Author's Profile Photo

သစ္စာနီ

10/10/2024

သီတင်းကျွတ် လူပျိုကြီး

1 min read
SarPhatနဲ့အတူနွှဲစာပေပြိုင်ပွဲ
သီတင်းကျွတ် လူပျိုကြီး
's photo

တူရာသီငယ်၊ အဿဝဏီကြယ်မြတ်
ကျီးမင်းသိန်လည်း၊ ရောင်ရှိန်လျှပ်လို့
သုဒသ်ကယ်နန်းလို၊ မီးမြင့်မိုရ်နှင့်
ဝါဆိုကင်းလွတ် သီတင်းကျွတ်မို့၊ ဘုံထွက်ကယ်ဥကင်
ဖွင့်စပ္ပာယ်ရွှင်သော့ခါ၊ တိုင်းခွင်ကြီးအောင်ခြာမှာ
ဆီမီးဝါထိန်ထိန်ဝင်းလို့၊ လင်းလှတယ်လေး။

ကျွနု်ပ်ကို အစပ်အဟပ်ညီသော မြန်မာကဗျာများ ရေးသားနိုင်ရေးအတွက် ကြိတ်ကာ ကြိုးစားလေ့ကျင့် နေသည်ဟု အထင်မမှားစေချင်ပါ။

ဤကဗျာမှာ သက္ကရာဇ် ၁၁၈၁ ခုနှစ်က မဟာအတုလမင်းကြီး ရေးစပ်ခဲ့သော ဆယ့်နှစ်လရာသီ လွမ်းချင်းများထဲမှ သီတင်းကျွတ်လဖွဲ့သာ ဖြစ်ပါသည်။ မိုးပေါ်ကို မော့ကြည့်လျှင် ကောင်းကင်သာ မြင်တတ်သော ကျွန်ုပ်အဖို့ “အဿဝဏီ” ဆိုသည်မှာ စားသောက်ဆိုင် တစ်ဆိုင် (သို့မဟုတ်) စတီရီယို အဆိုတော် တစ်ယောက်၏ အမည်သာ ဖြစ်ကောင်း ဖြစ်မည်ဟု အတွေးရောက်စေပါသည်။ တူရာသီ၊ ကျီးမင်းသိန်၊ သုဒသ်ကယ်နန်းကိုလည်း ဘာတွေမှန်း မသိပါ။ ဤနေရာတွင် ကဗျာနှင့် နားလည်မှု ပြဿနာကို ဆွေးနွေးရန် မရည်ရွယ်ပါ။ ကျွနု်ပ်ပြောလိုသည်မှာ သီတင်းကျွတ် အကြောင်းသာ ဖြစ်ပါသည်။

သီတင်းကျွတ်လျှင် ကြာပန်းတွေ မြိုင်မြိုင်ဆိုင်ဆိုင် ပွင့်ကုန်သည်ဟု ဆိုကြပါသည်။ ကန်နှင့်ဝေးသော မြို့နေလူတန်းစားအတွက်မူ လေထဲတွင် ကြာပန်းရနံ့ထက် ယမ်းငွေ့တွေ လှိုင်လှိုင်သင်းသင်းလာလျှင် သီတင်းကျွတ် ရောက်တော့မည်ကိုးဟု ကြိုသိရလေ့ရှိပါသည်။ ကျွနု်ပ်တို့ ဆင်ခြေဖုန်း ရပ်ကွက်များတွင် သီတင်းမကျွတ်ခင် တစ်လလောက် အလိုကတည်းက ဗျောက်အိုးဖောက်သံတွေ တဒိုင်းဒိုင်းညံနေလေ့ ရှိပါသည်။ ယခုတော့ ထိုအသံများကိုလည်း မကြားရတော့ပြန်ပါ။ အများပြည်သူများ အထိတ်တလန့်ဖြစ်စေမှုနှင့် ဗျောက်အိုးရောင်းသူ၊ ဗျောက်အိုးဖောက်သူများကို ဥပဒေထုတ်ကာ ပြင်းထန်သော အရေးယူမှုတွေ ပြုသဖြင့် အတော်ပင် ရှားပါး ပျောက်ကွယ်သွားပါပြီ။

