Author's Profile Photo

ကျော်ဇောအောင်

8/10/2024

သီတင်းကျွတ် လပြည့်နေ့၏ အကြောင်း သိကောင်းစရာများ။

5 mins read
Culture
History
SarPhatနဲ့အတူနွှဲစာပေပြိုင်ပွဲ
သီတင်းကျွတ် လပြည့်နေ့၏ အကြောင်း သိကောင်းစရာများ။'s photo

သီတင်းကျွတ်လ ဟူသည် မြန်မာတို့၏ ဆယ့်နှစ်လတွင် သတ္တမမြောက်ဖြစ်၍ (အင်္ဂလိပ်) အောက်တိုဘာလနှင့် တိုက်ဆိုင်ပြီး ရာသီခွင်ကား တူရာသီခွင် ဖြစ်ပါသည်။

ထို့အပြင် ရာသီရုပ်သည် ချိန်ခွင်ဖြစ်ပြီး ရာသီပန်းသည် ကြာပန်းဖြစ်၍၊ ပွဲတော်ကား (မီးထွန်း) ပွဲတော် ဖြစ်ပါသည်။ (နက္ခတ်အား 'အသဝဏီ'နက္ခတ် သတ်မှတ်ပါသည်။)

သီတင်းကျွတ် (မီးထွန်း) ပွဲတော် ဆိုသည်နှင့် အရင်ဦးဆုံး မြင်ယောင်မိသည့် အရာတို့သည် သက်ကြီးရွယ်အိုများကို ကန်တော့ခြင်း၊ ကလေးငယ်လေးများ၌ အိမ်ရှေ့ လမ်းမပေါ် ထွက်ပြီး (လက်တွန်းလှည်း) မီးအိမ်လေးများနှင့် ကစားကြခြင်း၊ အိမ်ထဲနေသည့် သူတို့လည်း အိမ်ရှေ့ ဝရံတာ ထွက်၍ ကလေးလူကြီးပါ မကျန် မီးပုံး ချိတ်ခြင်း၊ ဖယောင်းတိုင် ထွန်းခြင်းနှင့် လူငယ်အချို့၌ မီးရှုးမီးပန်းဖောက်ခြင်း စသည့် ပျော်ရွှင်ဖွယ်ကောင်းသည့် ဗုဒ္ဓဘာသာဝင်များ၏ ယဥ်ကျေးမှု ထုံးတမ်း အစဥ်/လာ၊ အလေ့/ထကောင်းတို့အား (သီတင်းကျွတ် လပြည်နေ့ မတိုင်ခင် တစ်ရက်၊ သီတင်းကျွတ် လပြည်နေ့နှင့် လပြည့်ကျော် တစ်ရက်တို့တွင်) ပျော်ရွှင်စွာ မိသားစုများ ဆင်နွှဲကြသည်ကို တွေးမြင်မိပါသည်။

ထို့ပြင် ၎င်းနေ့များတွင် ကျောင်းကန် ဘုရားသွား၍ ကုသိုလ်ကောင်းမှု ပြုပြီး (သီတင်းကျွတ် လပြည့်နေ့၌) ဥပုသ်စောင့်လျှက် လူကြီးနှင့် ကလေးများ ကုသိုလ်ယူကြပါသည်။

ကျောင်းသူကျောင်းသားများသည်လည်း သီတင်းကျွတ်ကျောင်းပိတ်ရက် ဖြစ်၍ အေးအေးဆေးဆေး ပျော်ပျော်ရွှင်ရွှင် အနားယူကြပါသည်။

သာသနာ့ဝန်ထမ်း ရှင်ရဟန်းတို့တွင်လည်း ဝါကျွတ်ချိန် ရောက်ခြင်း ဖြစ်သည့် အတွက် သီတင်းကျွတ် လပြည့်နေ့၌ " ပဝါရဏာ " ပြုပြီး ဒေသစာရီ ကြွချီကြပါသည်။ (" ပဝါရဏာ " ၏ အဓိပ္ပါယ်သည်ကား ရဟန်းတော်များ တစ်ပါးနှင့် တစ်ပါး အပြစ်ဝန်ခံသည့်ပွဲ ဖြစ်ပါသည်။)

ဤနေရာ၌ ထူးခြားမှု တစ်ခု ရှိနေပါသေးသည်။ (၎င်းမှာ ထိုရက်များတွင် မီးထွန်းသည့် အကြောင်း/ရင်းပင်။)

