SarPhat Author
New York City ,April 2010
ဗီဗီယန်
ဒီနေ့ "သူ့"သမီး ဆီက စာတစ်စောင်ကျမဆီရောက်လာတယ်။
"အန်ဂျလာ" ဒီနှစ်ကာလတွေမှာ အန်ဂျလာ့ ကို အကြိမ်ကြိမ် သတိရခဲ့ပေမယ့် ဒီစာနဲ့ဆိုရင် သုံးကြိမ်ပဲအဆက်အသွယ်ရှိခဲ့ဖူးတယ်၊
၁၉၇၁ ခုနှစ်တုန်းက အန်ဂျလာ့အတွက် wedding dress
စီစဥ်ပေးခဲ့ဖူးတယ်၊
၁၉၇၇ မှာတော့ သူမ အဖေ "သူ" ဆုံးသွားပြီလို့ စာရေးအကြောင်းကြားခဲ့တယ်။
အခု တစ်ခေါက် စာထဲမှာတော့ သူမရဲ့အမေ မကြာသေးခင်ကဆုံးပါးသွားကြောင်း ကျမကို အသိပေးထားတယ်၊
အန်ဂျလာက ကျမ ဒါကို ဘယ်လိုလက်ခံမယ်လို့ မျှော်လင့်ထားလဲတော့မသိဘူး၊ ဒီသတင်းက စိတ်အနှောက်အယှက်ဖြစ်သွားစေမယ်လို့ သူထင်ကောင်းထင်နေလိမ့်မယ်၊
အန်ဂျလာ ကျမကိုမလိုမုန်းထားရှိလိမ့်မယ် လို့တော့ နည်းနည်းမှသံသယမဖြစ်ပါဘူး၊
သူမက နှစ်လိုဖွယ်ရာ အမျိုးသမီးလေးပါ၊
ဒါပေမယ့်
အန်ဂျလာရဲ့ အမေ ဒီလောက်ကြာအောင် အသက်ရှည်နေခဲ့ တာကိုတော့ အံသြနေမိတယ်၊
သူလွန်ခဲ့တဲ့နှစ်တွေတုန်းက ဆုံးသွားပြီလို့ ထင်နေတာ၊
ဘုရားရေ
ကျမကိုယ်တိုင် လှေရဲ့အောက်ခြေမှာတွယ်ကပ်နေတဲ့
ပိုးဟပ်တစ်ကောင်လို ဖြစ်တည်နေမှု့ကို ဆုပ်ကိုင်ထားရင်းနဲ့
ဘာလို့များ တခြားတစ်ယောက်ရဲ့ ရှင်သန်မှု့ကို အံ့သြနေမိတာလဲ၊
အို.. ဘာပဲဖြစ်ဖြစ်
နယူးယောက်မှာတော့ ပိုင်ဆိုင်မှု့တွေ စွန့်ပစ်ဖို့ကို ငြင်းဆန်ရင်း ဘဝကိုခုံမင်ပြီးနေထိုင်နေတဲ့ အိုအိုမင်းမင်းမိန်းမက ကျမတစ်ယောက်ထဲ မဟုတ်နိုင်ပါဘူး။
"ဟင်း .... "အန်ဂျလာရဲ့ နောက်ဆုံး စာကြောင်းကိုဖတ်ရင်း
သက်ပြင်းချလိုက်မိတယ်၊
" အန်တီ ဗီဗီယန် အခုမေမေမရှိတော့ဘူး ဆိုတော့ ဖေဖေအတွက် အန်တီကဘယ်လိုလူလဲ ဆိုတာ ပြောပြဖို့
အပမ်းမကြီးလောက်တော့ဘူး လို့ ကျမထင်လို့ပါ"
ကောင်းပြီ
"ကျမ က သူမအဖေအတွက် ဘာလဲ"
ဒီမေးခွန်းကို "သူ" ပဲဖြေနိုင်လိမ့်မယ် ၊
ပြီးတော့ သူ့သမီးနဲ့ ကျမကို ဒီအကြောင်းတွေ ဆွေးနွေးဖို့လဲ သူဘယ်တော့မှ ရွေးချယ်ခဲ့မှာမဟုတ်လို့
ဒီမေးခွန်းအတွက် ကျမမှာအဖြေမရှိပါဘူး၊
