Author's Profile Photo

အလင်္ကာ

13/09/2023

မောင် ကျွန်မကဗျာဆရာတွေကိုမုန်းတယ်

1 min read
Poetry
မောင် ကျွန်မကဗျာဆရာတွေကိုမုန်းတယ်'s photo

၇။ မောင်ဦးစားပေးသောအရာများ


“မောင် ဒီနေ့လာဖြစ်တယ်လား”
အမရာကဖုန်းအသံသိပ်မကြားရမည်စိုး၍စပီကာဖွင့်ကာဆက်လိုက်သည်..။
မောင့်ဘက်ကဘာသံမှမကြားရ။ခဏလေးကိုင်ထားလိုက်ပြီးမှမောင့်ဆီကလေသံထွက်လာသည်..။
“မောင်အရေးကြီးနေလို့ ပြန်ဆက်မယ်နော် မ”
ထိုမျှသာပြော၍ဖုန်းချသွားသည်…။အရေးကြီးသည်ကား ဒီနေ့၊ဒီနေ့ မောင့်မွေးနေ့ ။ဒီဇင်ဘာသုံးရက်နေ့ ..။မနက်ကဘုရားသွားကြမည်ဟုဆိုကာ ဘုရားမသွားဖြစ်ကြ..။မောင်ပါပဲလေ..။အရေးကြီးကိစ္စရှိသည်ဟုဆိုကာ မွေးနေ့ကိုပစ်ထားခဲ့လေရဲ့…။
မောင်ကြိုက်တဲ့မိုးပြာရောင်ဟူဒီပုံလေးနဲ့ကိတ်မုန့်ကိုအမရာကမောင့်အတွက်စပရိုက်ဖြစ်အောင်ပြင်ထားပေးသည်…။
ညနေစောင်းတော့မောင်ရောက်လာသည်..။အရောက်လာခဲ့သည်ဟုဆိုကပို
မှန်မည်..။မောင်ကရောက်ရောက်ချင်းပင်
“မ ပဲစဉ်းစားကြည့် “ဟုဆိုကဘုမသိဘမသိစကားစ၏..။စဉ်းစားကြည့်ဆိုတော့စဉ်းစားရမှာပေါ့..။
“ဇာတ်ညွှန်းဆရာက ကိုယ့်ဝတ္ထုကိုပြင်ရေးတာမျိုးကျဘယ်ကြိုက်မလဲနော်..။မောင့်စာမဟုတ်ပါဘူး၊အသိဆရာတစ်ယောက်ရဲ့ဝတ္ထုကိုပြင်လိုက်လို့မကျေနပ်လို့ငြင်းခုန်နေကြတာ..။တော်တော်ကြာတယ်..။ဆရာကြီးတက္ကသိုလ်ဘုန်းနိုင်ရဲ့ဝတ္ထုကိုဒါရိုက်တာကြီးဦးကြည်စိုးထွန်းရိုက်တုန်းကလည်းဇာတ်ညွှန်းက ဆရာချစ်ဦးညိုထင်ပါရဲ့ မေ့နေပြီ အဲလိုအခြေတင်ဖြစ်ခဲ့ဖူးတယ်တဲ့…။ဇာတ်ကွက်ကိုပုံဖော်ပေမဲ့ဝတ္ထုပျက်လောက်အောင်ဇာတ်ညွှန်းလုပ်ချတာကြီးကမမိုက်ပါဘူး..။ဇာတ်ညွှန်းဆရာတော်တော်များများအဲလိုမဟုတ်ပါဘူး..။
သူကကိုဖြစ်တာ”
တရစပ်ပြောနေသော မောင့်ကို အမရာအသာတကြည်နားထောင်နေမိသည်..။စပေအနုပညာနဲ့ပတ်သက်လာရင်သွေးဆူလွယ်သော မောင်၊အမရာ့ချစ်သော မောင် ။
နဖူးတွင်ချွေးစက်လေးများပင်သီးနေသည်..။လူကြီးပေါက်စလေးဟုဆိုရမည်ဟန်တီရှပ်နှင့်ပုဆိုးနှင့်…။
“ကဲ မောင် မောပြီလား ၊အဲဒါကလည်းအဲဒါပေါ့ ။သံပုရာရည်လေးသောက်မလား၊အမရာယူခဲ့မယ်..”
မောင်ကသောက်မည်ဟုပြောသဖြင့်အိိမ်နောက်ဖေးသို့ဝင်ခဲ့သည်..။
မောင် ပျော်စေရန်ကိတ်မုန့်ကိုဖယောင်းတိုင်ညှိ၍ စပရိုက်တိုက်ရန်စီစဉ်ကာထွက်လာလိုက်သည်…။
“ဟက်ပီဘက်ဒေး…တူး….”
ဆက်ဆိုရန်အားမရှိတော့..။မောင်ကမည်သည့်အချိန်ကထွက်သွားမှန်းမသိ…။
ထပြန်သွားသည်ကိုပင်အမရာ့ကိုမနှုတ်ဆက်..။စာရွက်ကလေးတစ်ရွက်စားပွဲထက်တွင်တွေ့သည်…။
“မ…မောင်ပြန်နှင့်ပြီ..
မောင့်မွေးနေ့မှာ မ မျက်နှာကိုကြည့်ဖို့လာခဲ့တာရယ်…။မောင် ပျော်ပါတယ်နော်..။မ ဖျော်ပေးမဲ့သံပရာရည်ကိုလည်းမသောက်ခဲ့ရဘူး..။စိတ်မကောက်နဲ့နော်..။ခုနကကိစ္စလေးမောင့်ကိုဖုန်းဆက်လို့မောင်ထပြန်ခဲ့တာ…။အရေးကြီးလို့တဲ့….။
နောက်ရက်များမှာ မောင် ဆက်ဆက်ပြန်လာခဲ့ပါ့မယ်…။

မရဲ့
ချစ်သောမောင်”

မက်ဆေ့ချ်တစ်စောင်ဝင်လာသည်..။
“မ..ဆောရီးနော်..အများကြီးချစ်တယ်”

အမရာ ကိတ်မုန့်ကိုအသာယာချလိုက်သည်…။စားပွဲပေါ်ကစာရွက်ကလေးကိုအသာယာခေါက်လိုက်သည်…။ပြတင်းတံခါးမှအိမ်ပြင်ဝသို့ငေးနေလိုက်မိသည်…။

မောင်က ချစ်တယ် ဆိုတော့ အမရာ ဝမ်းမြောက်မိသည်..။အချစ်ဆိုတာမျိုးက
အခက်သား..။ချစ်ခြင်းကို ချစ်ပြနေဖို့လိုသည်ဟုယူဆသည်ကတစ်မျိုး၊ချစ်ပြနေစရာမလိုပဲ ရင်ထဲထည့်ထားရင်ရပြီဟုတွေးဆကြသည်ကတစ်ဖုံ…။

မည်သို့ဆိုစေ
မောင်က အမရာနိဗ္ဗာန်ဘုံလေးပါပေ….။

အလင်္ကာ

Keep Reading

"သွားပါ...ကလေးငယ်"အထီးကျန်နန်းကျဘုရင်ဥပေက္ခာ ပြုမထားသင့်ပါ သူငယ်ချင်းမေတ္တာဖြင့် ချစ်ခွင့်ပန်ခြင်းနေချင်တဲ့ ဘဝမွေး​နေ့လက်​ဆောင်ပျော်မောသူလက်တွေ့(action)ယနေ့ကဗျာ