အင်ပေါ်စေပယ်
Message တစ်ခုဝင်လာတယ်
"လမ်းခဲွရအောင်"
အဲဒိမှာ ငါ့တစ်ကိုယ်လုံး ကျကွဲတော့တာပဲ
"ဘယ်တော့မှ ပြန်မရနိုင်တော့ဘူးလားဟင်"
ငါ့တစ်ကိုယ်စာကြားနိုင်ရုံ မေးလိုက်တယ်၊
ငါနဲ့ ရန်ဖြစ်ထားတဲ့ မီးခလုတ်ကို ဖွင့်တယ်
ကဗျာစရေးတယ်၊
ကဗျာခေါင်းစဉ္ "ဝေးကြပြီဟေ့ဆိုရင်"
အမှောင်ဆုံးနေရာက လာသူမို့
အပူကိုမကြောက်
အလင်းကိုသာ မက်မောပြီး
အိမ်မက်တွေကို မီးပုံရှို့ခဲ့တယ်၊
ညဘယ်လောက်နက် မှ အလွမ်းတွေ အိပ်မောကျမှာလဲ
ငါ သိချင်တယ်
အရက်တစ်ခွက်ကို ငဲှ့
ဆေးလိပ်ကို မီးညိှ့ ပြီး
သတိရခြင်းတွေက ငါ့ကို လာပွေ့ဖက်ကြတယ်
အကြည့်တွေကို အမိုးပေါ်အထိ ဆွဲတင်ပြီး
သက်ပြင်းတစ်ချက်ကို ခြေသည်းပေါ်အထိ ပစ်ချလိုက်တယ်
မျက်ရည်တွေက ငါ့မျက်စိနယ်စပ်မှာ တွဲခိုနေကြပြီ
မဖြစ်ဘူး မျက်တောင် ပြင်းပြင်းတစ်ချက်ခတ်ကြည့်တယ်
တောက်.....မျက်ရည်က ခေါင်းမာတတ်မှန်း ငါအခုမှ သိတယ်။
အဆင်မပြေဘူး၊
မင်းရော အဆင်ပြေရဲ့လား
အလိုမတူပဲ နောက်ထပ် အိမ်မက်သစ်တွေ ထပ်မက်မိနေတယ်
နေရာအသစ်တစ်ခုမှာ ဒါမှမဟုတ် ရင်ခွင်အသစ်တစ်ခုမှာ
နွေးထွေးနေမယ်လို့ ငါယုံကြည်တယ်
ဟိုကောင့် ပြက်လုံးတွေကြောင့် မင်းပျော်နေမလား
သတိရခြင်းတွေကိုပဲ အပြစ်တင်ရမလား
ငါ့ကိုငါပဲ အပြစ်တင်ရမလား
ပျော်ရွှင်ခြင်းဆိုတာ
မင်းမရှိတော့တဲ့နေ့ရဲ့ မနေ့က အထိပါပဲကွာ
စိတ်မချခြင်းတွေနဲ့ ဒီကောင်ကလေ
ညသစ်တစ်ခုကို ဖြတ်သန်းတော့မဲ့ မင်းကို
ပင်လယ်လို ကြည့်နေရုံက လွဲပြီး တစ်ခြား
ဘာများတတ်နိုင်အုံးမှာတဲ့လဲ၊
မင်းမရှိတဲ့ ညတွေမှာ ကြွေတဲ့
ကြယ်တွေကို လဲ သနားမိတယ်
ခုန်ပေါ်မှာ ငြိမ်နေတဲ့ ပုလင်းအလွတ်ကလေးက
ဒုက္ခနဲ့ အတ္တ နားလည်မှုလွဲခြင်းအကြောင်း
ပြောပြနေတယ်
အိပ်မပျော်တဲ့ ညတွေမှာဆို
ငါရယ်၊ အရက်ခွက်လေးရယ်
မင်းအကြောင်းတွေ ပြောဖြစ်တယ်
အိပ်ဆေးတစ်လုံးလို လွယ်လွယ်လေး
မင်း ကို့ကို မေ့သောက်သွားခဲ့တာ
ကို ခွင့်လွှတ်ပါတယ်
ကို အဆင်ပြေပါတယ် တစ်ခါတစ်လေ ငိုမိတာက လွဲလို့ပေါ့
ဟူး.....ဘယ်အရာမှ အလကားမရဘူး တဲ့
ကို ငြင်းခဲ့တယ်
လူရော စိတ်ကော
နှလုံးသားရော အသက်ရော
အလကားပေးခဲ့လို့ထင်ပါတယ်
မင်း နောက်ဆုံး ပြောသွားတာ ကိုမှတ်မိပါသေးတယ်
အလကား လူတဲ့...
ဟုတ်မှာပါလေ ချစ်မိသူက အရှုံးပဲ
ရှိပါစေတော့
အမုန်းတွေတော့ မင်းပြန်ပေးခဲ့တယ်နော်
ကို ကျေနပ်ပါတယ် (ချွေးတွေတော့ ထပ်ကျလာတယ်)
အဆင်ပြေပါတယ်
မင်းမျက်ဝန်းထဲ ခပ်ညံ့ညံ့
ဆေးအရောင်တွေ စုံနေလောက်ပြီ
ကို့ဂရုစိုက်မှုနဲ့ အပင်လို ရှင်သန်ပြီးမှ
သူ့ဆီမှာ အပွင့်လို လှပသတဲ့လား
စိတ်ဖြေစရာ ပြန်ရှာတော့
ငါ့ကြောင့် မင်းစိတ်မညစ်ရတော့ဘူး ဆိုတာကိုတွေ့တယ်
ငါ့အတွက်တော့ ကို့လက်ကို ဓားနဲ့ မွန်းသလိုပါပဲ
မင်းမကြိုက်တဲ့ ကော်ဖီတွေ ငါဖျော်မိတော့
အရက်က ငါ့လျှာဖျားပေါ် ချိုစေတယ်
မနေ့တုန်းကတွေထဲ ငါ ခုန်ချလိုက်တယ်
ချစ်ခြင်းတရားကို တောင်းတသူမို့
သေပန်းကို ဖြတ်လမ်းမှာ ငါ ခူး ခဲ့ တယ်။
#အင်ပေါ်စေပယ်
Keep Reading