ဒါပေမယ့် "သူကကျမအတွက် ဘယ်လိုလူလဲ" ဆိုတာကတော့ အန်ဂျလာ့ ကို ပြောပြနိုင်ပါလိမ့်မယ်။
အခန်း(၁)
၁၉၄၀ နွေရာသီမှာ ၁၉နှစ်သမီး လူဆိုးလေး ဗီဗီယန်ကို နယူးယောက် မှာ ပြဇာတ်ရုံပိုင်ရှင်အန်တီပက် နဲ့ အတူသွားနေဖို့
မိဘတွေက လွတ်လိုက်တယ်။
မကြာသေးခင်ကမှ အတန်းတစ်ခါမှမတက် စာမေးပွဲတွေကျတဲ့ ပြစ်မှု့နဲ့ ဗာဆာကောလိပ်က အထုတ်ခံလိုက်ရပေမယ့်
ကျမကိုယ်ကျမ အဲ့လောက်တုံးတယ်မထင်ပါဘူး၊
အဲ့ဒီတုန်းက အတန်းထဲမှာရှိရမယ့်ချိန်တွေ ဘာတွေလုပ်နေခဲ့တာလဲ ပြန်တွေးကြည့်တော့ ရေရေရာရာမမှတ်မိဘူး၊ ကိုယ့်အလှကိုယ် ကိုးစားပြီး ကိုယ့်ကိုကိုယ် တသသလုပ်နေခဲ့တယ် ထင်ပါရဲ့၊သြော် ...မှတ်မိပြီ ပြင်သစ်ဆံထုံးပုံစံ (French roll) ထုံးဖွဲ့ hair style အသစ်ကို လုပ်တတ်အောင် နာရီပေါင်းများစွာ မှန်ရှေ့မှာ ထိုင်ကျင့်နေခဲ့ရင်း ဗာဆာကအတန်းချိန်တွေကို လွတ်ခဲ့တယ်။
ဗာဆာကောလိပ်မှာ ကျမအတွက်နေရာမရှိဘူး၊ မိန်ကလေးအုပ်စုတွေ အမျိုးမျိုးရှိတဲ့ကျောင်းပေမယ့် သူတို့ထဲက ဘယ်တစ်ယောက်ကိုမှ ကျမအားမကျသလို ဘယ်ပုံရိပ်တစ်ခုကမှလည်း ကျမနဲ့ လိုက်ဖက်မနေဘူး။
အဲ့ဒီနှစ်တုန်းက ဗာဆာတော်လှန်ရေးသမားတွေက အနက်ရောင်တွေဝတ်ဆင်ကြပြီး နိုင်ငံရေးလှုံ့ဆော်မှု့တွေ လုပ်ကြတယ်၊ အဲ့လို အပြည်ပြည်ဆိုင်ရာအရေးအခင်းတွေကိုလည်း စိတ်မဝင်စားပြန်ဘူး၊( အနက်ရောင်ဘောင်းဘီရှည်တွေကိုတော့ သတိထားမိပေမယ့် အိပ်ကပ်တွေမပါရင်
စတိုင်ပိုကျမယ်လို့ပဲ တွေးမိခဲ့တယ်)။
ပြီးတော့ အဲ့ဒီအချိန် ဗာဆာမှာ အမျိုးသမီးတွေ ပညာရေးကို ဦးစားပေးလာကြပြီ၊ အမျိုးသမီးရှေ့နေတွေ၊ ဆရာဝန်တွေ ဖြစ်လာကြပြီ၊ စိတ်ဝင်စားစရာတွေ မျိုးစုံရှိလည်း အဲဒါတွေကို စိတ်မပါဘူး။(သူတို့ကို ဘယ်လိုဘယ်ညာလို့ မဝေဖန်တတ်ပါဘူး၊ သူတို့ဝတ်လေ့ရှိတဲ့ပုံမကျတဲ့ သိုးမွေးစကပ်တွေ ဆွယ်တာတွေကိုတော့ စိတ်ပျက်မိတယ်)
ဗာဆာကလုံးဝစိတ်ဝင်စားစရာကင်းမဲ့နေတာတော့
မဟုတ်ပါဘူး၊ အဲ့ဒီမှာ သမင်မျက်လုံးနဲအလယ်ခေတ်စတိုင်အမျိုးသမီးလှလှတွေ၊ ယုံကြည်မှု့ပိုစေတဲ့ ဆံပင်လှလှတွေကိုပိုင်ဆိုင်တဲ့ အနုပညာရှင်မိန်းကလေးတွေ၊ အီတလီက ဆွေတော်မျိုးတော်အနွယ်ဝင်တွေ ရှိကြပါတယ်၊
