တော့မည်ကိုသိ၍ သင်္ကန်းကပ်လိုသောကြောင့် ညဥ့်ချင်းပြီး သင်္ကန်းရက်ချုပ်သော အထိမ်းအမှတ်အဖြစ် တန်ဆောင်မုန်းလပြည့်နေ့တိုင်း မသိုးသင်္ကန်းရက်ပွဲ ကျင်းပကာ မြတ်စွာဘုရားအား မသိုးသင်္ကန်း ဆက်ကပ်လှူဒါန်းကြသည်။မသိုးသင်္ကန်း ဆိုသည်မှာ ညတွင်းချင်း သင်္ကန်း ရက်လုပ်ခြင်း၊ ချုပ်ခြင်း ပြုလုပ်သော ကထိန်သင်္ကန်း ဖြစ်ပါသည်။မသိုးသင်္ကန်းကို တန်ဆောင်မုန်း လဆန်း ၁၄ ရက်တွင် ရက်လုပ်ပြီး တန်ဆောင်မုန်း လပြည့်နေ့တွင် ကထိန်သင်္ကန်း အဖြစ် လှူဒါန်းခြင်း ဖြစ်ပါသည်။
သာသနာတော်တွင် တန်ဆောင်မုန်းလပြည့်နေ့ကို "သာမညဖလအခါတော်နေ့" ဟုလည်း ခေါ်ဆိုကြပါသေးသည်။ ဖခင်ဗိမ္ဗိသာရကို သတ်ခဲ့မိသော အဇာတသတ်မင်းသည် ဇီဝကသမားတော်၏ အကူအညီဖြင့် ဘုရားထံရောက်ရှိသွားပြီး ရဟန်းပြုရသည့် အကျိုးကျေးဇူးများကို လျှောက်ထားရာမှ မြတ်စွာဘုရားရှင်က ရဟန်းပြုရသည့် အကျိုး ၁၃ မျိုးကို ရှင်းလင်းဟောကြားတော်မူခဲ့၏။ အဇာတသတ်မင်းသည် "သာမညဖလသုတ္တန် ဒေသနာတော်" ကို ကြားနာပြီးအဆုံးတွင် ရတနာသုံးပါး ကို ကိုးကွယ်ဆည်းကပ်သည့် ဥပသကာအဖြစ်သို့ ရောက်ရှိခဲ့လေသည်။
ထိုအခါ အဇာတသတ်မင်း၏ အိပ်မပျော်သည့် ရောဂါဝေဒနာ ငြိမ်းအေးသွားခြင်း၊ ဗုဒ္ဓမြတ်စွာ၏ သာသနာတော်၌ အသက်ပေး ကြည်ညိုသူဖြစ်လာခြင်း၊ မဟာအဝီစိငရဲသို့ မကျရောက်တော့ဘဲ လောဟကုမ္ဘီ ငရဲတွင်သာ ကျရောက်ခြင်း၊ နောင်အခါဝိဇိတာဝီ အမည်ဖြင့် ပစ္စေကဗုဒ္ဓဖြစ်ပြီး နိဗ္ဗာန်ကို မျက်မှောက်ပြုရမည့် ပုဂ္ဂိုလ်ဖြစ်ခြင်းစသည့် အကျိုးတရားများကို ခံစားရသည်ကိုအကြောင်းပြု၍ တန်ဆောင်မုန်းလပြည့်နေ့ကို "သာမည ဖလ အခါတော်နေ့" ဟု သတ်မှတ်ဖြစ်ပေါ်လာရခြင်း ဖြစ်ပေသည်။အဇာတသတ်မင်းနှင့် အခြွေအရံအပေါင်းတို့သည် တန်ဆောင်မုန်းလပြည့်နေ့ည၌ မီးရှူးတန်ဆောင်များကိုင်ဆောင်၍မြတ်စွာဘုရားရှင်အား ဖူးမျှော်ရန်သွားရောက်သည်ကို အကြောင်းပြု၍ တန်ဆောင်မုန်းလပြည့်နေ့၌ တန်ဆောင်တိုင်ပွဲတော်ကျင်းပကြသည်ဟု မဟာဗုဒ္ဓဝင်ကျမ်း ၌ဖော်ပြထားပါသည်။
