Author's Profile Photo

၂၁ မျဉ်းစောင်း

30/09/2024

The Living of Meaningless

3 mins read
Poetry
Fiction
Psychology
The Living of Meaningless's photo

အတိတ်ဆိုတဲ့အရာက အရိပ်တစ်ခုလို ငါ့နောက်မှာကပ်ပါလာနေတယ်။ အရာအားလုံးရဲ့အပြင်ဘက်ကိုခြေဆန့်ရင်း အထီးကျန်ခြင်းကတံခါးလာခေါက်တယ်။ ခွဲခွာခဲ့ကြတဲ့ နောက်ဆုံးအချိန်ကို အမှတ်ရနေဆဲပဲ၊ ဝေဝါးစွာနဲ့ပေါ့။ အဖော်ပြုစရာပြဇာတ်တစ်ပုဒ်နဲ့ ဆေးပေါ့လိပ်တစ်လိပ်ဟာ ညတာခရီးရှည်အတွက် အားဖြစ်ခဲ့ရတယ်။ ဖက်တွယ်မှုတွေရဲ့တစ်ဖက်ကမ်းမှာ ငါရပ်တည်တယ်။ မမျှော်လင့်ပဲထွက်လာခဲ့ရတဲ့အပေါ်မှာ စိတ်ကတော့ထင့်ဆဲပဲ။ ဘယ်တက်နိုင်မလဲ။ ခရီးဆက်ခဲ့ရပြန်ပြီပေါ့။

တိုက်ခတ်လာတဲ့လေညှင်းတွေကြောင့် လွမ်းဆွေးခြင်းတွေ ဗြုန်းဆိုင်းကြီးဝင်လာတယ်။ ရှည်ကြာလှတဲ့နေ့ရက်တွေထဲ နွေးထွေးတဲ့လက်တစ်စုံကို ပစ်ပယ်ခဲ့မိပြန်ပြီ။ အချိန်လွန်မှရတဲ့နောင်တတွေအပြည့်နဲ့ပေါ့။ စိတ်ကိုတင်းပြီး အနာဂတ်ကိုခရီးဆက်ကြည့်မိပြန်တယ်။ လှပခြင်းတွေကို ခံစားမိပေမဲ့ တစ်ကိုယ်တည်းဘဝအတွက် စိတ်မကောင်းဖြစ်မိတယ်။ ချုပ်တည်းခြင်းများစွာနဲ့ ပြည့်နှက်နေတဲ့ နေ့စဉ်ဘဝကို ကူးသန်းသွားလာနေရတဲ့အဖြစ်က တော်တော်ကိုဆိုးရွားလွန်းတယ်။ ကြိုးစားပြီးရှင်သန်ကြည့်ပေမဲ့ တစ်ခုမဟုတ်တစ်ခုကတော့ ဓားနဲ့ထိုးသွားတာပဲ။ မကျက်သေးတဲ့ဒဏ်ရာတွေဗလပွနဲ့ အဆုံးမသိတဲ့ဝဲဂယက်ထဲမှာ နာကျင်လွန်းပေမဲ့ ထုတ်ဖော်ပြသခွင့်မရှိခဲ့ဘူး။ လက်တွေ့ဘဝက နာကျင်လာရင်ပဲဖြစ်ဖြစ်၊ အတိတ်နဲ့အနာဂတ်ရဲ့ ကြေကွဲစရာနှောက်ယှက်ခြင်းတွေကြောင့်ပဲဖြစ်ဖြစ် မေ့ပျောက်ဖို့မတက်နိုင်တဲ့အခါ ဘဝရဲ့ဖင်စီခံတွေကိုမီးရှို့ပစ်တယ်။ တငွေ့ငွေ့လောင်မြိုက်ခြင်းတွေနဲ့အတူ ပါသွားတဲ့စာမျက်နှာထဲမှာ နာကျင်ခြင်းတွေက အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ်နဲ့ အတူရောယှက်နေတယ်။ အစပြုဖို့လုပ်လိုက်တိုင်း ကျရှုံးခြင်းတွေနဲ့ငါဟာ မရင့်ကျက်ခင်အနာအရင်ကျက်ခဲ့ရပေါ့။