ကျမကကို အာရုံမကျခဲ့တာပါ။
ဒီအသိုင်းအဝိုင်းကလူတိုင်းက ကျမထက်ပိုပြီး ထက်မြက်နေတယ်လို့ အထင်ရောက်နေတာဖြစ်ပါလိမ့်မယ်၊
(ဒါကငယ်ရွယ်သူမို့ထင်မိတာ မဟုတ်ပါဘူး ခုထိတိုင်လည်း သူတို့က ကျမထက်ပိုပြီး တော်ကြ ထက်မြက်ကြပါတယ်)
ပွင့်ပွင့်လင်းလင်းပြောရရင် ကောလိပ်ကို ကျမဘာသွားလုပ်နေခဲ့တာလဲလို့ ခုထိနားမလည်ဘူး၊ ကြိုးစားဖြည့်ဆည်းရမယ့်လို့ ချမှတ်ထားတဲ့ရည်ရွယ်ချက်လဲ သတ်သတ်မှတ်မှတ်မရှိခဲ့ပဲ ယောင်ခြောက်ဆယ် နဲ့လည်နေခဲ့တာ။
ကလေးအရွယ်တုန်းကတော့ ကြီးရင် ဗာဆာကောလိပ်တက်မယ် လို့ကြိမ်းဝါးခဲ့ဖူးတာပေါ့၊ ဘယ်သူကမှ သမီးကဘာဖြစ်ချင်တာလဲ၊ ဘာလို့တက်ချင်တာလဲ၊ သမီးကျောင်းမှာဘာတွေသင်ယူမယ်စိတ်ကူးထားလဲလို့ မမေးဖူးဘူး၊
ဘာမှကိုယ့်အတွက်မယ်မယ်ရရမရှိဘဲ
ဘာလို့များဂေါ်ဖီထုတ်လို့အခန်းကျဥ်းလေးထဲမှာ
အနာဂတ်လူမှု့ရေးပြုပြင်ပြောင်းလဲသူဖြစ်ချင်နေတဲ့
အခန်းဖော်နဲ့ ကျဥ်းကျဥ်းကျပ်ကျပ်လာနေခဲ့မိပါလိမ့်။
စာသင်ယူနေရတာကိုလည်းတော်တော်ငြီးငွေ့နေပါပြီ၊ ထရွိုင်မြို့က အမ်မာဝီလာဒ် မိန်းကလေးကျောင်းမှာလည်း (ဘွဲ့ရညီအမ၇ဖော်ဦးစီးတဲ့) ကျောင်တက်ခဲ့ပြီးပြီပဲ လုံလောက်ပြီမဟုတ်ဘူးလား။ ကျောင်းအိပ်ကျောင်းစားဘဝကို ၁၂နှစ်သမီးကတည်းက စခဲ့ရတာ ဆိုတော့ လုံလောက်ပြီလို့ထင်တယ်၊ တခါတခါတွေးမိတယ် လူတစ်ယောက် စာတတ်ပြီလို့ပြောနိုင်ဖို့ စာအုပ်ဘယ်နှစ်အုပ်ဖတ်ဖို့လိုသလဲလို့ပါ၊
ကျမအမြင်ကတော့ ချာလီမာဂနီ( Frankဘုရင်) အကြောင်းကောင်းကောင်းသင်ခဲ့ရပြီးပြီ ဆိုတော့
တော်ပြီထင်ပါတယ်။
ဗာဆာမှာကျောင်းစတက်တဲ့ မယ်သစ်လွင်ဘဝမှာဘဲ ဗီဗီယန်ဆိုတဲ့ကျမကတော့ ဘီယာစျေးချိုချိုနဲ့ရပြီး ညဖက်တွေမှာ Jazz ဖျော်ဖြေပွဲရှိတဲ့ ဘားကိုရှာတွေ့နေပြီ၊ဒီဘားကို ခိုးထွက်ဖို့ ဂျက်ချမထားတဲ့ ပြတင်းပေါက်ရယ် ဖွက်ထားတဲ့ စက်ဘီးတစ်စီးရယ် အဆင်သင့်ရှိတယ်၊ အဆောင်မှုးအတွက်ကတော့ ကျမက စူပါဗီလိန်ပဲ၊ မနက်ပိုင်း လက်တင်အတန်းချိန်တွေကိုလည်းအရက်နာကျနေလို့ ဘယ်တော့မှ မတက်ဖြစ်ဘူး။
