Author's Profile Photo

SarPhat Author

14/07/2024

အတိတ်နေ့စွဲ 7.7

1 min read
Poetry
Entrepreneurship
18 Again
အတိတ်နေ့စွဲ 7.7's photo


၁။ ရှိရှိသမျှ မေတ္တာတွေ ရှိရှိသမျှ ပန်းတွေအားလုံး မင်းရှေ့မှာသာ ပွင့်စေချင်ခဲ့တာ။ကိုယ့်ကြောင့် မင်းပြုံးရတဲ့အခါ မင်းပြုံးနေတာလေးကို ငေးနေမယ်။တစ်စုံတစ်ယောက်ကြောင့် မင်းဝမ်းနည်းရတဲ့အခါ
တိမ်တွေကို စိတ်တိုမိမယ်။နေကြာတွေမျက်နှာမူနေတာ နေမင်းကြီးရှိရာအရပ်မဟုတ်သလို စောင့်နေသောသူရှိတဲ့လမ်းမှာ ပြန်လာမဲ့သူ တကယ်မရှိဘူး။ပြန်မဆုံနိုင်တော့တဲ့ လမ်းတွေကို တစ်ယောက်သောသူက ပြန်မလာနိုင်တော့တဲ့သူကို စောင့်နေတယ်။

၂။ ဆံပင်တွေ အရှည်ထားမယ်။အဖြူရောင်ပန်းကလေးတွေ စိုက်ပျိုးမယ်။ တစ်ယောက်ထဲနဲ့ လုံလောက်တဲ့အချစ်မျိုးနဲ့ တစ်စုံတစ်ယောက်ကို စိတ်ချလက်ချ ချစ်ချင်မယ်။ ဒါကျွန်တော် ပြန်ရချင်တဲ့ စိတ်လျော်ကြေးတစ်ခုပဲ။

၃။ အရာရာ တွေးတတ် မြင်တတ်လာတဲ့အခါ
တိရစ္ဆာန်တွေကို ပိုချစ်လာတယ်။စိတ်အဟောင်းကြီးနဲ့ ဒဏ်ရာတွေ ကို လွှတ်ချတတ်လာတယ်။အရင်လို စိတ်ပျော်လက်ပျော် ရယ်တက်ပြုံးတက်ဖို့ကို ကြိုးစားမယ်။
ပြီးရင် ထပ်မချစ်မိအောင် နေထိုင်မယ်။

၄။ တစ်ယောက်ထဲ နေရတာက အထီးကျန်စရာကောင်းပေမယ့် တကယ်လက်တွေ့မှာတော့ အေးချမ်းစေတယ်။
အရာအားလုံးကို အရှုံးပေးတတ်လာခြင်းတွေက ငါ့အတွက် တကယ် အေးချမ်းစေတယ်။

၅။ ဟိုနားက သီချင်းဖွင့်သံ ဒီနားက အလွမ်းအဆွေးသံ
အလိုက်တသိ နှုတ်ဆိတ်လိုက်တဲ့အခါ ညအမှောင်တွေက အေးချမ်းခြင်းကို ဆောင်ယူလာတယ်။ဆိုးလို့မရတဲ့ ရင်ခွင်မှာဆိုးမိလိုက်ရင် သူတို့ဟာ ထွက်သွားကြတတ်တယ်။ တစ်ချို့ကျ မချစ်တတ်သလိုနဲ့ပစ်ချတယ် တစ်ချို့ကျလည်း ချစ်တတ်သလိုနဲ့ပစ်ချတယ်။ တူနှစ်ကိုယ် စာတွေမြင်ရင် ကိုယ်အဆင်မပြေဘူး။ သူလည်းသူပျော်ရာ ကိုယ်လည်းကိုယ်ပျော်ရာ သူက ပျော်ရွှင်ခြင်းဆို
ကိုယ်က ဝမ်းနည်းခြင်းတွေပေါ့။

