Lailar
မှတ်မှတ်ရရ ပထမဦးဆုံးအကြိမ် လဝကရုံးကို သွားတုန်းက တော်တော် စိတ်ကသိကအောက် ဖြစ်ခဲ့ရတာကို မှတ်မိသေးတယ်။မှတ်ပုံတင် လုပ်မယ်ဆိုပြီး အဖေ့ကို ပြောထားတာ ကြာပြီ။ဒါပေမဲ့ ၃၊ ၄လသာ ကြာသွားတယ် မရဘူး။အဲ့တာကြောင့် လဝက ရုံးကို ကိုယ်တိုင် အဖေနဲ့အတူ စာရွက်စာတမ်းတွေယူကာ သွားရတော့တာပေါ့။လိုတာတွေက
- အိမ်ထောင်စုစာရင်း(အစစ်)/မိတ္ထူ
- အဖေ အမေ၊နှစ်ဖက်အဘိုးအဘွား မှတ်ပုံတင် (အစစ်)/မိတ္ထူ
- ရပ်ကွက်ထောက်ခံစာ
- ရဲစခန်းထောက်ခံစာ
- ကျောင်းထောက်ခံစာ (စလုပ်တုန်းက ကျောင်းသားမို့လို့)
- သွေးစစ်မှတ်တမ်း
- ဓာတ်ပုံ (မှတ်ပုံတင်အတွက် သက်သက်ရိုက်ရတဲ့ပုံ ၃ပုံ )
အဲ့တာတွေက မဖြစ်မနေ ယူသွားရမဲ့စာရွက်စာတမ်းတွေပါ။ရုံးရောက်တဲ့ အခါမှာတော့ မှတ်ပုံတင်လုပ်ပေးတဲ့ တာဝန်ခံရဲ့ တောက်တိုရာထူးကို စတင် ထမ်းဆောင်ရတော့တာပါဘဲ။တစ်ချို့က သဘောကောင်းကြပေမဲ့၊ကံဆိုးချင်တော့ မှတ်ပုံတင် လုပ်ပေးတဲ့ တာဝန်ခံအန်တီက ချောချောလေးနဲ့ အလွန်ဘဝင်မြင့် စကားပြောရိုင်းတဲ့သူ ဖြစ်နေခဲ့ပါတယ်။သူက စကားပြောတာလဲ တော်တော့်ကို တိုးညှင်းပြီး သူပြောတာကို မကြားရင်လဲ ဒေါသထွက်တတ်တယ်။အဲ့လိုပုံစံမျိုးကို စိတ်မဆိုးနိုင်ဘဲ အဖေနဲ့ ဆင်တူတဲ့သူကို တွေ့ရလို့ မရယ်မိအောင် ထိန်းထိန်းသိမ်းသိမ်း နေခဲ့ရတာက တစ်ကြောင်း၊သူ့ရှေ့ခါးထောက်ပါတယ်ဆိုပြီး အစွပ်စွဲခံရတာ တစ်ကြောင်း၊အိမ်ထောင်စုစာရင်း မိတ္ထူက အရင်က အဟောင်းဖြစ်နေတာကြောင့် နေပူကျဲထဲ နှစ်ခါပြန်ကာ မိတ္ထူဆွဲရတာက တစ်ကြောင်း။လုံးလည်ချာလည်ကို လိုက်လို့။
အဆိုးဆုံးကတော့ တာဝန်ခံကို စိတ်မရှည်တော့တဲ့အဖေက သမီးဖြစ်သူကို ရုံးထဲထားခဲ့ပြီး အပြင်ထွက်သွားတဲ့ ကိစ္စပေါ့လေ။
နွေရာသီကြီးမို့လို့ ပူကပူ၊ လူကရှုပ်တဲ့ကြားထဲက ပန်ကာသံက တစ်ကျွီကျွီနဲ့ တာဝန်ခံရှေ့မှာ မလှုပ်ရ! ဥပဒေ ပြဠာန်း ထားတာကြောင့် ကျောက်ရုပ်အလား တောင့်တောင့်ကြီး ရပ်စောင့်ရသေးတယ်။အဲ့လိုနဲ့ မနက်တည်းကစောင့်လိုက်တာ နေ့လည် တစ်နာရီလောက်ရောက်တော့ ပြီးသွားပါတယ်။ရုံးဝန်းထဲကလဲ ထွက်၊လူလဲ zombie ဖြစ်သွားလားအောက်မေ့တယ်။စိတ်ထဲက အလုံးကြီးကျသွားပြီး ဘာကိုမှဂရုမစိုက်ချင်တော့တဲ့ အခြေအနေနဲ့ အိမ်ကိုပြန်ရောက်လာတယ်။
အိမ်ရောက်တော့ ဖြစ်ကြောင်းကုန်စင်သံတော်ဦးတင်ရတဲ့ ကိစ္စကရှိသေးတာမို့လို့ ကိုယ့်ကိုယ်ကို "ကောင်းကောင်းလုပ်လာတာပါလား" ဆိုတဲ့ ဂုဏ်ယူတဲ့စိတ်နဲ့ ဖောက်သည်ချပါလေရော။ဇာတ်လမ်းထဲမှာတော့ အမြင်အကတ်ခဲ့ဆုံး တာဝန်ခံ အန်တီက 'ဗီလိန်' ပေါ့လေ။ဖြစ်ကြောင်းကုန်စင်ပြောပြပြီး ရေချိုးအနားယူကာ ရဖို့ တစ်လကျော်ကျော်ထိ ကြာဦးမည် ဖြစ်တဲ့ မှတ်ပုံတင်ကတ်လေးကို သစ်ကုလားအုပ်လို လည်ပင်းရှည်ကာ စောင့်ရတော့တာပေါ့ကွယ်။
Lai ?
[12.10.24]
Keep Reading