Author's Profile Photo

သန်းမြင့်အောင်

30/07/2024

အတုများ (၁)

2 mins read
Life Style
Poetry
Art
အတုများ (၁)'s photo

သားတို့အိမ်မှာ အလှူလုပ်နေတယ်၊ ဝင်စားသွားကြပါဦးလား၊ မုန့်ဟင်းခါးကျွေးတာပါ၊ အရပ်ထဲကလူတွေအားလုံးလိုလို လာစားကြတယ်၊ ဝိုင်းလုပ်ပေးကြတဲ့အိမ်နီးချင်းတွေလည်း အများကြီးပဲ၊ မေမေတစ်ယောက်တည်း ဧည့်ခံနေရတာ သနားပါတယ်။

အခုနေ ဖေဖေပြန်လာရင်သိပ်ကောင်းမှာပဲ။ သားကတော့ ခါတိုင်းနေ့တွေလို ရှပ်အင်္ကျီလက်ရှည်အဖြူကလေးဝတ်ပြီး လွယ်အိတ်တစ်လုံးကိုလွယ်ထားတဲ့ဖေဖေ အိမ်ပြန်လာတဲ့လမ်းကို မျှော်မျှော်ကြည့်နေမိတယ်။

ဒါပေမဲ့ ဖေဖေက ဘယ်ပြန်လာတော့မလဲနော်၊ ခေါင်းရင်းဘုရားစင်အောက်က စားပွဲပုကလေးပေါ်မှာ မနက်အထိတင်ထားတဲ့ ဖေဖေ့ဓာတ်ပုံတစ်ပုံနဲ့အတူ ဖေဖေ့ဝတ်စုံတစ်စုံရယ်၊ စားစရာထည့်ထားတဲ့ ပန်းကန်နဲ့ ရေခွက်၊ ဖန်ခွက်ကလေးတွေကိုတောင် ဖယ်ပစ်လိုက်ကြပြီလေ။

အခု အိမ်ပေါ်ကိုတက်လာကြတာ ဖေဖေ့အပေါင်းအသင်းတွေပေါ့၊ သူတို့က မုန့်ဟင်းခါးပြင်ထားတဲ့ဝိုင်းကိုမဝင်ခင် အိမ်ရှေ့ကပြင်ပေါ်မှာ စားပွဲခုံတစ်ခုလုံး ဗလာစာအုပ်တစ်အုပ်နဲ့ ပိုက်ဆံတွေအထပ်လိုက်ထောင်ထည့်ထားတဲ့ ဖန်ခွက်တစ်ခွက်နဲ့အတူထိုင်နေတဲ့ ဦးလေးပိုက်ဆီအရင်ဝင်ပြီး အိတ်ကပ်ထဲက ပိုက်ဆံတွေ နှိုက်ပေးနေကြတယ်။

ကြည့်ရတာ တစ်မျိုးကြီးပဲ။ မေမေကမနက်တုန်းက အဲသည်လိုလုပ်တာကိုမကြိုက်လို့ တားပါသေးတယ်။ ခေါင်းရင်းအိမ်က ဦးလေးပိုက်နဲ့ အိမ်နီးချင်းတွေက အတင်းလုပ်ကြတာ။ မေမေပြောတဲ့ မျက်နှာပူစရာကြီးဆိုတာကို ဘာမှန်းညာမှန်းသေသေချာချာမသိပေမဲ့ သားလည်း မေမေမကြိုက်တာကို မလုပ်စေချင်ဘူး။

သားက အစကတည်းက လိမ္မာတာတော့ မဟုတ်ပါဘူး။ ဖေဖေမကြိုက်တာကို အမြဲလုပ်ခဲ့တာပါ။ အခုဖေဖေမရှိတော့ သားလိမ္မာချင်လိုက်တာ၊ မိဘစကားနားမထောင်ရင် ငရဲကြီးတတ်တယ်လို့ မေမေပြောဖူးတယ်၊ သားကတော့ ငရဲကြီးမှာကြောက်တာထက် ဖေဖေမကြိုက်တာတွေလုပ်ခဲ့မိလို့ ဖေဖေသားကိုစိတ်ဆိုးနေမှာကို ပိုကြောက်တယ်။