နောက်ထပ်အခက်အခဲတစ်ခုကတော့ စီးကရက်ခိုးသောက်ဖို့နေရာရှာရတာ၊ ခြုံပြောရရင်တော့ ကျောင်းမှာ ကျမလည်း
ကိုယ့်နည်းကိုယ့်ဟန်နဲ့ အလုပ်ရှုပ်နေတာပါဘဲ၊
အနှစ်ချုပ်ရလာဒ်ကတော့ လူတော်တွေများတဲ့ မိန်းကလေး ၃၆၂ ယောက်ရှိတဲ့အတန်းမှာ ကျမအဆင့်က ၃၆၁ လေ၊
အဖေကတော့ " ဘုရားရေ နောက်ဆုံးကမိန်းကလေးက ဘာတွေများလုပ်နေပါလိမ့်" တဲ့၊ (တစ်ကယ်တော့ သူပိုလီယိုဖြစ်ပြီးကျောင်းနားလိုက်လို့ပါ)ဒီတော့ ဗာဆာက ကျမကို အိမ်ပြန်စေသတည်းလို့ မျှတစွာ ဆုံဖြတ်လိုက်ပါတော့တယ်။
အမေကဒီပြသနာကိုဘယ်လိုကိုင်တွယ်ရမလဲလို့ ခေါင်းခြောက်နေတယ်၊ အမေနဲ့ကလည်း သာယာနေချိန်မှာတောင် စကားအပေါက်အလမ်းကတည့်တာမဟုတ်ဘူး၊
အမေက မြင်းဝါသနာအိုး၊ ကျမက သူနားလည်တဲ့မြင်းလဲမဟုတ် မြင်းအကြောင်းလဲ စိတ်မဝင်စားတော့ ပြောစရာစကားစကို ရှာမတွေ့ဘူး၊
အခုကျမရဲ့ အရှုံးကအမေကိုအရှက်ကွဲစေသလို
ကျမအရည်အချင်းကိုလည်း သူထိတ်လန့်သွားတယ်၊
သူ့ခေတ်သူ့အခါတုန်းက အမေက ဗာဆာကောလိပ်မှာ အောင်မြင်ခဲ့ဖူးသူလေ။အဲ့ဒီအတွက် ကျေးဇူးတင်ရသေးတယ်၊ အမေ့ရဲ့မျိုးဆက်တစ်ယောက်အနေနဲ့ ( နှစ်စဥ် ရက်ရက်ရောရောထည့်ဝင်ခဲ့တဲ့ ကျောင်းရန်ပုံငွေတွေကြောင့်) သာ ကျမ ဒီကောလိပ်ကိုဝင်ခွင့်ရခဲ့တာ
အခုတော့ ကိုယ်ကျိုးနည်းပြီလေ၊
အိမ်ဧည့်ခန်းထဲမှာ ဆုံတိုင်း ဝတ္တရားကျေ
ခေါင်းညိမ့်ပြုံးပြပေမယ့် အမေ့မျက်နှာကချေမိုးနေရောပဲ။
အဖေလည်း ကျမကိုဘယ်လိုလုပ်ရမလဲ မသိပေမယ့်
သူ့သတ္ထုတွင်းအတွက်အလုပ်များနေလို့ စိုးရိမ်ပူပန်မှု့တော့သိပ်မရှိဘူး၊ သမီးကိစ္စကို တရားလွန်စွက်ဖက်လေ့လည်းသိပ်မရှိတော့ စက်မှု့လုပ်ငန်းရှင်တစ်ယောက်အနေနဲ့
ပြင်းထန်လာတဲ့ ဥရောပစစ်ပွဲ ကသူ့စီးပွားရေးကိုထိခိုက်မယ့် အရေးကသမီးအရေးထက် ပိုအလေးသာနေတယ်။