အဘယ့်ကြောင့် မီးထွန်းကြသနည်း။ အကြောင်းအရင်း အမှန်ကား ယခင် အပေါ်၌ ပြဆိုခဲ့သည့် (သီတင်းကျွတ် လပြည်နေ့ မတိုင်ခင် တစ်ရက်၊ သီတင်းကျွတ် လပြည်နေ့နှင့် လပြည့်ကျော် တစ်ရက်) စသည့် ပွဲတော်(၃)ရက်တွင် အလယ်မှ သီတင်းကျွတ် လပြည့် (အဘိဓမ္မာအခါတော်နေ့)၌ မြတ်စွာဘုရားရှင် တာဝတိံသာ နတ်ပြည်တွင် (အဘိဓမ္မာတရားတော်) အား ဝါတွင်း သုံးလ ကာလပတ်လုံး လူ့ဘဝမှ မယ်တော် တော်စပ်ဖူးသည့် (သန္တုဿိတ) နတ်သားအား ကျေးဇူးဆပ် တရားဟောတော်မူပြီး လူ့ရွာ (သင်္ကဿနဂိုရ်) ပြည်သို့ ရွှေစောင်းတန်း၊ ငွေစောင်းတန်းနှင့် ပတ္တမြားစောင်းတန်း စသည့် စောင်းတန်းသုံးသွယ်ဖြင့် အစောင့်အရှောက် နတ်ဗြဟ္မာများစွာ ခြံရံလျှက် သက်ဆင်းတော်မူသည်ကို ပူဇော်သောအားဖြင့် ထွန်းညှိကြခြင်း ဖြစ်ပါသည်။

မြတ်စွာဘုရားရှင် သက်ဆင်းတော်မူလာသည့် အချိန်၌ ဘုရားရှင်အား ဖူးမျှော်ရန် စုဝေးနေသည့် သူများသည် ထိုခေတ်မှ အရေအတွက်နှင့် ရေတွက်ကြည့်မည်ဆိုလျှင် (သုံးဆယ့်ခြောက်) ယူဇနာမျှ ရှိနေခြင်းပင် ဖြစ်ပါသည်။ [ဤအရေအတွက်အား ယခုခေတ်နှင့် နှိုင်းစာကြည့်လျှင် (တစ်ယူဇနာတွင် ၁၃-မိုင်ခန့်) ရှိခြင်း ဖြစ်ပါသည်။]

အလုံးစုံ ပေါင်းကြည့်မည် ဆိုလျှင် မြတ်စွာဘုရားရှင်အား ဖူးမျှော်ရန် စောင့်ကြိုနေသည့် ပရိသတ် အစု/ဝေးသည် (၄၆၈) မိုင် ပမာဏ ရှိသည် ဖြစ်ပါသည်။

မြတ်စွာဘုရားရှင်သည် တာဝတိံသာ နတ်တို့ရွာမှ သင်္ကဿနဂိုရ်ပြည်သို့ သုဒဿနမြို့တောင်ဘက် တံခါးမှ သင်္ကဿနဂိုရ် ပြည် တောင်တံခါးဝထိ သိကြားမင်း ဖန်ဆင်းထားသည့် ရွှေ၊ ငွေဖြင့် အတိပြီးသော စောင်းတန်းနှစ်သွယ်ဖြင့် ခြံရံထားသည့် ပတ္တမြားစောင်းတန်းမှ သက်ဆင်းတော်မမူခင် သုဒဿန မြို့ထိပ်၌ ရပ်တော်မူလျှက် လူနတ်၊ ဗြဟ္မာအပေါင်း (ပီတိ) တရားပွားများစေရန် အလို့ငှာ တန်ခိုးပြာဋိဟာများ ပြတော်မူလိုသောကြောင့် စတုတ္ထစျာန်အား ဝင်စား၍ အထက်အရပ်သို့ ကြည့်ရှုတော်မူပြီး ထိုမှတဖန် အောက်အရပ်သို့ ကြည့်ရှုတော်မူပြန်ပါသည်။

ထိုသို့ ကြည့်တော်မူသည့် အခါ၌ မြတ်စွာဘုရား၏ တန်ခိုးတော်ကြောင့် အောက် (အဝီစိ) အရပ်မှ အထက်ဘဝဂ်သို့တိုင်အောင် လောကဓာတ် တစ်ခုလုံးသည် ပြောင်လက်နေအောင် ပွတ်ထားသည့် မှန် (ကြေးမုံ) ၏ မျက်နှာပြင်လို ကြည်လင်သန့်ရှင်းနေပြီး ဟင်းလင်းပြင် တစ်ခုပမာ တစ်ပြင်တည်း ဖြစ်၍ နေ၏။