(အကြောင်းအရာပြည့်စုံစွာမဖော်ပြတော့ပါ)
ထို့အပြင် ဤလ ဤအခါတွင်မှ ဆေးပေါင်းခသည်ဟု ယူဆကြသော မဲဇလီအဖူးများကိုသုပ်၍ မဲဇလီဖူးသုပ်ဝေငှသောပွဲ၊ ပံ့သကူပစ်ပွဲ ၊ ရှင်မာလဲပွဲ ၊ ကျီးမနိုးပွဲစသည့် ထူးခြားသော ဝိသေသများနှင့်ပြည့်စုံသည့် တန်ဆောင်မုန်းလကို " နတ်နိုးလ "ဟုလည်း ခေါ်ဆိုကြသေးသည်။ ဗိဿနိုးနတ်မင်းကြီးသည် နှစ်စဉ် ဝါဆိုလဆန်း ၁၂ ရက်နေ့မှစ၍ အိပ်လေရာတန်ဆောင်မုန်းလဆန်း ၁၂ ရက်နေ့တွင်မှ နိုးသောကြောင့် နတ်နိုးလဟုခေါ်ကြခြင်းဖြစ်ပါသည်။
တန်ဆောင်မုန်းလတွင်ကျင်းပသည့် မြန်မာတို့၏ ချစ်စဖွယ်ဓလေ့တစ်ခုဖြစ်သော မဲဇလီဖူးသုပ်ဝေငှပွဲမှာလည်း အလွန်ပင် ကြည်နူးဖွယ်ကောင်းလှပါသည်။ မဲဇလီဖူးသုပ်ဝေငှသောပွဲပေါ်ပေါက်လာပုံမှာ-တန်ဆောင်မုန်းလပြည့်နေ့တွင် ဆေးပင်အပေါင်းတို့ကို စောင့်သောနတ်တို့သည် မဲဇလီပင်စောင့်နတ်မင်းအား လာရောက်ခစားကြသည်ဟု အစွဲပြုကာ မဲဇလီပင်သည် ဆေးပေါင်းခသည့်အပင် ဟု ယူဆကြပါသည်။အနာမျိုး ၉၆ပါး ကင်းရန်ဟူသော ရည်ရွယ်ချက်ဖြင့် တန်ဆောင်မုန်းလပြည့်နေ့တွင် မဲဇလီဖူးသုတ်စားသည့် ဓလေ့ ပေါ်ပေါက်ခဲ့ခြင်းဖြစ်ပါသည်။
ဤတန်ဆောင်မုန်းလကို ကလေးငယ်များ အပျော်ရွှင်ဆုံးဟုလည်း ပြောနိုင်ပါသေးသည်။အဘယ်ကြောင့်ဆိုသော် တန်ဆောင်မုန်းလတွင် မြို့ ၊ ရွာ ၊ ရပ်ကွက်အသီးသီးတွင် ပံ့သကူအဖြစ် ငွေသားများ ၊ အသုံးအဆောင်ပစ္စည်းများ စွန့်ကြဲလှူဒါန်းကြသောကြောင့်ဖြစ်သည်။ယနေ့ခေတ်တွင်မူ လူငယ်တော်တော်များများ မကြားဖူးသည့်တိမ်မြုပ် ပျောက်ကွယ်တော့မည့်အလေ့တစ်ခုပင်ဖြစ်ပါသည်။
