Author's Profile Photo

SarPhat Author

10/07/2024

အခမဲ့ ရင်ခုန်သံ - ၂

1 min read
Poetry
Art
18 Again
အခမဲ့ ရင်ခုန်သံ - ၂'s photo


လက်လွှတ်လိုက်ရလို့ တစ်ယောက်တည်းဆိုပေမယ့်လည်း ဖြတ်သန်းနေဆဲ နေ့ရက်ကလေးကို အေးချမ်းစွာဖြတ်သန်းချင်တယ်။ နီးနေလျက်နဲ့ဝေးနေကြသလို
ဆုံနေလျက်နဲ့လွမ်းနေကြတဲ့ ရင်နာစရာ နှလုံးသားအကြောင်းကိုရော သိလား။

နွေဦးဘူတာရောက်ရောက် မိုးဦးရဲ့မိုးစက်တွေပဲဖွဲဖွဲ ဆောင်းခိုငှက်တွေ ဆောင်းခိုသွားသည့်တိုင်အောင်ကိုယ်တို့ထပ်မဆုံဖို့ကို ဘယ်ရာသီမှာ လွဲခဲ့ကြတာလဲ။
ရယ်မောသံကလေးတွေ ကျယ်တာထက်ပိုကျယ်လာတယ်။ မပြောင်းလဲခဲ့တဲ့ ရင်ခုန်သံတွေအောက်မှာ
အဟောင်းလည်း အသစ်မဖြစ်သေးဘူး ။ မလိုချင်တော့တဲ့လူတစ်ယောက်ကို ချစ်ခြင်းမေတ္တာဖြစ်ဖြစ်
စေတနာဖြစ်ဖြစ် အတင်းပေးနေတာကလည်း နှလုံးသားတစ်ခုကို တန်ဖိုးမဲ့သွားစေတယ် ။

အလှမ်းဝေးလွန်းတဲ့ မင်းနဲ့ငါ့ကြားမှာ နီးစပ်ဖို့အတွက်လည်း မလွယ်ကူပြန်ဘူး။ ငါမင်းကို ဘယ်လောက်လိုအပ်သလဲဆိုရင် ငါ့မနက်ဖြန်တိုင်းမှာ မင်းရှိမှဖြစ်မှာဆိုတဲ့အထိ လိုအပ်တယ် ။ တွေ့ဆုံခြင်းကို ရေစက်တဲ့ ဒါဆို ဝေးကွာခြင်းကိုရော ဘယ်လိုပြောဆိုကြဦးမှာလဲ ငါဘာမှမသိတော့ဘူး။

တာ့တာမပြ နှုတ်ဆက်စရာမလိုပဲ အဝေးကြီးကို ငါတို့တွေ တစ်ယောက်တစ်လမ်း ခရီးနှင်ခဲ့ကြတယ် ။ နင်ပျော်နေပါပြီဆိုတာလည်း အနားကထွက်ခွာသွားခြင်းတွေက သက်သေထူနေပြီပဲ။ ချစ်လာတော့လည်း ပိုင်ဆိုင်ခွင့်မရပြန်ဘူး ။ ပန်းကြွေတော့ ဥယျာဥ်မှူးက ဝမ်းနည်းတယ်တဲ့ နှလုံးသားကြွေတော့ ဘယ်သူဝမ်းနည်းပါလိမ့်။

စိတ်ပျက်လက်ပျက်ဖြစ်လာတဲ့အခါ တိမ်တွေကိုကြည့်ရင်း ပြန်လည်ရှင်သန်နိုင်ဖို့ကို ကြိုးစားကြည့်တယ်။ တစ်ချို့အတိတ်တွေက ပြန်မလိုချင်ပေမယ့်
အတွေးထဲကို ရောက်လာတတ်တာ ဆိုးတယ်။ ကိုယ့်မေတ္တာတွေက မပေးတက်လို့ထင်ပါရဲ့ မေတ္တာလွန်ပြီး မင်းနဲ့ဝေးရာမှာပဲ နေလိုက်ရတယ်။

ခဏတာ စိတ်ခံစားမှုအတွက်နဲ့ ငါ့ရဲ့ဘဝထဲကိုဝင်လာကြတဲ့သူတွေ ။ အသက်အရွယ်ကြောင့်ရင့်ကျက်လာရတာမဟုတ်ပဲ စိတ်ဒဏ်ရာတွေကြောင့် ပိုရင့်ကျက်လာတယ်။ ကမ္ဘာကြီးက လူသားတွေကိုဖန်တီးပေးခဲ့သလို နာကျင်ခြင်းတွေကို ဖန်းတီးနေသူက ငါဖြစ်နေတယ်။ လူတစ်ယောက်စီက အများကြီးမျှော်လင့်ခဲ့လို့ အများကြီး နာကျင်ရတယ်။

နီးစပ်ဖို့အတွက် ကြိုးစားခဲ့ပြီး မေ့ပစ်ဖို့ကျတော့ ဘာလို့မကြိုးစားရတာလဲ ငါ့နှလုံးသားကိုငါ ပြန်မေးနေမိတယ်။ ဝေးသွားမှ ပေးဆပ်ပြီးချစ်ပြနေတော့ရောနာကျင်စရာတွေကလွဲပြီး ဘာတွေထပ်ရဦးမလဲ ။ ငါအသိစိတ်လွတ်ပြီး အရူးမီးဝိုင်းဖြစ်နေပြီး အချစ်ရေ။ ဝေးကွာခြင်းအတိုင်းအထွာကိုလည်း ဘာနဲ့မှ ငါမတိုင်းချင်တော့ဘူး။ စိတ်သွားတိုင်း ကိုယ်မပါတော့သလို ။ ကိုယ်သွားတိုင်းလည်း စိတ်ကပါမနေတော့ဘူး။

ကြီးနိုင်ငယ်ညှဥ်းတဲ့ အချစ်ကြီးလို့ ညှဥ်းစဲခံရတာလား သေချာမသိတော့ဘူး ။ အကြိမ်ကြိမ် လွဲဖူးခဲ့တယ်
အကြိမ်ကြိမ် စွန့်ပစ်ခံခဲ့ရတယ် အကြိမ်ကြိမ် လှည့်စားခံခဲ့ရတယ် ဒါပေမယ့် ဒီတစ်ခါ ချစ်တယ်လို့ ဖွင့်ပြောလိုက်တဲ့စကားတွေမှာ မဆုံးရှူံးချင်တဲ့ အဓိပ္ပါယ်အများကြီးပါတယ်ဆိုတာတော့ မင်းကိုယုံစေချင်တယ်။ ဒါပေမယ့် တစ်ဘဝလုံး ဝေးသွားဖို့ ခဏတာ နီးစပ်ခဲ့တာပါပဲ။

- Joy (ဘုန်းမိုးသွန်း)

Keep Reading

"သွားပါ...ကလေးငယ်"အထီးကျန်နန်းကျဘုရင်ဥပေက္ခာ ပြုမထားသင့်ပါ သူငယ်ချင်းမေတ္တာဖြင့် ချစ်ခွင့်ပန်ခြင်းနေချင်တဲ့ ဘဝမွေး​နေ့လက်​ဆောင်ပျော်မောသူလက်တွေ့(action)ယနေ့ကဗျာ