ထို့အပြင် မြေပြင်၌ တည်ရှိနေသည့် လူသားတို့သည် နတ်ပြည်ခြောက်ထပ်၊ ဗြဟ္မာ့ပြည် နှစ်ဆယ်နှင့် တကွ (သြကာသ) လောကကြီး တစ်ခုလုံးအား မြင်တွေ့ကြရပါသည်။ [နတ််များတွင်လည်း လူ့ပြည်မှ (အဝီစိ) သို့တိုင်အောင် ရှိသမျှ အဆင်း အာရုံအလုံးစုံ တွေ့မြင်ကြရသည်။]

ထို့နောက်၌ မြတ်စွာဘုရားရှင်သည် (ထက်ဝန်းကျင်) အရပ် အတောင်ရှစ်ဆယ်စီရှိသော နေရာဌာနသို့ နီလ၊ ပီတ စသည့် ရောင်ခြည်တော် ခြောက်သွယ်အား တပြိုင်နက်တည်း ထွန်းလင်းစေပြီး ပတ္တမြားစောင်းတန်းမှ လူတို့ပြည်သို့ နတ်ဗြဟ္မာ အပေါင်း ခြံရံလျှက် ကြွမြန်းတော်မူပါသည်။

ထိုအခါတွင် ဗြဟ္မာကြီးများသည် ရွှေထီး၊ ငွေထီးနှင့် သန္တာထီးတို့ အသီးသီး မိုးပြီး ဗြဟ္မာ့ပရိသတ် ခြံရံလျှက် လက်ယာ (ရွှေစောင်းတန်း) မှ သက်ဆင်းကြပါသည်။

သုံးကျိပ်သုံးပါးသော သိကြားမင်းတို့ အစု/ဝေး၌လည်း အချို့ နတ်သားများသည် ရွှေတံခွန်၊ ငွေတံခွန်နှင့် ပုလဲတံခွန် စသည်တို့ ကိုင်ဆောင်ပြီး အချို့ကား (ဝိဇယုတ္တရ) မည်သော ခရုသင်းအား မှုတ်လျှက်၊ (ပဉ္စသီခနတ်သား) သည်လည်း (ဥသျှောင်) ငါးခု ပါဝင်သည့် မကိုဋ် ဆောင်း၍ (ဗေဠုဝ) နတ်စောင်းအား တီးလျှက် ရှုမငြီးဖွယ်သော အသံဖြင့် ပူဇော်ပြီး၊ (မာတလိနတ်သား) သည်လည်း (စာမရီ) သားမီးယပ်နှင့် တဖြတ်ဖြတ် လွှဲခတ်၍ နတ်ဂန္ဓဗ္ဗများနှင့် တကွ လက်ဝဲ (ငွေစောင်းတန်း) မှ အသီးသီး လိုက်ပါကြပါသည်။

ထိုသို့ ရှုမငြီးဖွယ် ထူးခြားဆန်းကြယ်တော်မူလှသည့် ဘုရားရှင်၏ ကျက်သရေတော်အား ဖူးမျှော်ကြည်ညိုရန် စောင့်ဆိုင်းနေသည့် လူများ မြင်တွေ့လိုက်ကြရသည့်အခါ ထိုသူတို့၏ နှလုံးအိမ်၌ အဆရာပေါင်းများစွာ နှစ်သက်၊ ဝမ်းသာကြည်နူးခြင်း ရှိကြခြင်းဖြစ်သည့်အတွက် မြတ်စွာဘုရားရှင်တော်အား ချီးမွမ်း အံ့သြကြကုန်လျှက် ရုတ်ရုတ်သဲသဲ၊ အုတ်အုတ်ကျက်ကျက် ပူဇော်ကုန်ကြပါသည်။ (သုံးဆယ့်ခြောက် ယူဇနာ ရှိသည့် ပရိသတ်တို့တွင်လည်း ဘုရားဆုကို မတောင်းသော သူသည် တစုံတယောက်မျှ မရှိဘဲ အလုံးစုံသော လူများသည် ဆုပန်ကြ၏။)