ဘဝကပေးတဲ့သင်ခန်းစာတွေအောက်မှာ အောင်မှတ်ရဖို့တော့ ရုန်းကန်နေရဆဲပဲ။ နေ့တွေဟာ ရပ်တန့်နေမှာ မဟုတ်ဘူး။ ဆုပ်ကိုင်ထားဖို့မလွယ်ကူချိန် လက်လွှတ်ခဲ့ရတဲ့အပေါ်မှာ ယူကြုံးမရဖြစ်မနေသင့်တော့ဘူး။အသိကို သတိမှာ ကပ်ထားနိုင်လောက်အောင် ပါရမီအထုံကမပြည့်စုံခဲ့ပြန်တော့ အေးစက်ခြင်းတွေကိုသာ ခါးစီးခံရတာ ဖြစ်သင့်ပါတယ်။ ကျေးငှက်လေးတွေရဲ့ နိုးထလာမဲ့အသံကို စောင့်ကြိုရင်း ပုရစ်အော်သံတွေကို အိပ်မက်ဆိုးတစ်ခုအဖြစ် အသက်သွင်းလိုက်တယ်။

ခံစားစမ်း။

အဖန်တစ်ရာမကခံစားရပေမဲ့ တစ်ရက်တစ်မျိုးမရိုးနိုင်တာ လက်ထဲကဆုပ်ကိုင်ထားတဲ့ အနွေးဓာတ်လေးတောင် ပျောက်ခြင်းမလှ ပျောက်ဆုံးခဲ့ရပေါ့။ အရှိတရားတွေကသေဆုံးခြင်းကို ဦးတည်နေကြတယ်။ သေဆုံးခြင်းတွေကပဲ ဖြစ်တည်မှုကို ပြန်လည်ပေးစွမ်းနိုင်တယ်။ တစ်ကျော့ပြန်လည်နေတဲ့အရာတွေထဲမှာ ပျော်ရွင်ခြင်းတွေရဲ့နောက်ကျောကိုသာ ငေးကြည့်နေတော့တယ်။ ငါ့အလှည့်ကဘယ်တော့လဲ။ ခံစားရသမျှထုတ်ပြလိုက်ရင် အရာရာပြေလည်သွားမယ် ထင်လို့လား။ အတိတ်ဆိုတာပြာဖုံးထားတဲ့မီးခဲတစ်ခုပဲ။ ရိုက်ချက်တစ်ခုချင်းစီက ဆွပေးနေသလား။ မီးတောက်ပဲသေသွားသလား။ ဝေဖန်ပိုင်းခြားနိုင်စွမ်းမရှိတော့ဘူး။

ပျောက်ဆုံးခြင်းတွေထဲမှာ အလေ့အထတွေပါသွားတယ်။ မျက်လုံးနဲ့မြင်ရသမျှ အစစ်အမှန်မဟုတ်တော့ဘူး။ ပြန်ရှာတွေ့တဲ့လမ်းကြောင်းတိုင်းက ဝေးကွာခြင်းတွေဆီပဲ လမ်းညွှန်ကြတယ်။ အမှတ်တရပုံရိပ်တွေထဲ မြူနှင်းတွေ ဝင်လာကြတယ်။ ထွက်သွားပေးကြပါ။ တောင်းပန်လို့လည်းမရ၊ နှင်ထုတ်ဖို့လည်း မစွမ်းသာ အရာရာမှောင်မိုက်ခဲ့ရပြန်ပြီ။ ဒီကာလထဲမှာ မျောလွင့်နေရင်း နေ့အိပ်မက်တွေထဲ အခါခါလဲကျခဲ့ရတယ်။ နိုးထဖို့ကြိုးစားနေပေမဲ့ ပျောက်ဆုံးခြင်းတွေကြားမှာ ဝေဝါးစွာနစ်မြုပ်သွားရပြန်တယ်။

