Author's Profile Photo

သက်ဝေမှူး

9/10/2024

ရိုးရာနွဲပျော် တန်ဆောင်တိုင်ပွဲတော်

3 mins read
SarPhatနဲ့အတူနွှဲစာပေပြိုင်ပွဲ

#Sarphat
#Sarphatနဲ့အတူနွဲ စာပေပြိုင်ပွဲ

"ရိုးရာနွဲပျော် တန်ဆောင်တိုင်ပွဲတော်"

မြန်မာ့ရိုးရာ ၁၂လရာသီပွဲတော်များတွင် တန်ဆောင်မုန်းလသည် အထူးခြားဆုံးဖြစ်ပြီး မြတ်စွာဘုရားရှင်နှင့် ရဟန်းတော်တို့အားရည်မှန်း၍ပူဇော်သော မီးထွန်းပွဲတော်၊ မသိုးသင်္ကန်းကပ်လှူပွဲတော်၊ ကြာသင်္ကန်းကပ်လှူပွဲတော်၊ ကထိန်ပွဲတော်၊ သာမညဖလအခါတော်နေ့ (သံဃာတော်များနေ့)၊ ပံ့သကူပစ်ပွဲတော်၊ စတုဒီသာပွဲတော်၊ ကျီးမနိုးပွဲတော်၊ မဲဇလီဖူးသုတ်ပွဲတော်နှင့် မဲပြန်ပွဲတော် အစုံစုံတို့ စည်ကားပျော်ရွှင်စွာကျင်းပကြသည်။

မိုးနတ်မင်း၏အာဏာစက်အောက်မှ လွတ်မြောက်လာသော ကောင်းကင်ပြာပြာကြီးသည် မိုးသားတိမ်လိပ်တို့ကင်းစင်ပြီး ကြည်လင်တောက်ပနေသည်။ မိုးအသက်ကုန်ဆုံး၍ ဆီးနှင်းတို့အသက်ဝင်လာသည်ကိုကြည့်ခြင်းဖြင့် မမြဲသောသင်္ခါရတရားသဘောကို ဆင်ခြင်နိုင်သည်။ ဆောင်းဟေမာန်၏တမာန်တော် မြောက်ပြန်လေညှင်းတို့သည် ဆောင်းနှင်းဖြူးကရမက်တို့၏ မွှေးရနံကိုဆောင်ယူလာကြသည်။ ဝါရွှေရောင်ခဝဲပန်းနှင့် ပင်မြင့်စံသဇင်ပန်းတို့မှာ မြောက်ပြန်လေညှင်းနှင့်အတူ ယိမ်းကနေကြသည်။ ကမ္ဘာမြေပြင်၌ သာယာမှုအပေါင်း သရဖူဆောင်းသည့်အချိန်မှာ ကြတ္တိကာနက္ခတ်နှင့် ငွေစန္ဒာလမင်းတို့စန်းယှဥ်ထွန်းလင်းသော တန်ဆောင်မုန်းလအခါသမယပင်ဖြစ်သည်။ မနက်ခင်းအာရုံတက်ချိန်၌ မြေက္ဘာတစ်ခုလုံး နှင်းပုဝါခြုံလွှမ်းပြီး အပူဓာတ်ကင်းငြိမ်းအောင် အအေးဓာတ်ပေးထားသည်။

ကထိန်သင်္ကန်းကပ်လှူခြင်းကို မြတ်စွယဘုရားရှင်ကိုယ်တော်တိုင်ခွင့်ပြုတော်မူပြီး ကထိန်သင်္ကန်းကပ်လှူသော ဒါယကာများသည် "တားဆီးကင်းကွာ လွတ်လပ်စွာ လိုရာသွားနိုင်သည်၊ တာဝန်ကိစ္စ မလေးရ ပေါ့လှပေတော့သည်၊ စားလိုရာစား စားသော်ကား ဘေးကားမဖြစ်ပြီ၊ ပစ္စည်းအများ သိမ်းဆည်းထား ဘေးကားမရှိပြီ၊ ကိုယ့်ပစ္စည်းများ သူတစ်ပါး ယူသွားကင်းလေသည်" ဟူသောအကျိုး ၅ပါးပြည့်စုံစေသည်။