အမှန်မှာ " ပံ့သကူ ပစ်ပွဲ "ဟူသည် "ပါဠိဝေါဟာရအားဖြင့် ပံသုကူလဟုခေါ်ဆိုပြီးသင်္ကန်းစသည့် သံဃာ့အသုံးအဆောင် ပစ္စည်းများကို တိတ်တဆိတ် စွန့်ပစ်လှူဒါန်းခြင်း ဖြစ်ပေသည်။ရှေးယခင်က ရဟန်းများသည် လှည့်လည်အလှူခံခြင်းမပြုဘဲ၊ အမှိုက်ပုံစသည့် နေရာများမှတစ်ဆင့် အဝတ်စုတ်များ ကောက်ယူပြီးသင်္ကန်း ချုပ်ဝတ်လေ့ရှိပါသည်။အဝတ်ကောင်းကောင်းလေးရပြီဆိုလျှင် ထိုရဟန်းအတွက် တစ်နွေစာ တရားအားထုတ်လို့ ရနိုင်ပြီဖြစ်သည်။ ထိုရဟန်းတစ်ပါးအတွက် အဝတ်ကောင်းကောင်းလေးတစ်ခုရသွားသည်အခါတွင် ဖြစ်လာသည့် ပီတိနှင့် အလားတူပါသည်။ ကုသိုလ်ရပုံချင်းလည်း တူပါသည်။
ထိုမှတစ်ဆင့် ” ပံ့သကူပစ်ပွဲ”ဟူသော စကားပေါ်ပေါက်လာရခြင်းဖြစ်ပေသည်။
ရှေးလွန်လေပြီးသောအခါက အရှင်အနုရုဒ္ဓါမထေရ်မြတ်ကြီး၏သင်္ကန်းသည် အလွန်ဟောင်းနွမ်းနေပြီဖြစ်သည့်အတွက် အမှိုက်ပုံများတွင်ပံ့သကူအဝတ် အရှာထွက်ခဲ့လေသည်။တိုက်ဆိုင်စွာဖြင့် ထိုနေ့သည်တန်ဆောင်မုန်းလပြည့်နေ့ရဲ့ နံနက်အစောပိုင်းအချိန်အခါဖြစ်ပါသည်။ဤအခြင်းအရာအား ကြိုတင်သိမြင်နေသော ဘဝဟောင်းကဇနီးမယားတော်စပ်ခဲ့ဖူးသူ ဇာလိနီနတ်သမီးသည်သူကိုယ်တိုင်လှူဒါန်းလိုက်လျှင်(နတ်ဝတ်တန်ဆာဖြစ်သောကြောင့်) မထေရ်ကြီးက အလှူမခံမှာကို သိသည့်အတွက်မထေရ်ကြီးရောက်ရှိလာမည့် အမှိုက်ပုံအနီးနားတွင် နတ်အဝတ်၃ထည်ကိုမသိမသာစွန့်ပစ်လှူထားခဲ့ရာကနေ စပြီး ပံ့သကူပစ်ခြင်းဓလေ့ အစပြုခဲ့သည်ဟုကျမ်းအချို့တွင် ပြဆိုထားပါသည်။ထို့ကြောင့် " ပံ့သကူအစဇာလိနီက " ဟုပင် ပြောစမှတ်ပြုကြသေးသည်။
ထို့အပြင် ကြယ်တာရာ နက္ခတ်အပေါင်းစုံသော အခါသမယ တန်ဆောင်မုန်းလတွင် တာဝတိံသာရှိ စူဠာမဏိ ဘုရားအား ပူဇော်ဟန်မီးပုံးပျံများ လွှတ်တင်ပူဇော်ကြသည်။ယခုအချိန်အခါ၌မူ မီးနတ်ပူဇော်ခြင်းမျိုးမဟုတ်ဘဲ ဗုဒ္ဓမြတ်စွာဂေါတမဘုရားအား ရည်စူးကာ မီးပူဇော်မှုများနှင့် ကောင်းကင်သို့ မီးပုံးပျံများလွှတ်၍ တစ်မျိုးတစ်ဖုံ ပူဇော်ကြပြန်ပါသည် ။ မည်သို့ပင်ဆိိုစေ ဂေါတမဗုဒ္ဓမြတ်စွာဘုရားရှင်အား