သို့သော် သီတင်းကျွတ်တော့မည်ကို ကြိုတွေးသိနိုင်သော အရိပ်လက္ခဏာ တချို့တော့ ကျန်နေပါသေးသည်။ ဥပမာ ဈေးဘက်လျှောက်သွားစဉ် ဝါတွင်းသုံးလပတ်လုံး ပိတ်ထားသော မင်္ဂလာခန်းမ လှည်းကျင်းပြင်ဆင်နေတာ မြင်ရလျှင် သြော် သီတင်းကျွတ်တော့မည်ကိုးဟု သိနိုင်ပြန်ပါသည်။ ဖယောင်းတိုင်ဈေးတွေလည်း မသိမသာ တက်သွားတတ်ပါသည်။ မိုးလည်း မသိမသာ ပါးသွားတတ်ပါသည်။

ဆီမီးရောင် ထိန်ထိန်ဝင်းလို့ လင်းလှတယ်လေး ဆိုသော မဟာအတုလ မင်းကြီးတို့ခေတ်က ဆီမီးထွန်းလောက်အောင်လည်း ဆီမပေါပါ။ ဖယောင်းတိုင် ထွန်းရအောင်လည်း ဈေးကကြီး၊ လျှပ်စစ်မီးထွန်းပြန်တော့လည်း ပိုးစုန်းကြူးသာသာမို့ ကျွန်တော်တို့ သီတင်းကျွတ်များကို ခပ်မှိန်မှိန် ခပ်ကုပ်ကုပ် ဖြတ်သန်းခဲ့ရသည်မှာ ကြာခြေပြီ ဖြစ်သည်။ ပို၍ မိုးလေကင်းလွတ်သော တန်ဆောင်တိုင်တွင် ပို၍ မီးထွန်းကြတာကို တွေ့ရ၏။ တကယ်တော့ တန်ဆောင်တိုင်မီးထွန်းပွဲတော်ကား နက္ခတ်သဘင် ပွဲတော်သာ ဖြစ်ပါသည်။ သတင်းကျွတ်ကား တကယ့် ဘာသာရေး ပွဲတော်ဖြစ်သည်။

ဝါတွင်းသုံးလပတ်လုံး တာဝတိံသာနတ်ပြည်တွင် အဘိဓမ္မာတရား ဟောကြားတော်မူနေသော မြတ်စွာဘုရားသခင် သီတင်းကျွတ်လပြည့် (မဟာပဝါရဏာနေ့) ၌ လူ့ပြည် သင်္ကဿမြို့သို့ သိကြားမင်း ဖန်ဆင်းအပ်သော စောင်းတန်းသုံးသွယ်ဖြင့် ဆင်းသက်တော်မူသည့် အခါသမယ ဖြစ်သည်။ ထိုအရာကို ရည်ရွယ်၍ လူတို့သည် နတ်၊ ဗြဟ္မာတို့နှင့် အပြိုင် ဘုရားရှင်ကို ဆီမီးထွန်းညှိ ပူဇော်ကြိုဆိုရာမှ အလေ့အထအဖြစ် အရှည်စွဲမြဲခဲ့လေသည်။ ကျွန်ုပ်အနေဖြင့် ဤနေရာတွင် အဘိဓမ္မာ တရားအကြောင်း ကိုသော်လည်းကောင်း၊ အလေးအနက်ကိစ္စ တစ်စုံတစ်ရာ ကိုသော်လည်းကောင်း ပြောကြားရန် မဖြစ်နိုင်ပါ။ ဤကဏ္႑၏ ဦးတည်ချက်မှာ စာဖတ်သူများ ပေါ့ပေါ့ပါးပါး ပြုံးရယ်နိုင် ကြစေရန်မျှသာ ဖြစ်သည်။ ခေါင်းစဉ်ကို သတိပြုစေလိုပါသည်။

တကယ်တော့ သီတင်းကျွတ်မှာ ထဘီတိုတိုနှင့် ကောင်မလေးများ၊ ဓနုဖြူစိုးသိန်း သီချင်းနှင့် နှစ်ယောက်အိပ် ကုတင်များလိုပင် လူပျိုကြီးများကို ကသိကအောက် ဖြစ်စေသော အရာဖြစ်ပါသည်။ သီတင်းကျွတ်ပြီဆိုလျှင် တွေ့ရာလူက ကြုံရာနေရာတွင် ဒီနှစ်ရော မကျွတ်သေးဘူးလားဟု မေးတတ်ကြပါသည်။ လူပျိုကြီးများမှာ အပါယ်လေးဘုံသားများ မဟုတ်ပါ။ ဆင်ခြေပေးဖို့သော်လည်းကောင်း၊ ချေပဖို့သော်လည်းကောင်း၊ အသားထဲက လောက်ထွက်ရန် မရည်ရွယ်ပါ။ (မြတ်သစ်၊ မောင်ရန်ပိုင်၊ အီကြာကွေး စသူတို့နှင့် ဆုံလျှင် တိုးတိုး တိတ်တိတ် မေးကြည့်နိုင်ပါသည်)

