သတ္တိသွေး
(၁)
ကော်ဖီပူပူလေးတစ်ခွက်သောက်ဖို့ ရေနွေးအိုးတည်ထားရင်း နေ့လယ်စာစားပြီးသား ပန်းကန်တွေကို ဆေးကြောနေတယ်။ ကလောက်ဆိုတဲ့အသံလေးနဲ့ ခလုတ်တက်ပြီး ရေနွေးအိုးဆူသွားတော့ ကိုယ်ကြိုက်တဲ့ကော်ဖီထုပ်လေးဖောက်၊ ရေနွေးပူပူလေးနဲ့ မွှေခလောက်ပြီး စာကြည့်ခန်းဘက်ထွက်လာမိတယ်။
*****
(၂)
စာကြည့်ခန်းနံရံက ပြက္ခဒိန်ကိုအမှတ်မထင်ကြည့်မိတော့ သီတင်းကျွတ်လဆန်း(၁၄)ရက်၊ မနက်ဖြန် လပြည့်နေ့ ရောက်ပြီပဲ။ စာထိုင်ဖတ်မလို့ စာကြည့်စားပွဲလေးမှာထိုင်ပြီး ကော်ဖီပူပူတစ်ငုံလောက်မှုတ်သောက်ရင်း ပြတင်းပေါက်ကို အမှတ်မထင်ငေးကြည့်မိတယ်။ အိမ်ရှေ့အိမ်ရဲ့အရှေ့မှာ ကားတစ်စီးရပ်ပြီး မိသားစုတစ်စုဆင်းလာတယ်။ အဖေ၊အမေဖြစ်ပုံရတဲ့လင်မယားနှစ်ယောက်၊ ဆယ်ကျော်သက်ကောင်လေးတစ်ယောက်၊ (၇)နှစ်(၆)နှစ်အရွယ်ကလေးမလေးတစ်ယောက် ပါတယ်။ အိမ်ရှေ့အိမ်မှာ အဘိုးကြီး၊အဘွားကြီးလင်မယားနှစ်ယောက်နဲ့ သူ့သမီးအပျိုကြီးတို့နေကြတာလေ။ ကားပေါ်ကဆင်းလာတဲ့ယောက်ျားကြီးက အဘိုးကြီးတို့ပြောပြောနေတဲ့ သားအငယ်ကောင်နဲ့ မိသားစုပဲဖြစ်ရမယ်။ ဟော၊ကြည့်စမ်းပါဦး။ အဘွားကြီးက သူ့မြေးတွေနဲ့ဖက်နမ်းရှုံ့နေကြတာ ပျော်စရာကြီးပါလား။ ကိုယ့်ဘိုးဘိုးနဲ့ဘွားဘွားတွေတောင် သတိရမိသွားတယ်။ ကော်ဖီပူပူလေးသောက်လိုက်၊ ၀တ္ထုလေးတစ်အုပ်ဖတ်လိုက်၊ ပြတင်းပေါက်လေးငေးလိုက်နဲ့ နေ့လယ်ခင်းလေးကို ဖြတ်သန်းနေတယ်။ မေမေနဲ့မမက ဈေးသွားတယ်လေ။ မနက်ဖြန်လပြည့်နေ့ကျ အိမ်ရှေ့မှာမီးထွန်းမလို့တဲ့။ အလှမီးသီးလေးတွေ၊မီးပုံးလှလှလေးတွေ သွားကြည့်ကြတာ။ ကိုယ်နဲ့ကိုကြီးကလိုက်ပါမယ်ဆိုတာကို မခေါ်ကြဘူး။ သားကြီးနဲ့သားငယ် အိမ်မှာပဲအေးဆေးနေခဲ့တဲ့။ ခဏပဲသွားပြီးပြန်လာမှာတဲ့။ ဟုတ်ပါပြီလေ။ အိမ်မှာပဲနေဆိုလည်းနေခဲ့ရတာပေါ့။ နောင်တော်အိပ်ပုပ်ကတော့ ထမင်းစားပြီးတာနဲ့သွားနှပ်နေတော့တာပဲ။ ကိုယ်ကတော့စာကြမ်းပိုး။ တစ်နေ့တစ်နေ့ စာအုပ်လေးတစ်အုပ်မှ မဖတ်ရရင်အိပ်မပျော်စားမ၀င်။