မည်သည့်အချိန် မည်သည့်အခါမဆို ပူဇော်မှုများ၌ စေတနာစင်ကြယ်ကာ ပူဇော်ပါက အကျိုးဖြစ်ထွန်းသည်မှာမလွှဲပေ ။ ခေတ်အလျောက်မီးနတ်ပူဇော်မှုအယူကို ဖယ်ကာကွယ်ပျောက်လျက် ဘုရားအားမီးပူဇော် ကုသိုလ်ယူကြသဖြင့် တစ်မျိုးတစ်ဖုံ ကုသိုလ်ရပြန်လေသည် ။ ထို့ကြောင့် ဆက်လက်ကာ မြတ်စွာဘုရားအား မှတ်ယူလျက် ကုသိုလ်အမှုများ လုပ်ဆောင်ကြခြင်းများအား ကျွန်ုပ်၏ ထင်မြင်ချက်ကိုတင်ပြရပါလျှင်မူ ကုသိုလ်အမှုဖြစ်ပါသောကြောင့် ဝမ်းမြောက်ဝမ်းသာ မီးပူဇော်ခြင်း ၊ အလှူအတန်းပြုလုပ်ခြင်းများကို အားပေးမိချင်မိပါသည်။
လူသိနည်းလှသော " ရှင်မာလဲပွဲ " ဟူသည် ရှင်မာလဲမထေရ်က တန်ဆောင်မုန်းလပြည့်နေ့ရောက်တိုင်း ဝေသာန္တရာ ဇာတ်တော်ကို ဟောကြားသည်ကို အကြောင်းပြု၍ ဖြစ်ပေါ်လာသော ပွဲဖြစ်ပါသည်။လှော်ကားပုံပြု၍ လှော်ကားထက်တွင် အသီးတစ်ထောင်၊ အပွင့်တစ်ထောင်၊ ထမင်းဆုပ်တစ်ထောင်၊ ဆီမီးတစ်ထောင် တင်၍ လှူဒါန်းကြခြင်းကြောင့် လှော်ကားပွဲတော်၊ ထောင်ပြည့်ပွဲတော် ဟုလည်းခေါ်ဝေါ်ကြသေးသည်။ယခုခေတ်တွင် ထိုပွဲတော် ပျောက်လုနီးပါး ရှိနေပြီဖြစ်သည်။
လူသိအများဆုံး တန်ဆောင်မုန်း၏ ပွဲတော်တစ်ခုမှာ - " ကျီးမနိုးပွဲ (သူခိုးကြီးည) " ဖြစ်ပါသည်။ တန်ဆောင်မုန်းလပြည့်ညရောက်ပြီဆိုလျှင် လူငယ်တော်တော်များများ တက်ကြွကြပါသည်။ ထိုသည်မှာ အခြားမဟုတ်ပေ။ "ကျီးမနိုးပွဲတော်"အား "သူခိုးကြီးည" ဟုခေါင်းစဥ်တပ်ကာ စိတ်ပါလက်ပါ ခိုးယူတတ်သည့် မကောင်းအပြုအမူတစ်ရပ်ဖြစ်လေသည်။
ကျီးမနိုးပွဲတော်ကို စာဖတ်သူလေးများ ကြားဖူးကြလိမ့်မည်ထင်ပါသည်။ ကျီးမနိုးပွဲကို ညလယ်သန်းခေါင် ပစ္စည်းများခိုးဝှက်ရသည့်နေ့ဟုခေါ်ဆိုပါသလား။ ရပ်ကွက်ထဲလှည့် ကြက်ခိုးသတ်၍ အိမ်တွင်ချက်စားရသည့် ပွဲဟု ခေါ်ဆိုပါသလား။မဟုတ်ပါ။