၆။ မနီးချင်ခဲ့တာမှမဟုတ်တာ နီးစပ်ဖို့အတွက် Trauma ရနေခဲ့တာ။ တစ်ခါဝေးဖို့အတွက် တစ်ခါတွေ့ဆုံရတယ်။
မျှော်လင့်ချက်ထားရင် ထားသလောက်လည်း ခံစားရတာပါပဲ။ ဘဝကိုဖျတ်ဆီးမဲ့အချစ်တုတွေရယ် ပုံပြင်တွေထဲ ထားပစ်ခဲ့မဲ့ လူတစ်တစ်ချို့ရယ် ကျေနပ်ပါတယ်။ ဒဏ်ရာတွေကို တောနင်းရှာစရာမလိုတာ။

၇။ တစ်ခါထဲမဟုတ်ဘူးလေ ခဏခဏနာကျင်ရ​တော့ခံနိုင်ရည်မရှိတာ မဆန်းပါဘူး။ မချစ်တော့လို့မှမဟုတ်တာ မချစ်ရဲတော့တာပါ။ ရှိချင်ရှိမှာပေါ့ မရှိချင်လည်းမရှိဘူးပေါ့ အမှတ်သည်းခြေတွေက ဒဏ်ရာတွေနဲ့ပျော်မွေ့နေသူအတွက်တော့ အမှတ်မရှိခြင်းတွေအဖြစ်
ကူးပြောင်းစေခဲ့တာပဲလေ။

၈။ ခေတ်ပျက်တစ်ခုမှာ အချစ်တွေရှာဖွေနေလည်း
စစ်တွေဖြစ်နေတဲ့တိုင်းပြည်မှာ အချစ်တွေဟာလည်း မစစ်တော့ဘူး။ မင်းက ထစ်ချူန်မိုးတွေလိုပေါ့ ရွာချင်တဲ့နေရာမှာရွာပြီး ချစ်ချင်တဲ့သူကိုပဲရွေးချစ်တတ်တာမျိုး။

၉။ ငါတို့ဘယ်နေရာမှာ မှားခဲ့ကြတာလဲ။ ငါတို့ဘယ်နေရာမှာ လွဲခဲ့ကြတာလဲ။ပြီးတော့ ငါတို့ဘယ်နေရာမှာ ပြောင်းလဲသွားကြတာလဲ။ အရာအားလုံးက အတိတ်ဆိုပေမယ့် မေ့မရသေးတဲ့ သူအတွက်တော့ အခုထိ လွမ်းနေတုန်းပဲ။

၁၀။ အိပ်လက်စ အိပ်ယာခင်းပေါ်မှာ
တွေးလက်စ တစ်ပိုင်းတစ်စ အတွေးတွေရှိချင်ရှိမယ်။
တစ်ရေးနိုးပြီးတဲ့အချိန် အိမ်မက်ထဲမှာ မက်လက်စ အိမ်မက်အပိုင်းစတွေ ရှိချင်ရှိမယ်။ အလိုအလျောက် ကုန်ဆုံးနေတဲ့အချိန်တွေ။ တစ်ခါတစ်လေမှာ ပိုင်ဆိုင်ထားပါလျက် နားမလည်နိုင်တဲ့ နေ့ရက်တွေဖြစ်ချင်ဖြစ်နေတယ်။ ပြုံးလည်း ပြုံးချင်တယ်။ ရယ်လည်း ရယ်ချင်တယ်။ မရယ်မပြုံးရတာကြာတော့လည်း မရယ်မပြုံးတတ်သလိုဖြစ်နေတယ်။ ဒီလိုနဲ့ပဲ မရယ်မပြုံးဖြစ်တော့ဘူး။အချိန်အခါရရင် တောင်တန်းတွေဆီ ခရီးနှင်မယ်။ဆံပင်အရှည်ထားမယ် ပြီးရင် ​သံသရာတစ်ကွေ့မှာ ချစ်မြတ်နိုးရတဲ့သူနဲ့ ​ပေါင်းစပ်ခွင့်ရဖို့ ဆုတောင်းပြုမယ်။

- Joy (ဘုန်းမိုးသွန်း)

Keep Reading

"သွားပါ...ကလေးငယ်"အထီးကျန်နန်းကျဘုရင်ဥပေက္ခာ ပြုမထားသင့်ပါ သူငယ်ချင်းမေတ္တာဖြင့် ချစ်ခွင့်ပန်ခြင်းနေချင်တဲ့ ဘဝမွေး​နေ့လက်​ဆောင်ပျော်မောသူလက်တွေ့(action)ယနေ့ကဗျာ