*****
(၃)
နေသာနေရာကနေ မိုးလေးကအုံ့ပြီးတဖွဲဖွဲကျလာတယ်။ ခြေသံကြားပါတယ်။ ကိုကြီးနိုးလာပြီထင်တယ်။ မိုးကလည်းဗျာ၊နေသာနေပါတယ်ဆိုမှ၊ရွာလာပြန်ပြီ၊ ညနေ အိမ်ရှေ့မှာ ဖယောင်းတိုင်မီးလေးစထွန်းမလား တွေးနေတာကိုလို့ ညည်းမိလိုက်တယ်။ ငယ်ငယ်တုန်းက နယ်မြို့ကအိမ်မှာနေခဲ့တုန်းက ပျော်စရာကောင်းလှပေါ့ဗျာ။ သီတင်းကျွတ်လပြည့်နေ့မတိုင်ခင်ရက်တွေကတည်းက ဆီမီးထွန်းကြတာ။ လမ်းထဲမှာလေ။ လမ်းထဲကလူတွေစုပြီး ဆီမီးကိုးထောင်ပူဇော်ကြတာ။ ဆီမီးခွက်တွေကို စာသားတွေပေါ်အောင် ပုံဖော်ပြီးစီကြတာ။ ကိုယ်တွေကလေးဘ၀ဆိုတော့ လူကြီးတွေ ဆီမီးခွက်တွေဝိုင်းချရင် ဝိုင်းလုပ်လိုက်ကြတာပဲ။ ပြီးရင်ဆီတွေလိုက်ဖြည့်ကြတာပေါ့။ လူကြီးတွေက ကလေးတွေ ထွန်းလို့ရပြီဟေ့ဆိုတာနဲ့ ကိုယ့်ခွက်၊ကိုယ့်နေရာဟဲ့ဆိုပြီး လုကြတာ။ လမ်းထဲက မင်းမင်းတို့၊သဇင်တို့ ငယ်သူငယ်ချင်းတွေလည်း ပါတယ်။ ပျော်ဖို့သိပ်ကောင်းတာပဲ။ လမ်းထိပ်မှာစေတီတစ်ဆူရှိတယ်လေ။ အဲ့စေတီက လပြည့်နီးပြီဆို ဘုရားပွဲလုပ်ပြီ။ မြို့ကဆရာတော်တွေကလည်း တရားဟောကြတယ်။ ဘိုးဘိုးဘွားဘွားတွေကတော့ စေတီ၀င်ဖူး၊တရားသွားနာကြတာ။ ဘုရားပွဲလုပ်ပြီဆိုတာနဲ့ တို့ကလေးတွေပျော်ကြတာပဲ။ ပွဲဈေးလေးခင်းတယ်လေ။ ဟိုဘက်လမ်းက သူဌေးဦးဇော်ကြီးတို့က ပွဲဈေးမှာရဟတ်တွေ၊ချားတွေခင်းပေးတယ်။ ကလေးတွေပျော်ပျော်ကြီးသွားစီးကြတာပဲ။ ဘေးအိမ်ကဒေါ်သန်းတင်တို့က ဘူးသီးကြော်၊ပဲကြော်အကြော်စုံရောင်းတယ်။ မသန်းတင်အကြော်စုံဆို နာမည်သိပ်ကြီးပေါ့။ ငုံးကြော်၊ကြက်သဲကြက်မြစ်ကြော်လေးတွေထိရတယ်။ လူကြီးတွေကိုပွဲဈေးလျှောက်ရင်း ၀ယ်စားချင်လို့ပူဆာကြတာပဲ။ တခြားရပ်ကွက်တွေကလူတွေကလည်း ဈေးလာရောင်းကြသပေါ့။ မစ်ရှိတ်လာရောင်းရင် သိပ်ပျော်တာ။ မမကတစ်မျိုး၊ ကိုကိုတစ်မျိုး၊ ကိုယ်တစ်မျိုး မတူတာမှာသောက်ကြတာ။ မတူတာသောက်တော့ အစုံသောက်ရတယ်လေ။ အကုန်မျှသောက်ကြတာပဲ။ အရသာ အစုံသောက်ချင်တာကို။ အသုပ်စုံသည်၊ ရေမုန့်သည်၊ မုန့်လင်မယားသည်၊ စမူဆာသုပ်သည်၊ အိန္ဒိယမလိုင်သည် စုံနေတာပါပဲ၊ စားစရာတွေကတော့။ ကလေးဆိုတော့လည်း တစ်နေ့တစ်မျိုး မရိုးရအောင် ပူဆာတာပဲ။ အရုပ်ပေါင်းစုံ၊ ကစားစရာပေါင်းစုံ အသည်တွေကလည်း စုံလို့ဗျို့။ လူကြီးတွေကတော့ ပွဲဈေးမလုပ်ပါစေနဲ့ ဆုတောင်းနေလောက်တယ်။ လပြည့်နေ့ညဆို ဘိုးဘိုးဘွားဘွားတို့၊ ဦးလေးဒေါ်လေးတို့ကို သွားကန်တော့ကြတာ။ အမျိုးတွေအကုန်လုံးက အိမ်နားမှာပဲနေကြတာဆိုတော့ သွားရလွယ်တယ်။ မုန့်ဗုံးဆိုဒ်စုံတွေပါတယ်၊ ကော်ဖီမစ်၊အိုဗာတင်း၊ငှက်သိုက်၊ ကိုယ်ကြိုက်တဲ့ အနံ့မွှေးတဲ့ကြက်သားဘီစကစ်ထုပ်တွေလည်းပါတယ်၊ အကုန်သယ်ပြီး အမျိုးတွေအိမ် တက်ဆင်း ကန်တော့ကြတာ။ ကလေးဆိုတော့ ကန်တော့တာဘာညာ သိပ်မသိပါဘူး။ ကန်တော့ပြီးရင် မုန့်ဖိုးပြန်ရတာကို ပျော်တာလေ။ ကြီးလာမှသာ သေချာသိပြီး ကန်တော့ဖြစ်တာ။ ငယ်ငယ်က ဘိုးဘိုးနဲ့ဘွားဘွားက မုန့်ဖိုးပေးပြီးရင် မေးတယ်။ ဘိုးဘိုးဘွားဘွား ဘယ်သူ့ကိုပိုချစ်လဲတဲ့။ ဒေါ်ကြီးတို့လင်မယား၊ ဒေါ်လေးတို့လင်မယားကလည်း မေးနေကြပဲ။ ဘာမှန်းညာမှန်းမသိဘူး။ ကိုယ်တွေမောင်နှမသုံးယောက်ကလည်း မုန့်ဖိုးများများပေးတဲ့သူကို ပိုချစ်တယ်ပြောလိုက်ကြတာပဲ။ ဘာခက်တာမှတ်လို့။ အမျိုးတွေက တညီတညွတ်တည်းပြန်ပြောကြတယ်။ ငလည်လေးတွေတဲ့။ အဲ့နေ့ဆို ညစာ သူတို့အိမ်တွေမှာပဲ စားကြတာ။ ကြုံသလိုပေါ့။ ဘွားဘွားအိမ်ဆို ဘွားဘွားချက်တဲ့ ကြက်သားဆီပြန်၊ ဆိတ်သားနှပ်တို့ဟာ သိပ်မွှေးလှပေါ့။ မဆလာနံ့လေးမှသင်းလို့။ ဒေါ်လေးကလည်း ချဉ်ပေါင်ဟင်းချက်ကောင်းတယ်။ အရည်ဆမ်းစားရင် ထမင်းနှစ်ပန်းကန်လောက်တော့ လျှောခနဲပဲ။
*****
(၄)