ရှေးယခင်က " ကျီးမနိုးပွဲ " ဆိုသည်မှာ အလွန်တရာမှ ချစ်စရာကောင်းလှသော ဓလေ့တစ်ခုဖြစ်ပါသည်။ တန်ဆောင်မုန်းလပြည့်ကျော်တစ်ရက်နေ့သည် နက္ခတ်စုံပြီး ကြတ္တိကာနက္ခတ်နှင့်ယှဥ်သောနေ့တစ်ရက်ဖြစ်သည့်အလျောက် ကာလသားများ သိဒ္ဓိတင်ရန် ဆေးစွမ်းပြသော အကောင်းဆုံးရက်မြတ်လည်းဖြစ်ပေသည်။ဤဟာသည် ဆေးမင်ကြောင် ဒုတိယမြောက်ဖြစ်ပြီး ဂဝံကြောင်ရုပ် ၊ သူရဿတီနတ်သမီးရုပ်တို့ကို ထပ်မံထိုးနှံခြင်းဖြစ်ပါသည်။ထိုတန်ဆောင်မုန်းလပြည့်ညတွင် ထိုးနှံသော ဆေးမင်များ ဘယ်လောက်စွမ်းကြောင်း ဘယ်လောက်အောင်မြင်ကြောင်းသိရှိရစေရန် ဆေးစွမ်းထက်မထက် စမ်းသပ်ကြလေ့ရှိပါသည်။ဆေးစွမ်းပြသည့်အချိန်တွင် ခန္ဓာကိုယ်တစ်ခုလုံးသည် ကြောင်တစ်ကောင်ကဲ့သို့ ပေါ့ပါးသွက်လက်နေသည်ဟု ဆိုကြပါသည်။မိမိ၏ဆေး ဘယ်လောက်စွမ်းသည်ကို ပြိုင်သည့်အနေဖြင့် ' မည်သူက မည်သည့်ပစ္စည်းကို ပိုင်ရှင်မသိအောင်ယူနိုင်သလဲ ' စသည်ဖြင့် ပြိုင်ကြပါသည်။ထို့နောက် ယူဆောင်လာသောပစ္စည်းများကို ခိုးကွင်းဟုခေါ်သောနေရာတွင် ပိုင်ရှင်အမည်နဲ့ ယူလာရန်နေရာကို စာကပ်ထားလေ့ ရှိပါသည်။ မိုးလင်းသည့်အခါတွင် ပစ္စည်းပိုင်ရှင်များက သင်္ကန်းအစုံအလင်ဖြင့် မိမိတို့၏ ပစ္စည်းကို လာရောက်ရွေးယူကြရပြီး ကထိန်ပွဲကို ဆင်နွဲကြသည်။ကျီးမနိုးခင်အချိန်မှာ အပြီးအစီးလုပ်ဆောင်ကြသည့်ပွဲဖြစ်သောကြောင့် " ကျီးမနိုးပွဲ " ဟု ခေါ်ဝေါ်ကြခြင်းဖြစ်ပါသည်။
အကယ်၍ ပစ္စည်းခိုးသောသူအားဖမ်းမိပါလျှင် အဆိုပါခိုးသူကို ဖမ်းပြီး ခိုးကွင်းမှာ ကတုံးတုံးကာ ပြာလူးပြီး ထားကြလေသည်။ပြီးနောက် ကထိန်ပွဲမှာခိုးသူကို ရွာသူကြီး/ ဥက္ကဌကတရားသူကြီးလုပ်ကာ တရားစီရင်ခြင်းနဲ့ ဟာသပြုလုပ်ပြီး ခိုးသူကို ရဟန်း၀တ်စေပါသည်။