ကထိန်သင်္ကန်းအလှူခံသော သံဃာတော်များသည် "မပန်မကြား လိုရာသွား ပြစ်များမသင့်ပြီ၊ သုံးသည့်ထဲမှာ ထားလိုရာ ထားကာသွားနိုင်သည်၊ လေးပါးတူပင် ဂိုဏိးဘောဇဥ် စားချင်စားနိုင်သည်၊ သင်္ကန်းများစွာ ငါးလတာ သိမ်းကာထားနိုင်သည်၊ သံဃာလှူငြား သင်္ကန်းအား သူအားသာဖြစ်သည်" ဟူသော အကျိုး၅ပါးပြညိ့စုံစေသည်။

ပါဝေယျတိုင်းသား ဘဒ္ဒဝဂ္ဂီရဟန်းညီနောင်သုံးကျိပ်တို့သည် မြတ်စွာဘုရားရှင်အားဖူးမျှော်ရန် ပါဝါပြည်မှ သာဝတ္ထိပြည်သို့ထွက်ခွာလာကြသည်။ လမ်းခရီးတွင် ဝါဝင်သွား၍ သာကေတမြို့၌ဝါဆိုပြီး သီတင်းကျွတ်လပြညိ့ကျော်မှ သာဝတ္ထိမြို့သို့ ထွက်လာခဲ့သည်။ မြတ်စွာဘုရားရှငိသည် မိုးရေရွှံ့ရေတို့ဖြင့် ညစ်နွမ်းနေသော သင်္ကန်းဝတ်ရုံထားသည့် ရဝန်းသုံးကျိပ်အားမြင်တော်မူသောအခါ လွန်စွာကရုဏာသက်မိသည်။ ထို့ကြောင့် ရှေးဘုရားရှင်တို့၏အစဥ်အလာအတိုင်း သင်္ကန်းရှားပါးခြင်းနှင့် အလဲအလှယ်ဂတ်ဆင်နိုင်ရန်ရည်ရွယ်ချက်ဖြင့် ကထိန်ခင်းခွင့်ပြုခဲ့သည်။

မြတ်စွာဘုရားရှင်သည် ကထိန်သင်္ကန်းခငိးရာတွင် နှစ်ထပ်သင်္ကန်း၊ အပေါ်ရုံသင်္ကန်းနှင့် ဧကရီသင်္ကန်း ၃ထည်ရှိသည့်အနက် သင်္ကန်းတစ်ထည်ကိုသာကထိန်ခင်းရန်၊ အလှူရှင်၏သဒ္ဓါတရားအလျောက်လှူဒါန်းသောသင်္ကန်းဖြင့်သာကထိန်ခင်းရန်၊ ဥပါယ်တံမျဥ်နည်းဖြင့်ရရှိသောသင်္ကန်းဖြင့်ကထိန်မခင်းရန်၊ ခေတ္တငှားရမ်းလာသောသင်္ကန်းဖြင့် ကထိန်မခင်းရန်၊ လှူဒါန်းပြီးတစ်ညကျော်သောသင်္ကန်းဖြင့် ကထိန်မခင်းရန်နှင့် သင်္ကန်းချုပ်နေစဥ် အာရုံတက်လာသောသင်္ကန်းဖြင့် ကထိန်မခင်းရန် ပညတ်တော်မူသည်။

ပုဂ္ဂိုလ်စွဲ ဂိုဏ်းစွဲဖြင့်လှူဒါန်းသောသင်္ကန်းသည် ကထိန်အလှူမမြောက်၊ သံဃာကိုရည်မှန်းလှူဒါန်းမှသာ ကထိန်အလှူမြောက်သည်။ ကထိန်ခင်းရာတွင် သံဃာပြည့်ပြည့်စုံစုံရှိခြင်း၊ သင်္ကန်းဟောင်းကို အဓိဌာန်ချ၍ သင်္ကန်းဟောင်းကို အဓိဌာန်သစ်တင်ခြင်းနှင့် ကထိန်ခင်းခြင်း ဟူသောအချက် ၃ချက်နှင့်ညီညွတ်ရန်လိုအပ်သည်။ သံဃာပြည့်စုံသောကျောင်းအတွင်းရှိသိမ်တွင် အနွမ်းပါးဆုံးရဟန်းကိုရွေးချယ်၍ ကထိန်သင်္ကန်းအပ်နှံရသည်။