အိမ်ပြန်ရောက်ရင်တော့ ဖေဖေက သားတို့သမီးတို့ မီးပူဇော်ကြတော့မလားတဲ့မေးပြီဆိုရင် မေမေကလည်း အနားရောက်လာပြီ။ မေမေပြောပြနေကြ သီတင်းကျွတ်လပြည့်ရောက်ရင် ဗုဒ္ဓဘုရားရှင်က သူ့မယ်တော်ဖြစ်ဖူးတဲ့ နတ်သားကိုတရားဟောပြီး လူ့ပြည်ပြန်ကြွလာတာကို မီးထွန်းညှိကြပြီး ကြိုဆိုပူဇော်ကြတာတဲ့။ ဖေဖေ၊မေမေ့စကားတောင်မဆုံးသေးပါဘူး၊ မောင်နှမသုံးယောက်သား ဖယောင်းတိုင်ထုပ် လုကြတာပဲ။ အိမ်နေရာပေါက်စိ လိုက်ထွန်းကြတာ။ မေမေက တဟဲ့ဟဲ့နဲ့ လိုက်တားတယ်။ သေချာကြည့်ထွန်းကြပါဟဲ့၊ အ၀တ်တွေလှမ်းထားတဲ့နား မထွန်းနဲ့ဟဲ့၊ သားကြီး လျှပ်စစ်အလှမီးလေးတွေ လာဆင်ပေးပါဦးဟဲ့ ဟဲ့ပေါင်းများစွာနဲ့ မိသားစုတွေပျော်ပျော်ကြီးပေါ့။ လမ်းထဲမှာလည်း အိမ်တိုင်းလိုလို ဖယောင်းတိုင်မီးလေးတွေ၊ လျှပ်စစ်မီးလေးတွေနဲ့ ထိန်ထိန်သာပေါ့။ မီးရှူးမီးပန်း တဖောင်းဖောင်း ဖောက်သံလေးတွေကလည်း တဖောက်ဖောက်နဲ့ မြို့လေးဟာ သာသာယာယာ ဆူညံဟစ်မြည်လို့ နေတယ်။
*****
(၅)
သားငယ် မိုးတွေရွာနေတာ အ၀တ်တွေမရုတ်ဘူးလား စိုကုန်ပြီကြည့်ပါဦး၊ သားကြီးရော အိပ်ရာမထသေးဘူးလားဟဲ့။ အော်... ငါ မီးထွန်းနေတာ မဟုတ်ဘူးလား။ အိမ်ပြန်လာတဲ့မေမေနဲ့မမရဲ့အသံတွေ၊ မိုးတွေပိုသည်းလာတဲ့ အသံတွေနဲ့အတူ စိတ်ကူးယဉ်အိပ်မက်လေးထဲကနေ ရုန်းထွက်ပြီး အ၀တ်တွေပြေးရုတ်၊ ပြတင်းပေါက်တွေလိုက်ပိတ်နဲ့။ နောက်... ပြန်ထိုင်ရင်း ဖုန်းအားသွင်းထားတာ ပြည့်ပြီလား တစ်ချက်ကြည့်မိလိုက်တယ်။ notiတက်နေပါလား။ telegram channelတွေကပဲ။ အော်... ငါ ဒီနေ့ အလုပ်လုပ်ရဦးမှာပါလား။ လုပ်မယ် လုပ်မယ်။ ကိုယ်တတ်နိုင်သလောက် ကြိုးစားရမယ်။ သီတင်းကျွတ် နေ့လည်ခင်းက မိုးတစိမ့်စိမ့်စဲလိုက်၊သဲလိုက်ဖြစ်နေတုန်းပဲ။ ညဘက်တော့ပြန်တိတ်ကောင်းတန်ပါရဲ့လေ။ မိုးတွေသည်းသည်းထဲမှာ နေရာအရပ်ရပ်ဆီက ညီအစ်ကိုမောင်နှမတွေရော မိုးလုံကြရဲ့လား၊ နွေးနွေးထွေးထွေးရောရှိကြရဲ့လား၊ နေရောကောင်းကြပါရဲ့လားလို့ လားပေါင်းများစွာတွေးရင်း သူတို့တွေ ဘေးဘယာကင်းကြပြီး အရာရာအောင်မြင်ကြပါစေလို့သာ ဆန္ဒပြုနေမိတော့တယ်။
★★★★★
ကလောင်အမည်- သတ္တိသွေး
Keep Reading