ယနေ့ခေတ်တွင် မသမာသူများက ကျီးမနိုးပွဲကို "သူခိုးကြီးည" ဟုနာမည်တပ်လိုက်ကြသောကြောင့် အမည်ရင်းဖြစ်သော ကျီးမနိုးပွဲ ဆိုသည့် နာမည်လည်း ပျောက်ကွယ်သွားပြီး တန်ဖိုးရှိသော ပစ္စည်းများကိုပါ အမှန်တကယ် ခိုးယူတတ်ကြပါသည်။ယခင်က ခိုးယူသော ပစ္စည်းကို ပြန်လည်ရရှိသော်လည်း ယခုအခါမှာတော့ပြန်မပေးရုံသာမကအချို့ဆိုလျှင်လမ်းများပေါ်တွင် ရုပ်ပျက်ဆင်းပျက်ဖြစ်အောင် ဆိုင်းဘုတ်များကို ဖြုတ်ချခြင်း ၊ အရက်၊ ဘီယာ ၊ အစားအသောက်များကို ပြန့်ကျဲနေအောင် ဖွခဲ့ခြင်း ၊ အချို့ ကားမှန် ၊ မီးလုံး ၊ နောက်ကြည့်မှန်များကိုပါ ခိုးယူဖျက်ဆီးခြင်းဖြင့်အပျော်အပြက်မှ အပျက်ဘက်သို့ ဦးတည်လာနေကြသည်။ရှေးယခင်က ချစ်စရာဓလေ့တစ်ခုဖြစ်သော်ငြားလည်း ယခုချိန်တွင် ကျီးမနိုးပွဲကို အခွင့်ကောင်းယူကြသောကြောင့် အစဥ်အလာမပြတ်နွှဲပျော်ခဲ့သော ယဥ်ကျေးမှုပွဲတော် ပျက်သုဥ်းလုပြီဖြစ်သည်။
ရိုးရာဓလေ့ကို ထိန်းသိမ်းလိုပါက ရိုးရာယဥ်ကျေးမှုပွဲတော်၏ အမှန်တရားနှင့် မူလအနှစ်သာရကို သိရှိရန်လိုအပ်ပါသည်။ပွဲတော်ဆင်နွှဲတိုင်းလည်း ထိန်းသိမ်းရာ မရောက်နိုင်ပါပေ။ ဥပမာဆိုရလျှင် "ကျီးမနိုးပွဲတော်"အား ဆင်နွှဲသော်ငြား လွဲမှားနေသောကြောင့် ခိုးခံရသည့်ပိုင်ရှင်များလည်း စိတ်ဒုက္ခရောက်ကြမည်ဖြစ်သည်။ ချစ်စရာကောင်းသော ဓလေ့ကို ချစ်စရာကောင်းအောင်ထိန်းသိမ်းကြရင်း မြန်မာတို့၏ ယဉ်ကျေးမှုထုံးတမ်းများ မကွယ်ပျောက်သွားစေဖို့ ကျွန်တော်တို့ ကျွန်မတို့ လူငယ်များ ကြိုးစားမှသာ ယဥ်ကျေးမှုပွဲတော်များ အဓွန့်ရှည်ခိုင်မြဲမည်ဖြစ်ပါသည်။
မြန်မာ့ရိုးရာ၁၂ရာသီပွဲတော် များကို ပါဝင်ဆင်နွှဲရင်း ကောင်းမှုကုသိုလ် များဖြင့် နှလုံးစိတ်ဝမ်းအေးချမ်းကြပါစေ ဟု ဆုတောင်းရင်း တိုက်တွန်းရေးသား လိုက်ရပါသည်။ ။
ကိုးကားချက်။ ။မြန်မာ့ရိုးရာ၁၂ရာသီပွဲတော်များစာစုတချို့မှကိုးကားရေးသားပါသည်။
~ချစ်ခင်လေးစားရပါသော ဖတ်ရှုသူများအားလုံးကို ကျေးဇူးအထူးတင်လျက်~
-ကိုလေး ( Black_sheep )
၂၇ ၊ ၁၀ ၊ ၂၀၂၄ [ တနင်္ဂနွေနေ့ ]
Keep Reading