မိတ်ဆွေ တစ်ဦးက “အိမ်ထောင်ပြုတဲ့ခေတ် ကုန်သွားပြီ” ဟု ပြောပါသည်။ ခေတ်ကုန်သွားတာ မဖြစ်နိုင်တောင်မှ ဒီခေတ်ကာလမှာ အိမ်ထောင်ပြုသူတွေ ရှားပါးသွားတာတော့ သေချာပါသည်။ ဖိတ်စာရိုက်စားသောလူတွေနှင့် မင်္ဂလာခန်းမ ငှားစားသော သူတွေဆီမှ အလုပ်ပါးကြောင်း ညည်းညူသံတွေ ကြားရပါသည်။ သီတင်းကျွတ်ကိုယ်တိုင် လူပျိုကြီး ဖြစ်နေသည်ဟု ဆိုကြပါသည်။ မြန်မာပြည်မှာ အိမ်ထောင်ပြု နောက်ကျသူတွေ များပြားလာရခြင်း အကြောင်းအရင်းကို သုတေသန ကိစ္စ၌ ဝါသနာပါသူတွေ စူးစမ်းလေ့လာကြဖို့ ကောင်းပါသည်။

မလွှဲနိုင်သော အကြောင်းအရာတစ်ခုကို လွယ်လွယ်ကူကူ ရှာပြပါဆိုလျှင်တော့ မျက်နှာပူပူနှင့် ကုန်ဈေးနှုန်းကြီးမြင့်ခြင်း အကြောင်းကို ပြရလိမ့်မည် ထင်ပါသည်။ မျက်နှာပူပူဟု ပြောရခြင်းမှာ ယခုအခါ ကုန်ဈေးနှုန်းသည် လူတကာ လက်ညှိုးထိုးဖက် ဖြစ်နေသောကြောင့်ဖြစ်ပါသည်။ ကုန်ဈေးနှုန်းကြီးမြင့်မှုကြောင့် သာမန်ပုံမှန် ဝင်ငွေရှိသူတစ်ဦး အိမ်ထောင်ပြုရေးမှာ အိပ်မက်သဖွယ် ဖြစ်၍လာပါသည်။ ကျွန်ုပ် လမ်းတွင် မတော်တဆ ကြားခဲ့ရသော ချစ်သူစုံတွဲ တစ်တွဲ၏ အပြန်အလှန် ပြောစကားများဖြင့် ဤစာကို နိဂုံးချုပ်လိုပါသည်။


ကျား - မင်းချစ်ရဲ့သားနဲ့ ဘာလို့ ကိုယ့်ကို လက်မထပ်တာလဲဟင်။

မ - စဉ်းစားကြည့်ပါဦး၊ ရှင့်လခ တစ်လစာဟာ တစ်ပတ်သုံးလောက်ပဲ ရှိတာရှင့်။

ကျား - ဒါဖြင့်လည်း ကိုယ်တို့ တစ်ပတ်ပဲ လက်ထပ်ကြတာပေါ့ကွယ်။


သစ္စာနီ
အောက်တိုဘာ၊ ၁၉၉၆

Keep Reading

"အရိုးကို အရွက်မဖုံးနဲ့" --------------------မြန်မာနှင့်သင်္ကြန်၊ သင်္ကြန်နှင့် ပိ​တောက်"စိတ်ဓာတ်ရင့်ကျက်စေဖို့....."မြန်မာတို့ရဲ့ သင်္ကြန်"လူမှုပတ်ဝန်းကျင်၌လိုက်လျောညီထွေနေထိုင်တတ်မှု(Adaptable In Society)"ပျောက်ကွယ်မသွား၊အမွေအနှစ်များ"စာပေ၏အသက်ရှင်မှုအချစ်ကို အသုံးချတတ်ရင်လဲ အောင်မြင်ဖို့အတွက်တွန်းအားပထမဆုရှင်အိမ်ထောင် ငရဲ