ကထိန်ပွဲတော်ကို ရှေးမင်းများအဆက်ဆက်မှ ယနေ့ထက်တိုင် အစဥ်အလာမပျက်ဆင်ယင်ကျင်းပကြသည်။ တစ်ဦးတည်းမတည်ပြီးခင်းသော ပုဂ္ဂလိကကထိန်ပွဲရှိသကဲ့သို့ အများစုပေါင်းခင်းသော ဘုံကထိန်ပွဲလည်းရှိသည်။ တန်ဆောင်မုန်းလတွင် ကထိန်သင်္ကန်းကပ်လှူခြင်းအပြင် ညမကျော် နေ့မကူးသော မသိုးသင်္ကန်း ကပ်လှူခြင်း၊ ကြာသင်္ကန်းကပ်လှူခြင်းနှင့် ပံသကူသင်္ကန်းစွန့်လှူခြင်းများလည်းပြုလုပ်ကြသည်။

ကာဠုဒါရီအမတ်ကြီး၏ တောင်းပန်လျှောက်ထားချက်အရ မြတ်စွာဘုရားရှင်သည် ကပ္ပလဝတ်ပြည်သို့ ပထမဆုံးအကြိမ်ကြွရောက်တော်မူသောအခါ မိထွေးတော်ဂေါတမီသည် သင်္ကန်းကိုကိုယ်တိုင်ယက်လုပ်ကပ်လှူရန် ကြံစည်ခဲ့သော်လည်း အထမြောက်ခြင်းမရှိခဲ့ပေ။ မြတ်စွာဘုရားရှင် ဒုတိယအကြိမ် ကပ္ပိလဝတ်ပြည်သို့ကြွလာသောအခါမှ မိထွေးတော်ဂေါတမီသည်ရက်ယန်းရုံများဆောက်လုပ်၍ ကိုယ်တိုင်ယက်လုပ် လှူဒါန်းပူဇော်နိုင်ခဲ့သည်။ မိထွေးတော်ဂေါတမီ အစပြုခဲ့သော မသိုးသင်္ကန်းရက်လုပ် ပူဇော်ခြင်းဓလေ့သည်
ယနေ့ထက်တိုင် အမြို့မြို့ အနယ်နယ် တိုင်းအသီး သီးရှိ တန်ခိုးကြီးဘုရားများတွင် မသိုးသင်္ကန်းရက်လုပ်ပူဇော်ခြင်းများ ရှင်သန်ခဲ့သည်။

ရှေးအခါကကြာသင်္ကန်းရက်လုပ်ရာတွင် အိမ်ထောင်မရှိသူ အမျိုးသမီးများသည် ဆယ်ပါးသီလဆောက်တည်ပြီး ကြာရိုးကြာမျှင်တို့ဖြင့်ရက်လုပ်လှူဒါန်းကြသည်။ ယခုအခါ ကြာသင်္ကန်းရက်လုပ်ကပ်လှူခြင်း နည်းပါးသွားသော်လည်း နိဗ္ဗာန်ကုန်ဆိုင်များတွင် ကြာသင်္ကန်းများရောင်းချမှုကားရှိနေဆဲပင်။

လူအများမ​​မြင်ကွယ်ရာတွင် စွန်ပစ်သောသင်္ကန်းကို ပံံသကူသင်္ကန်းဟုခေါ်ပြီး၊ ဓုတင် ၁၃ပါးတွင်တစ်ပါးပါဝင်သော ပံသကူဓုတင်ကို အကြောင်းပြု၍ပေါ်ပေါက်လာသည်။ ပံ့သကူဓုတင်ဆိုသည်မှာ လှူဒါန်းသောသင်္ကန်းကိုပယ်၍ သုဿာန်အမှိုက်ပုံတို့၌ စွန့်ပစ်သောအဝတ်များဖြင့် ချုပ်လုပ်ထားသောသင်္ကန်းကို ဝတ်ဆင်ခြင်းအကျင့်ဖြစ်သည်။ ပံသကူသင်္ကန်းသည် သုဿာန်အမှိုက်ပုံတို့မှ ကောက်ယူရရှိသောအဝတ်တို့ကို ချုပ်ဝတ်သဖြင့် တပ်မက်မှုတဏှာကင်းခြင်း၊ လူဆိုးသူခိုးတို့ ခိုးယူမှုဘေးမှ ကင်း​ဝေး၍
စိုးရိမ်မှုကင်းခြင်းနှင့် ဆင်းရဲဒုက္ခမှ လွတ် မြောက်ခြင်း ဂုဏ်ရည်များနှင့်ပြည့်စုံသည်။