မြတ်စွာဘုရားရှင်လည်း နတ်ဗြဟ္မာအပေါင်း ခြံရံလျှက် တာဝတိံသာနတ်ပြည်မှ သင်္ကဿနဂိုရ်ပြည်သို့ သက်ဆင်းတော်မူပြီး ထိုပြည်၏ တောင်ဘက်တံခါးဝ၌ ရပ်တည်တော်မူသည့်အခါ (လက်ယာတော်ရံ အဂ္ဂ သာဝက) တပည့်ကြီးဖြစ်သော အသျှင်သာရိပုတ္တရာသည် နောက်လိုက် ရဟန်း၊ သံဃာတို့နှင့်တကွ လာခဲ့၍ ဘုရားရှင်၏ ခြေတော်အစုံအား ဦးတိုက်ရှိခိုးလျှက် အောက်ပါ စကားရပ်များဖြင့် အသျှင်သာရိပုတ္တရာသည် ဘုရားရှင်အား ချီးကျူး လျှောက်ကြားတော်မူခဲ့ပါသည်။

ထိုစကားရပ်များသည် ...

" မြတ်စွာဘုရား ... ဘုံသုံးပါး၌ တစုံတခုသော ဝတ္ထုဖြင့် နှိုင်းယှဥ်ခြင်းငှာ မထိုက်၊ လူနတ်အပေါင်းတို့၏ မျက်စိအရသာ ကြည့်ရှုဖွယ် မှန်သမျှထက် အဆ အရာပေါင်း၊ အထောင်ပေါင်းများစွာ (မြင့်မြတ် သပ္ပါယ်တော်မူလှသည့်) မြတ်စွာဘုရားရှင်၏ ကျက်သရေတော်အား ဖူးမျှော်ခွင့်ရသည့် ကျွန်ုပ်တို့သည် လူ့ဘဝအား အရတော်ပါပေ၏၊ အသျှင်ဘုရား မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်အား နတ်ဗြဟ္မာများသည် လွန်စွာမှ ချစ်ခင်နှစ်သက် မြတ်နိုးလွန်းလှပါတကား။ " ဟူ၍ လျှောက်ထားသည့် အချိန်၌ မြတ်စွာဘုရားရှင်သည် (တပည့်) အသျှင်သာရိပုတ္တရာအား ခေါ်တော်မူပြီး ...

" ယေ ဈာနပ္ပသုတာ ဓီရာ၊ နိက္မမူပသမေ ရတာ။ ဒေဝါပိ တေသံ ပိဟယန္တိ၊ သမ္ဗုဒ္ဓါနံ သတီမတံ။ " စသော ဂါထာအား ဟောတော်မူ၏။

ထိုဂါထာများ၏ အနက်ကား (သာရိပုတ္တ - ချစ်သား သာရိပုတြာ၊ ယေဓီရာ - အကြင် ဘုရားအစ ရှိကုန်သော သူတော်ကောင်းတို့သည်၊ ဈာနပ္ပသုတာ - အာရမ္မဏူပ နိဇ္ဈာနဈာန်၊ လက္ခဏူပ နိဇ္ဈာနဈာန်တို့၌ ငါးတန်သော ဝသီဘော်တို့ဖြင့် ရွှင်ပျော်လေ့လာခြင်း ရှိကုန်၏၊ နိက္မမူပသမေ - ကိလေသာတို့၏ ငြိမ်းရာ နိဗ္ဗာန်ချမ်းသာ၌၊ ရတာ - မွေ့လျော်ကုန်၏၊ တေသံ - ထိုဈာန်သမာပတ် ကျေးဇူးမြတ်နှင့် ပြည့်စုံကုန်သော၊ သတီမတံ - သတိ ရှိကုန်သော၊ သမ္ဗုဒ္ဓါနံ - ဘုရားသခင်တို့အား၊ ဒေဝါပိ - နတ်ဗြဟ္မာတို့သည်လည်း၊ ပိဟယန္တိ - ချစ်ကြည် မြတ်နိုးကုန်၏။) ဟု ဟောတော်မူသည့်အခါ (ပါဠိ) ဂါထာ၏ အဆုံး၌ (တစ်ကုဋေ) အတိုင်း/ရှည်ရှိသော သတ္တဝါအပေါင်းသည် တရားရေအေး အရသာအား သုံးဆောင်ကြရပါသည်။