ကော်ဖီရဲ့အရသာကို ပြည့်စုံစေဖို့ ရေနွေးပူပူတစ်ခွက်တော့လိုအပ်တယ်။ လိုအပ်မှုတွေအပြည့်နဲ့ ဒီလောကထဲ ဘယ်အရာကို ငါအလိုအပ်ဆုံးလဲ။ လေညှင်းတွေမှန်မှန်တိုက်နေတယ်၊ အချိန်တွေ နှေးကွေးစွာ ကုန်ဆုံးနေတယ်။ မှုတ်ထုတ်လိုက်တဲ့ အခိုးအငွေ့တွေကြားမှာ ရှင်သန်ခြင်းတွေပဲ့ပါသွားကြတာ ဘယ်လောက်လှပလိုက်သလဲ။ အရာရာကိုလက်ပြနှုတ်ဆက်ရင်း ခံစားရသမျှ ချုပ်ငြိမ်းသွားအောင် လုပ်ချင်ပေမဲ့ သံယောဇဉ်လက်ကျန်တချို့ ဦးနှောက်ကိုလာစားကြတယ်။ ဘယ်လက်မှာညှပ်ထားတဲ့ သေဆုံးခြင်းတွေကို သံသယဝင်လာတယ်။ ဖျက်ဆီးပစ်ခဲ့ရတဲ့ အနာဂတ်တိုင်းအတွက်တော့ မေ့ပစ်ယုံကလွဲလို့ ဘာမှမတက်နိုင်ခဲ့ဘူး။ အတိတ်ကာလက ရယ်မောခြင်းတွေကို ငါစက်ဆုပ်လာတယ်။ မသိခြင်းတွေကြီးစိုးတဲ့အရပ်မှာ ဘယ်လိုများ ပျော်ရွင်ခဲ့သလဲ။

စလိုက်တဲ့ခြေလှမ်းတိုင်းဟာ အဆုံးသတ်ကိုဦးတည်နေတာ ဖြစ်ရိုးဖြစ်စဉ်ပဲ။ ပျက်သုန်းခြင်းတွေကို အစပြုနေကြတဲ့ ဒီကမ္ဘာမှာ ဘယ်အရာကငါ့အဖြစ်ကို တည်မြဲစေမလဲ။ အတွေးခေါင်ခြင်းတွေရဲ့အလယ်မှာ ထီးထီးကြီး ရပ်တံ့နေရပေါ့။ ရှင်သန်ခြင်းကို သေဆုံးခြင်းနဲ့ တန်ဖိုးဖြတ်ကြတယ်။ မနိုးထလာတဲ့ မျှော်လင့်ချက်အပိုင်းအစတွေကို ဟိုးကောင်းကင်ပေါ်မှာရှိတဲ့ မှောင်မိုက်ခြင်းတွေရဲ့အလယ် ဖြန့်ကျဲပစ်လိုက်တယ်။ ပေါက်ဖွားလာတဲ့အသီးအပွင့်တွေကို ကိုယ်တိုင်နင်းခြေဖျက်ဆီးပစ်မယ်။ အမြင်အာရုံဟာ ပုလဲလုံးတွေစီရရီနဲ့ ဈာပနအခမ်းအနား အကျဉ်းချုံးတော့ လုပ်ပေးနိုင်ပါတယ်။ အမှတ်တရကျောက်တိုင်တော့မတောင်းနဲ့ပေါ့။ ဒီလိုဇာတ်လမ်းက လူတိုင်းအတွက်တော့ ခံစားဖို့မဖြစ်နိုင်ဘူး။ ဘဝရဲ့မွန်းကြပ်ခြင်းလောက်တော့ ဆေးလိပ်ကလည်း စွမ်းဆောင်နိုင်တယ်။ ဘဝရဲ့ခါးသီးခြင်းတွေကိုလည်း ကော်ဖီတစ်ခွက်နဲ့ ပိုလေးနက်စေခဲ့တယ်။ အတွေးပင်လယ်ရဲ့ ကောက်ကြောင်းတချို့ စာရွက်ပေါ်ချရေးရင်း မသေချာမှုတွေကြား ငါဟာညဉ့်နက်ခဲ့ရပြန်ပြီ။ ရှင်သန်ခြင်းတွေကိုစောင့်ဆိုင်းနေရတဲ့အချိန်တွေအတွက်တော့ စိတ်ကူးပုံရိပ်တွေကို မြေချခဲ့ရတယ်။ ထိုက်တန်၊ မထိုက်တန်ကတော့ လက်ရှိအခြေအနေနဲ့ လုံးဝမအပ်စပ်တဲ့ခေါင်းစဉ်ဖြစ်နေတယ်။ ဒီညဟာ ငါ့အတွက်တော့ တိတ်ဆိတ်မှုတွေအပေါ် သာယာမိစေတယ်။ ရှင်သန်ခြင်းတွေကို လက်ကာပြမိတယ်။ နံရံရဲ့ အခြားတစ်ဖက်ကဘဝဟာ ပြန်မရတော့တဲ့အတိတ်ဘဝတစ်ခုပဲ။