အဇာတသတ်မင်းသည် ဒေဝဒတ်မိုက်ကို ဆရာတင်မိ၍ ဖခင်ဖြစ်သူ ဗိဗ္ဗိသာရမင်းကြီးအား ထောင်တွင်းအကျဥ်းချပြီး အဆုံးစီရင်ခဲ့သည်။ ထိုအကုသိုလ်ကံနှိပ်စက်မှုကြောင့် အဇာတသတ်မင်း၌ စားမဝင် အိပ်မပျော် နာတာရှည်ရောဂါစွဲကပ်ခဲ့သည်။ သမားတော်ဇီဝကပင် ကုသနိုင်ခြင်းမရှိ လက်လျော့ရသည့်အခြေအနေသို့ ရောက်ရှိခဲ့သည်။ နန်းတွင်းအမတ်များထံ အကြံဥာဏ်တောင်းပြီး တိတ္ထိဆရာကြီးများထံ သွားရောက်ခဲ့သော်လည်း ထူးခြားမှုမရှိခဲ့ပေ။ သမားတော်ကြီး ဇီဝကအကြံပေးသည့်အတိုင်း မြတ်စွာဘုရားရှင်ထံသို့ သွားရောက်ခဲ့သည်။

တန်ဆောင်မုန်းလပြည့်ညတွင် ရောက်ရှိလာသော အဇာတသတ်မင်းအား မြတ်စွာဘုရားရှင်က သာမညဖလသုတ်တော် (ရဟန်းပြုခြင်းအကျိုး)ကိုဟောကြားတော်မူသည်။ ထိုအခါမှ အဇာတသတ်မင်း၌ခံစားနေရသော ရောဂါဝေဒနါတို့ ပိန်းကြာရွက်ပေါ် ရေမတင်သကဲ့သို့ လျောကျပျောက်ကင်းသွားသည်။ အဇာတသတ်မင်းလည်း ဗုဒ္ဓသာသနာကို အသက်ပေး၍ယုံကြည်သူတစ်ယောက်ဖြစ်လာခဲ့ပြီး၊ ပထမသင်္ဂါယနာတင်သည့်မင်းအဖြစ် သမိုင်းတင်ခဲ့သည်။ မြတ်စွာဘုရားရှင် သာမညဖလသုတ်ဟောကြားသည့် တန်ဆောင်မုန်းလပြည့်နေ့ကို သာမညဖလအခါတော်နေ့ဟုလည်းကောင်း၊ သံဃာတော်များ၏ဂုဏ်ကိုဖော်ကြူးသောကြောင့် သံဃာတော်များနေ့ဟုလည်းကောင်း သတ်မှတ်၍ ဗုဒ္ဓဘာသာဝင်တို့သည် ဥပုသ်သီလဆောက်တည်ခြင်း၊ ဒါနကုသိုလ်ပြုလုပ်ခြင်း၊ ဆီမီးပူဇော်ခြင်းတို့ကို အစဥ်အလာမပျက် ကျင့်သုံးခဲ့လေသည်။ ။

သက်ဝေမှူး

ကိုးကား - သာမညဖလသုတ်
အောင်မြင်မှုအပေါင်းသရဖူဆောင်းနိုင်ပါစေ..

Keep Reading

"အရိုးကို အရွက်မဖုံးနဲ့" --------------------မြန်မာနှင့်သင်္ကြန်၊ သင်္ကြန်နှင့် ပိ​တောက်"စိတ်ဓာတ်ရင့်ကျက်စေဖို့....."မြန်မာတို့ရဲ့ သင်္ကြန်"လူမှုပတ်ဝန်းကျင်၌လိုက်လျောညီထွေနေထိုင်တတ်မှု(Adaptable In Society)"ပျောက်ကွယ်မသွား၊အမွေအနှစ်များ"စာပေ၏အသက်ရှင်မှုအချစ်ကို အသုံးချတတ်ရင်လဲ အောင်မြင်ဖို့အတွက်တွန်းအားပထမဆုရှင်အိမ်ထောင် ငရဲ