ထို့နောက် မြတ်စွာဘုရားရှင်သည် သင်္ကဿနဂိုရ် ပြည်၏ တောင်ဘက် တံခါးဝတွင် ရပ်တန့်နေတော်မူပြီး ရဟန်းရှင်လူ အပေါင်းအား တရားရစေရန် အလို့ငှာ ပုထုဇဥ်များ၏ အရာဖြစ်သည့် ပြဿနာတို့အား ဖြေရှင်းရန် ရောက်ရှိလာကြကုန်သော ပုထုဇဥ်တို့အား ထိုပြဿနာများကို ဘုရားရှင်မှ မေးတော်မူပြီး ထိုမှတပါး သောတာပန်ပုဂ္ဂိုလ်များ၏ အရာဖြစ်သော ပြဿနာအပေါင်းအား သောတာပန်ပုဂ္ဂိုလ်တို့အား၊ သကဒါဂါမ်နှင့် အနာဂါမ်တို့၏ အရာဖြစ်သော ပြဿနာအား ထိုသကဒါဂါမ်၊ အနာဂါမ်များအား မေးတော်မူသည်။

ထိုပုဂ္ဂိုလ်များသည်လည်း မိမိတို့၏ အရာဖြစ်သည့် ပြဿနာများအား ဖြေဆိုနိုင်ကြပြီး အထက်အထက် ပုဂ္ဂိုလ်တို့၏ အရာတို့အား မဖြေဆိုနိုင်ကြပါ။ (ဤနေရာ၌ အထက်အထက် ပုဂ္ဂိုလ်များဟူသည်ကား ရဟန္တာအရှင်မြတ်များအား ဆိုလိုခြင်း ဖြစ်ပါသည်။)

ထိုအခါတွင် အသျှင်မောဂ္ဂလာန်နှင့် အသျှင်သာရိပုတ္တရာတို့အား ဘုရားတို့၏ အရာ၌ ဖြစ်သော ပြဿနာများကို မေးတော်မူရာ ထိုအသျှင်တို့သည် မဖြေနိုင်သည့် အခါ ထက်ဝန်းကျင် အရပ်မျက်နှာအား ဦးမော့ လှည့်လည်လျှက် မျှော်တော်မူကြကုန်သည် ဖြစ်၍ များစွာသော ပုထုဇဥ် အရိယာနတ်ဗြဟ္မာများသည် ဦးခေါင်းအထက်၌ လက်အုပ် ချီမိုးပြီး ဘုရားရှင်အား ဤသို့ လျှောက်ထားကြပါသည်။

" မြတ်စွာဘုရား ဘုံသုံးရပ်တွင် ဘုရားရှင်၏ ပြဿနာအရာအား ဖြေဆိုနိုင်သူ မရှိသေးပါ ဘုရား။ အရှင်ဘုရား ကိုယ်တိုင် ဖြေတော်မူမှ သတ္တဝါများ ကြားနာကြရမည် ဖြစ်ပါသည် ဘုရား။ " ဟု လျှောက်ကြ၏။

မြတ်စွာဘုရားရှင်သည် အသျှင်သာရိပုတ္တရာအား " ငါသည် သာရိပုတြာအား ပြဿနာဖြေဆိုရန် နည်းပေးမည်ဆိုလျှင် ဧကန်မုချ ဖြေနိုင်မည် ဖြစ်သည်် " ဟူ၍ တွေးတော်မူပြီး (ခန္ဓာ၊ အာယတန) စသည်တို့နှင့် ရောယှက်သော နည်းလမ်းအမြွက်အား ဟောတော်မူမှ အသျှင်သာရိပုတ္တရာလည်း ဘုရားရှင်တော်ထံ နည်းနာ နိဿယရသည့် အခါ၌ ပြဿနာများ၏ အဖြေအား ကုန်စင်အောင် ဟောပြတော်မူနိုင်ခဲ့ပါသည်။

ထိုသို့ ဟောပြပြီးသည့် အခါ ဘုရား တရားတော်၏ (နက်နဲသော) ဂမ္ဘီရအဖြစ်အား သိစေရန် အလို့ငှာ ဘုရားရှင်သို့ ဤစကားများ လျှောက်ကြားခဲ့ပါသည်။

" ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား တပည့်တော်သည် ရဟန္တာဖြစ်ပြီးသည့် အချိန်မှစ၍ တစ်ကမ္ဘာ ကာလပတ်လုံး ရွာသွန်းသော မိုးရေ၊ မိုးပေါက်များစွာ၌ ဤမိုးစက်အပေါင်းသည် သမုဒ္ဒရာထဲသို့ ကျမည်။ ဤမိုးပေါက်များစွာကား မြေပြင်ပေါ်သို့ ကျလိမ့်မည်ဟု အချိန်မဆိုင်း၊ ရေတွက်ခြင်းငှာ စွမ်းနိုင်ပါသည် ဘုရား။ ထိုသို့ ပညာရှိပါလျှက် ? မြတ်စွာဘုရားရှင်၏ တရား ဒေသနာတော် အနက် (အဓိပ္ပါယ်) အကျယ်အား အနည်းငယ် အရိပ်အမြွက်မျှ မသိရှိရလျှင် ပြဿနာများအား ဖြေဆိုခြင်းငှာ မစွမ်းနိုင်ပါ " ဟူ၍ နားတော် လျှောက်ထားတော်မူသည့်အခါ မြတ်စွာဘုရားသည် အသျှင်သာရိပုတြာအား ကောင်းချီးပေးတော်မူပြီး " ပရော သဟဿံ " စသော ဂါထာအား ဟောခဲ့ပါသည်။ (ဤဂါထာအား ကျမ်းစာထဲ၌ မြုပ်ထားသည် ဖြစ်သောကြောင့် ဤဆောင်းပါးတွင်လည်း အကျယ်တဝင့် မဖော်ပြတော့ပြီ။)

ယခု ဖော်ပြပေးခဲ့သည်များကား မြတ်စွာဘုရားရှင် တာဝတိံသာ နတ်ပြည်၌ ဝါကပ်တော်မူခဲ့ပြီး " ဝါလကင်းလွတ်၊ သီတင်းကျွတ် " လပြည့်နေ့ ရောက်သည့်အခါ (လူ့ပြည် သင်္ကဿနဂိုရ်သို့ ပြန်ကြွတော်မူသော နေ့) တွင် ဖြစ်ပေါ်ခဲ့သော အဖြစ်အပျက် အမှန်အား အနှစ်ချုပ် ရေးသား ပြန်လည် ဖော်ပြပေးခဲ့ခြင်း ဖြစ်ပါသည် ခင်ဗျာ။

မြန်မာနိုင်ငံတွင် နေထိုင်သည့် မြန်မာနိုင်ငံသား အားလုံး သီတင်းကျွတ် လပြည့် (အဘိဓမ္မာအခါတော်နေ့) သို့ ရောက်သည့် အချိန်၌ အေးချမ်းစွာ ကုသိုလ်ကောင်းမှု ပြုရင်း မင်္ဂလာရှိစွာ ဖြတ်သန်းနိုင်ကြပါစေ ခင်ဗျာ။

ဖတ်ရှုပေးသူများအား အထူး ကျေးဇူးတင်ရှိပါသည်။

#ကျော်ဇောအောင်။
Photo edit with GoArt.
2024/10/8, အင်္ဂါနေ့။
ကိုးကား - [ဇိနတ္ထပကာသနီကျမ်းနှင့် (ဗုဒ္ဓဝင်အကျဥ်း ပုံပြင်များ) မြန်မာ့ရိုးရာ (၁၂)လရာသီပွဲတော်များ] စာအုပ်တို့မှ မှီငြမ်းသည်။

Keep Reading

အနုပညာ ဟန် တစ်ခု ခိုင်ခိုင်မာမာနောက်လိုက်လျှောက်သူ ရှိမြဲ။ ( Trends အကြောင်း )ကျောင်းစာကြည့်တိုက် ပညာရေး -----------------------------တန်ဖိုးနားလည်တတ်ပြီလားထပ်ကာထပ်ကာလေ့ကျင့်ခြင်းက ကျွမ်းကျင်စေတယ် ◾နွေရာသီသို့ရောက်လျှင် မိုးရာသီနှင့် ဝေးတော့မည် မဟုတ်နတ်နက္ခတ်၊ လူနက္ခတ်၊ ဘီလူးနက္ခတ်တို့အကြောင်းအို...သင်္ကြန် ဘယ်ခါမုန်းလို့ ဆုံးစေတော့ပိုက်ဆံမစုပါနဲ့ ပိုက်ဆံကို ခိုင်းပါ ◾နံရံမဲ့ကျောင်း ---------------ကြည့်ချင်ပွဲ