အတွေးတွေဟာအရင်လိုမဖြူစင်တော့။ ဘာကြောင့်လဲ။ ဘယ်လိုအရာတွေက ပြောင်းလဲစေလိုက်သလဲ။ အဖြေမထွက်တဲ့ပုစ္ဆာလား။ အဖြေကိုမကျေနပ်တဲ့ငါလား။ အမှန်အတိုင်းပြောရရင်တော့ ရှင်သန်ခြင်းကိုနောင်တရမိတယ်။ အရာအားလုံးရဲ့မူလဘူတကို လိုက်ရှာရင်း ငါ့ကိုယ်ထဲမှာပဲ ပြန်ပြန်တွေ့တယ်။ ဒီကမ္ဘာမြေကြီးပေါ်မှာ ငါ့ရဲ့တစ်ခန်းရပ်ပြဇာတ်လေးက တစ်ကိုယ်တော်ဖျော်ဖြေနေတယ်။ ပြန်ရမဲ့ feedback‌ တွေကိုလည်း စိတ်မဝင်စားတော့။ ငါဟာ ဆာလောင်နေတဲ့သားကောင်တစ်ယောက်ပဲ။ သားရဲတွေရဲ့ ဝါးမြိုခြင်းကို မလှုပ်ရှား၊ မရုန်းကန်ပဲ ကြည့်နေနိုင်တာ ငါ့ရဲ့အတ္တပဲ။ ၆ပေ*၃ပေ ဧရိယာလေးက လောင်မြိုက်ခြင်းရဲ့သုခဘုံပဲ။ ကြယ်တစ်စင်းရဲ့ ပြဌာန်းထားတဲ့ အလင်းရောင်အောက်မှာလည်း မခိုလှုံရဲတော့ဘူး။

ရေနွေးထဲပျော်ဝင်သွားတဲ့ ကော်ဖီတွေရဲ့အရသာက တိုးတက်ခြင်းကိုဖြစ်စေ၊ဆုတ်ယုတ်ခြင်းကိုဖြစ်စေ လက်ရှိခိုင်မြဲနေတဲ့ အရှိတရားကိုတော့ မှေးမှိန်သွားဖို့ မစွမ်းဆောင်နိုင်ဘူး။ မျှော်လင့်ခြင်းရဲ့ပြရုပ် အဖြူရောင်တိမ်တိုက်တချို့ မြင်ကွင်းထဲတိုးဝင်လာကြတယ်။ မိုးကောင်ကင်ကို မော့ကြည့်နေရင်း အတွေးတစ်စနဲ့အတူ အသက်ပြန်သွင်းကြည့်တယ်။ တိုက်ခတ်တဲ့လေပြင်းတွေကြောင့် လွတ်ထွက်သွားမလား။ ရေစက်လေးတွေကြောင့်ပဲ အရောင်ပြောင်းသွားမလား။ ညအမှောင်ထဲပဲ တစ်ဖန်ပြန်လည်နစ်မြုပ်သွားမလား။ ဘဝရဲ့ပုစ္ဆာတိုင်းဟာ အဖြေမရှိခဲ့ဘူး။ လမ်းတစ်ဝက်မှာ အသိဝင်လည်း ဘယ်သူမှချီးကျူးမှာ မဟုတ်ဘူး။ အနစ်မွန်းခံလိုက်ပြန်လဲ မေးခွန်းထုတ်မဲ့သူမရှိဘူး။ တစ်ကယ်တော့ ငါဟာရှင်သန်နေတဲ့ အဓိပ္ပာယ်မဲ့ခြင်းပဲ။



5.8.2022(04:15AM)

Keep Reading

ဥပေက္ခာ ပြုမထားသင့်ပါ သူငယ်ချင်းနေချင်တဲ့ ဘဝမွေး​နေ့လက်​ဆောင်ပျော်မောသူလက်တွေ့(action)"ရေသောက်ပြီး ရယ်ပါ"အို...လူ့ဘောင်လောက"နွေ"မျိုးစေ့ခင်ခင်ပျို့ထံပ