Paing 's Atmosphere
|| နယူးဖိ၌ ပျောက်ကွယ်ခြင်းရဲ့ အနက်ရောင်မြင်ကွင်း ||
ငါ့ကဗျာတွေကို ဖေ့ဘုတ်ကဘဲက မင်းတို့ကို မပြဘူး
ဒီဘဲက ငါကိုးတန်းကျောင်းသားဘဝ စကော ဖိနပ်စီးပြီး အခန်းထဲ ဝင်လာတုန်းက ကြည့်တဲ့မျက်လုံးနဲ့ ငါ့ကဗျာတွေကို
ကြည့်နေတာ
ကဗျာဂုဏ်မောက်နေတဲ့ကောင်ပါကွာဆိုတဲ့ အချိုးနဲ့
မနာလိုတိုရှည် ကြိတ်အားကျစွာ တိတ်တခိုးနဲ့
ငါ့ကဗျာတွေ မင်းတို့ကို မပြဘူး
ငါ့ကဗျာတွေထဲ ဟင်းခတ်အမွှေးအကြိုင်တွေ ဒတ်သင်္ဘောကြီးနဲ့ ကုန်ကူးလာတာကို ဒီဘဲသိတယ်
အရသာရှိအောင် ချက်ပြုတ်နည်းကို ဖွက်ထားခဲ့လို့
ငါ့ကဗျာတွေ မင်းတို့ကို မပြဘူး
အသည်းကွဲပုံ ကွဲနည်းအဆင့်ဆင့်ကို ငိုပြထားပါရက်နဲ့
လက်တွေ့ခန်းထဲ ခွက်ေတွငေးပြီးပြန်လာရသလို
အထာကျကျ မဆွေးတတ်တဲ့ ဗလာကောင်ကြီးမို့
ငါ့ကဗျာတွေ မင်းတို့ကို မပြဘူး
ပရိုင်းမိတ်ကနေ အေအိုင်ထိ ငါ့က စကားဝှက်နဲ့ ရေးထားတော့
ဗြမ္မာဟီမသိ ဗျည်းမသိ သမိုင်းဖြစ်စဥ်တစ်ခုလုံးမှာ ဒူအဆုံးလို
ငါ့ကဗျာတွေ မင်းတို့ကို မပြဘူး
ဒီဘဲက ဦးနှောက်တွေ ဖောက်စားနေတာ
ငါ့ကဦးနှောက်တွေ အခြောက်လှန်းပြီးမှ တင်သွင်းတော့
ဒီဘဲ ဦးနှောက်ချောက်သွား
ငါ့ကဗျာတွေ မင်းတို့မပြဘူး
ငါ့ကဗျာတွေက ဒီဘဲသိသမျှ သဒ္ဓါစည်းကမ်းတွေ အကုန်ဖောက်ဖျက်ထားလို့ မင်းတို့ကို မပြဘူး
ကာရန်တွေကို ဖောက်ထားတာ အသံတွေကို ထစ်ထားတာ
နရီတွေကို ဖျက်ထားတာ ဘာသဘောညာသဘောမှ မှန်းမရ
ငါ့ကဗျာတွေ မင်းတို့ကို မပြဘူး
ငါ့ကဗျာတွေ သူရောင်းစားစရာ ဘာမာကတ်တင်းအချက်အလက်မှ မပါဘူး
အမူအကျင့်တွေကလည်း ဗရုတ်ဗရတ် စိတ်အာရုံကလည်း ဒူချက် ဒူချက်
ငါ့ကဗျာတွေ မင်းတို့ကို မပြဘူး
ကံကောင်းေထာက်မလို့တောင်မရတဲ့ ကဗျာဆရာဘဝ
ဒီဘဲက တိတ်တိတ်လေးအားကျ နှစ်တစ်ထောင်သိုင်းကျမ်းလို
ကျိတ်ကျင့်နေတာ
ငါ့ကဗျာတွေ မင်းတို့ကို ဘယ်တော့မှ မပြဘူး
ပိုင်ခ
26.1 .2024
Keep Reading