အကိုကြီးဝေါလ်တာ ကလည်း ပရင့်စ်စတန်မှာ အရေးကြီးတာတွေလုပ်နေရတော့ ကျမရဲ့တာဝန်မကျေတဲ့လုပ်ရပ်တွေကို မကြိုက်ပေမယ့် မပြောအားသေးဘူး၊ သူ့ဘဝမှာတော့ တာဝန်ပျက်ကွက်တာမျိုး တစ်ခါမှမရှိခဲ့ဖူးဘူး၊ သူ့အတန်းဖော်တွေရဲ့လေးစားတာကိုခံရလေ့ရှိပြီး ဘော်ဒါနေတုန်းက သူ့နာမည်ပြောင်ကကို "သံအမတ်ကြီး" တဲ့၊ အခုသူက အင်ဂျင်နီယာဘာသာရပ်ကိုသင်ယူနေတယ် ရည်ရွယ်ချက်က လူတွေအတွက်အခြေခံအုတ်မြစ်တွေဖန်တီးကူညီပေးချင်တာတဲ့၊( အပြစ်တွေထပ်တိုးအောင် ပြောရရင်တော့ အခြေခံအုတ်မြစ်ဆိုတာ ဘာလဲ ကျမနားမလည်ဘူးရှင့်)၊
ကျမ နဲ့ အစ်ကိုကြီးက ၂နှစ်ပဲကွာပေမယ့် ကလေးကတည်းကကို ကစားဖော်မဖြစ်ခဲ့တာ၊ သူက ၉နှစ်သားလောက်ကစပြီး ကလေးဆန်တဲ့အမူအကျင့်တွေကိုအကုန်စွန့်လွှတ်လိုက်တာ ကျမပါရောပါသွားတယ်လေ၊ ညီမပေမယ့် သူ့ဘဝရဲ့တစ်စိတ်တစ်ပိုင်းတောင်မဖြစ်ခဲ့တာ သိပါတယ်။
သူငယ်ချင်းတွေကလည်းကိုယ့်ဘဝနဲ့ကိုယ် ရှေ့ဆက်နေကြပြီ၊ ကောလိပ်ဆက်တက်သူတက် အိမ်ထောင်ကျသူကျ အလုပ်လုပသူလုပ် နဲ့ အရွယ်ရောက်ကုန်ကြပြီ၊ သူ့တို့ဘာသာရပ်တွေကို စိတ်လည်းမဝင်စား နားလည်မလည်ဘူး၊
တကယ်တော့ ကျမဘေးမှာ ဂရုစိုက်မယ့်သူ နားလည်ပေးမယ်သူ ဘယ်သူဆို ဘယ်သူမှကို မရှိပါဘူး၊ ကျမ နေ့စဥ်နဲ့အမျှ ပျင်းရိငြီးငွေ့နေတယ်၊ ပျင်းရိရခြင်းက ဆာလောင်မှု့ခံစားနေရသလို နေရခက်တယ် စိတ်အာသာမပြေဘူး၊
ဂျွန် ပထမနှစ်ပတ်ကိုဘယ်လိုအချိန်ဖြုန်းနေရလဲဆိုတော့
ကားဂိုထောင်နံရံနဲ့ တင်းနစ်စ်ရိုက်ရင်း၊
Little brown Jug ဆိုတဲ့သီချင်းကိုလေချွန်ရင်း နေမိတယ်၊ကြာတော့ ကျမမိဘတွေလည်းခံနိုင်ရည်မရှိကြတော့ဘဲ
အန်တီပက်ဆီပို့ပေးဖို့ စီစဥ်ရတော့တာပဲ ၊
တစ်ကယ်က ဘယ်သူ့အမှားမှ မဟုတ်ပါဘူး။
နယူးယောက်မှာ သူတို့သမီး ဆေးသမားဖြစ်သွားမှာ ကွန်မြူနစ်ဖြစ်သွားမှာကို စိုးရိမ်ကြပေမယ့် တင်းနစ်ဘောလုံးနံရံကိုထိမှန်သံနဲ့ သီချင်းလေချွန်သံကိုနားထောင်ရင်းတော့ သူတို့ဘဝကိုမကုန်ဆုံးချင်ကြဘူးထင်ပါရဲ့။
ကိုင်း...ဒါကတော့ အန်တီဗီဗီယန် နယူးယောက်ကို ဘယ်လိုရောက်လာသလဲ ဆိုတဲ့ ဇာတ်ကြောင်းအစပဲပေါ့ အန်ဂျလာရေ။ ။
ဆက်ရန်
ဘာသာပြန် မူရင်း City of Girls by Elizabeth Gilbert ♥️
မူရင်း City of Girls by Elizabeth Gilbert ♥️
Keep Reading