ပြီးတော့ ဖေဖေ့ကို သားသိပ်သနားတာပဲ၊ ဖေဖေ့ကိုပဲ မြင်ယောင်နေတယ်။ သားရင်ထဲမှာတစ်မျိုးကြီးပဲ မေ့ပစ်လို့မရဘူး။ အခုသားမှာ မေမေတစ်ယောက်တည်း ရှိတော့တယ်။ ဖေဖေ့လိုမျိုး မေမေသားကိုထားခဲ့မှာ သားအရမ်းကြောက်တာပဲ။ အဲဒီလိုသာဆို သားဘယ်သူနဲ့ နေရတော့မှာလဲနော်။

အိမ်မှာတဖြည်းဖြည်း လူတွေနည်းသွားပြီ၊ ဖေဖေ့အစ်မကြီးကြီးတို့မိသားစုနဲ့ ခေါင်းရင်းအိမ်က ဦးလေးပိုက်တို့လင်မယားပဲကျန်တော့တယ်၊ လမ်းထဲက လူသုံးလေးယောက်ကတော့ အိမ်အောက်မှာ မုန့်ဟင်းခါးဟင်းရည်အိုးကြီးကို ဆေးကြောနေကြတယ်။ အဲဒီအချိန်မှာ ဦးလေးပိုက်က ပိုက်ဆံတွေကို ရေတွက်ပြီး စာရင်းစာအုပ်နဲ့ မေမေ့ကိုလာပေးရင်း-

“အရပ်ကကူတာကို ယူကောင်းတယ်ငါ့နှမရဲ့၊ ရပ်နဲ့ ရွာနဲ့နေတာ၊ သာရေးနာရေးမှ မဝိုင်းဝန်းကြရင်ဘယ်ဖြစ်မတုံး၊ ညည်းမလဲ ကုန်တာခမ်းတာ နည်းတယ်မှတ်လို့ ရှေ့လျှောက် ကလေးတစ်ယောက်နဲ့ လုပ်ကိုင်စားသောက်ရမှာက ရှိသေးတယ်”

မေမေက ဦးလေးပိုက်ပြောတာကိုနားထောင်ရင်း မျက်ရည်တွေ ပိုးပိုးပေါက်ပေါက်ကျလာပါလေရော။

“တို့များကိုလည်း အစ်ကိုရင်း အစ်မရင်းလို သဘောထားပြီး အစစအရာရာအားကိုးနိုင်ပါတယ်ကွယ်၊ မြိန်ရာဟင်းကောင်း ခင်ရာဆွေမျိုးတဲ့၊ ငါတို့မှာ စောင့်ရှောက်ရမယ့် ဝတ္တရားရှိပါတယ်၊ မောင်ခင်အောင်ရှိတုန်းကလည်း တို့မှာမောင်တစ်ယောက်လို အားကိုးခဲ့ရတာ”

ဦးလေးပိုက်မိန်းမက ဖေဖေ့နာမည်ထည့်ပြောလိုက်ကာမှ မေမေက တရှုံ့ရှုံ့နဲ့ငိုပါလေရော၊ မေမေငိုတော့လည်း လိုက်ငိုမိတာပေါ့၊ ဒါနဲ့ပဲ ဦးလေးပိုက်က -

“ကဲပါ၊ ငါ့နှမရယ်၊ သေတဲ့လူလည်း သေပြီပဲ၊ ညည်းက ဒီလိုဖြစ်နေတော့ ကလေးက ပိုအားငယ်မှာပေါ့၊ တော်ပါတော့ကွယ်၊ ရှေ့လျှောက် ဘယ်လိုစခန်းသွားမလဲလို့သာ ခေါင်းအေးအေးနဲ့ စဉ်းစား၊ ကဲ ငါ့သားလည်း တိတ်တော့နော်၊ သွား. . . သွား ကစားချည်”

