အလင်္ကာ
၂။ကမ္ဘောဇသာဒီ
အင်း..
မောင်..အဲဒီမောင်..ကဗျာဆရာမောင်..ပြီးတော့ အမရာ့မောင်…။
ပဲခူးဘက်ကိုခဏရောက်တော့ရွှေမော်ဓောဘုရားကိုဝင်ကြတယ်…။စနေထောင့်မှာရေသပ္ပါယ်ဘုရားရှိခိုး…။
“ရှူး..တိုးတိုးအမရာ”
“ဘာလဲရှင့်..ကျွန်တော်ဘာလုပ်မိလို့လဲ”
“မင်းလေးက ကိုယ့်ကိုချစ်ကြောင်းဆုတောင်းတယ်လို့ပြောပြမှာစိုးလို့”
“ဟ..ကဗျာဆရာတွေများ”
ပြုံးစစနဲ့ပြောလိုက်ပေမဲ့အမရာဆုတောင်းတကယ်မပြောဖြစ်ခဲ့ပါ..သို့သော် မောင်ပြောသည်လည်းမှန်ခဲ့ပါသည်..။မောင့်ကိုချစ်လွန်းလို့ဆုတောင်းခဲ့ပါကြောင်း…။
ထားတော့..ဘုရားကနေဆင်းတော့အချိန်ရသေသမို့တောင်ဘက်ကိုရှင်စောပုလမ်းအတိုင်းချိုးကွေ့ပြီးကမ္ဘောဇသာဒီနန်းတော်ဘက်ကိုကူးခဲ့လိုက်သည်…။
မောင့်လက်ကိုကိုင်ရသည့်အခိုက်တန့်အမရာအတွက်ကမ္ဘာတစ်ဝက်ပိုင်ပြီလေ..။ကျန်တစ်ဝက်ကိုတော့သူယူပေါ့…။
အမရာတို့ပျော်ခဲ့သလား..တော့မသိ..။
နန်းတော်ဝင်ကြေးတစ်ယောက်တစ်ထောင်ပေးပြီးနောက် ကားလေးကိုအသာယာဆွဲကွေ့ကာပါကင်တွင်ရပ်လိုက်သည်…။မောင်က စတင်မြင်ရသောနန်းတော်ကြီးနှင့်ဆင်ရုပ်ကိုစူးစမ်းလေ့လာနေဘိခြင်း…။
ဆင်ရုပ်အောက်တွင်အကြွေစေ့များပုံစံအတုပြု၍ခင်းထားဟန်မြင်ရသည်..။မောင်ကအသာယာထိတ်လန့်တကြားလက်ယပ်ခေါ်တော့ မောင့်အနားသွားလိုက်သည်..။
မောင်ကလူလည်..။
“ဒီနားမှာရပ်..မောင်ပုံရိုက်ပေးမယ်”
အကြောင်းကား..သူဝတ္ထုရေးရန်မှတ်တမ်းလည်းကျန်၊အမရာအတွက်ပုံရိုက်ပေးခ့င်းကိစ္စလည်းပြီးဆုံး။တစ်ချက်ခုတ်နှစ်ချက်ပြတ်တဲ့..။ကဗျာဆရာတွေများသိပ်ကြောက်စရာကောင်း…။
မောင်မောနေမည်စိုး၍အမရာအချိုရည်နှစ်ခွက်သွားဝယ်သည်..။မောင်ကဘာတွေလျှောက်လုပ်နေသည်မသိ..။
ကြွေရွက်ကိုလည်းပုံရိုက်သည်..။
ရွက်ဝါကိုလှမ်းမှတ်တမ်းတင်သည်..။
နန်းဘေးကစာအုပ်စင်၊မုန့်ဆိုင်၊စားပွဲအကုန်မှတ်တမ်းတင်သည့်အပြင်အမရာအချိုရည်ဝယ်နေသည်ကိုတဖြတ်ဖြတ်ရိုက်နေတော့သည်…။
ခရမ်းပြာရောင်ပိန်းဥအချိုရည်ကမောင့်အကြိုက်မို့ထင့်၊ဂလုကနဲမျိုချသည်မှာ
ကြောက်စရာလန့်စရာ..။သည်ပုံစံတိုင်းဆိုရင်အချိုရည်တစ်ခွက်သုံးငုံလောက်နှင့်ပင်ပြီးနိုင်သည်…။
မောင်နဲ့အတူနန်းတော်ထဲဝင်ကြသည်…။
ခိုချေးနံ့နှင်ရောနှောနေသောသီဟာသနပလ္လင်၏ရွှေရောင်အဆင်းမှာတောက်တောက်ပပမရှိ၊ပြာနှမ်းနေသည်..။သမိုင်းပုံရိပ်ဖြစ်သည်မို့သာခံစားချက်တစ်မျိုး..။
မောင်က ဘောင်းဘီအိတ်ထဲမှာ mask နှစ်ခုထုတ်၍ အမရာ့ကိုတစ်ခုပေးသည်..။အနံ့သက်များသက်သာသွားသည်မို့လိုက်ပတ်ကြည့်ကြသည်…။
မြေပုံလေးများကိုတွေ့လျှင်မောင်ကလက်ညိုးတထိုးထိုးဖြင့်ရှင်းပြတတ်သည်…။
“ဒါက မိဖုရားကြီးတို့စက်ရာနန်းဖြစ်နိုင်တယ်၊ဒီဘက်ကဘုရားခန်းလို့ထင်ရတာပဲ၊
သေချာမသိပေမဲ့မှန်းဆကြည့်ရတာပဲလေနော်”
“မောင်ကသိတော့ရောဘာလုပ်မို့”
“လုပ်ချင်တာရယ်လို့တော့မရှိပါဘူးလေ..
ဒီတိုင်းသိချင်တာလောက်ပါပဲ”
“အင်းပါ”
အမရာဖုန်းလာသဖြင့်ဖုန်းဆက်စကားပြောနေစဉ်မောင်တစ်ယောက်ဟိုလျှောက်ဒီလျှောက်ဖြင့် နန်းတော်ရာတွင်းကွင်းဆင်းလျက်ရှိသည်…။
အချစ်ဆိုတာအခက်သားကလား..
စာရေးဆရာကဗျာဆရာတိုနှင့်စုံမက်ရလေသော အမျိုးသမီးများအဖို့အမရာမတွေးတတ်။သူတို့ကချစ်လျှင်ပိုချစ်သည်။တစ်ခါတစ်ခါခန့်မှန်းရလည်းခက်သည်။
ကဗျာဆရာတွေ စိတ်လေနေပြီဆိုရင်အမျိုးသမီးများကိုယ်လက်မအီမသဋဖြစ်ချိန်လို တငြီးငြီးတငြူငြူဘာကိုအလိုမကျသည်မှန်းမသိပဲဖြစ်နေတတ်သည်ကိုအမရာကိုယ်တွေ့ကြုံဖူးပြီ..။
ထိုသို့သောအချိန်တွင် မောင်က ဆရာမကြည်အေး၏ကဗျာလေးကိုကောက်ဖတ်လိုက်ရသည်နှင့်စိတ်ပြေသွားတတ်သည်..။ထူးတော့ထူးဆန်းသည်..။
ဒါပေမဲ့ မောင့်ကိုအမရာချစ်သည်…။
Keep Reading