ဆိုတော့ မေမေကပါ မျက်ရည်သုတ်ပြီး သားကို-

“သားလေး. . . သား ကစားစရာတွေအားလုံး မေမေ့အိပ်ခန်းထဲမှာ စုပြီးပုံထားတယ်၊ သွားကစားနော်” လို့ ပြောတယ်။ သားက မကစားချင်ပါဘူး။ ဒါပေမဲ့ မေမေတို့ရှေ့ကနေထပြီး အခန်းထဲဝင်လာခဲ့တယ်။ အထဲရောက်တော့ အခန်းထောင့်မှာ မေမေစုပုံထားတဲ့ သားရဲ့ကစားစရာတွေထဲမှာ မျက်နှာဖုံးရုပ်တွေကိုပါတွေ့ရတယ်။

သားငိုချင်လိုက်တာ။ မျက်နှာဖုံးရုပ်တွေကို ကိုင်ကြည့်ရင်းနဲ့ ဖေဖေ့ကိုတအားသတိရလာတယ်။ သည်မျက်နှာဖုံးတွေကို ဖေဖေမသိအောင် သား ခိုးပြီးဝယ်ထားတာတွေပေါ့၊ အဲဒီအတွက် ဖေဖေသားကို ခဏခဏစိတ်ဆိုးဖူးတယ်၊ ဟိုတလော တုန်းကဆို အရိုက်တောင်ခံရတယ်။

မေမေသားကို တစ်နေ့ကျောင်းမုန့်ဖိုး ငါးကျပ်ပေးတယ်။ အဲဒီငါးကျပ်စပေးတဲ့နေ့က မေမေပြောတာကို သားမှတ်မိနေသေးတယ်။

“မေမေတို့ငယ်ငယ်တုန်းက သားအရွယ်မှာ ကျောင်းမုန့်ဖိုးတစ်မတ်ရတာပဲ၊ ဒါတောင် မေမေတို့မိဘက ပိုက်ဆံမရှားလို့ တချို့မေမေ့သူငယ်ချင်းတွေဆို ဆယ်ပြားပဲရတာ၊ အဲဒီပိုက်ဆံထဲက မေမေမုန့်ဝယ်စားတယ်၊ စုလည်းစုတယ်၊ သားလည်း ပိုက်ဆံစုတာအကျင့်လုပ်ဦးနော်” တဲ့။

မေမေ ပိုက်ဆံတစ်မတ်ထဲက ဘာဝယ်စားပြီး ဘယ်လောက်စုသလဲလို့ သားသိချင်လိုက်တာ၊ ပြီးတော့ မေမေကမုန့်ဖိုးပေးတိုင်း သားကို-

“သားလေး မတည့်တာတွေ ဝယ်မစားနဲ့နော်” လို့ ပြောသေးတယ်။

“တည့်တာက ငါးကျပ်ဖိုးမှ မရောင်းတာ မေမေရဲ့” လို့ သားက ပြန်ပြောချင်တာ၊ ဒါပေမဲ့ မပြောပါဘူး။

အပိုင်း ၂ ဆက်ရန်....

Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးစာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းအပေါ်ယံသမားစာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်စာစောင်လေးဆယ် - အလိုကြီးအရနည်း ဟိုလိုလို ဒီလိုလို ဝေလည်လည်စာစောင်သုံးဆယ် - အရင်းအမြစ်ပြည့်စုံခြင်းစာစောင်နှစ်ဆယ့်ငါး-ခက်ခဲမှုတို့ရဲ့နောက်ကွယ်တန်ဖိုးစာစောင်သုံးဆယ့်နှစ်-ကိုယ့်ကိုယ်ကိုယ်နှစ်သိမ့်ခြင်းဧကရာဇ်မင်း၏ အတွေးမှတ်စု စာစောင်ငါး (၉-၁၄)