ဒီဟော်နသံ
နောက်ပြန်လေရူး // ဒီဟော်နသံ
---
ကျွန်တော်သိတာပေါ့ …
ဒါပေမယ့် ပြုံးပြပြီးခေါင်းညှိတ်လိုက်တယ် ။
အဲ့ဒီ မျက်တောင်တခတ်စာ အခိုက်အတန့်လေးမှာပဲ သူပျော်သွားတယ် ကျွန်တော်ကျေနပ်တယ်။
ကျွန်တော်လွတ်မြောက်ဖို့တော့ ကြိုးစားရဦးမှာပေါ့ …။
ညနေခင်း မှောင်ရီပျိုးစမှာ ပျောက်ကွယ်လုနေလုံးကြီးက ဟိုးအနောက်ဘက် တောအုပ်လေးဆီမေးတင်နေချိန်ကို ဖြတ်ကနဲ ငေးလိုက်မိတယ် ...။ ကျွန်တော့်ရဲ့ မျှော်လင့်ခြင်းအလင်းရောင်ဆိုတာလည်း နေလုံးကြီးနဲ့အတူ ပျောက်ကွယ်သွားတော့မှာကို သတိပြုမိတယ်။
ဒါပေမယ့် နောက်တနေ့ လင်းရောင်ခြည်နုနဲ့အတူ ပြန်လည်ထွက်ပေါ်လာမယ့် နေလုံးကြီးကတော့ သူ့ရဲ့မျှော်လင့်ခြင်းအစပေါ့ ...။
သူကျောခိုင်းထွက်ခွာသွားတဲ့အချိန်မှာတော့ ကျွန်တော့်ရဲ့အတွေးတချို့ လွန်ခဲ့တဲ့ ဆယ်စုနှစ်တခုကျော်ဆီ အပြေးအလွှား ရောက်ရှိသွားခဲ့တယ် ...။
---
၂၀၀၄ ခုနှစ်
နွေရာသီရဲ့ အပူရှိန်ကို သစ်ရွက်ခြောက်ကြွေတွေနဲ့ စိန်ပန်းပွင့်ရဲရဲတချို့က ပီပြင်အောင်ပုံဖော်ပေးနေကြတယ်။ ဥသြတွန်သံနဲ့ ဦးတည်ချက်မရှိ တချက်တချက် ရောက်လာတတ်တဲ့ လေရူးတဝှေ့ကို လွမ်းတတ်ဖို့ မသိတတ်သေးတဲ့အရွယ်ဆိုပေမယ့် ရေခဲမုန့်သည်နဲ့ ကတ်ကြေးကိုက်မုန့်သည်တွေကိုမြင်တာနဲ့ နွေရာသီရဲ့ အငွေ့ အသက်ကို ကျွန်တော်ခံစားမိတာပေါ့ …။
ကိုးတန်းဆိုတဲ့ စာမေးပွဲကို နောက်ဆုံးနေ့အဖြစ် ဖြေခဲ့ပြီးတာကြောင့် စာမေးပွဲခန်းထဲက ထွက်လာပြီး ကျောင်းပေါက်ဝဆီသို့ တချက်ကြည့်လိုက်မိတယ် ။ လာကြိုနေတဲ့သူတွေစည်ကားနေတော့ ဘာကြောင့်မှန်းမသိ ပျော်တယ်လို့ခံစားရတယ် ။ မျှော်လင့်ခြင်း စိုးရိမ်ခြင်းတွေနဲ့ ကျောင်းပေါက်ဝမှာ စောင့်ဆိုင်းနေတဲ့သူတွေကြား ကျွန်တော် တစုံတယောက်ကို လိုက်ရှာနေမိတယ် ။ တွေ့ပါပြီ ကျွန်တော်ရှာနေတဲ့ တစုံတယောက် ။ တခြား လာကြိုနေကြသူတွေရဲ့ မျက်ဝန်းထဲမှာတွေ့ ရလေ့ရှိတဲ့ မျှော်လင့်ခြင်းနဲ့စိုးရိမ်ခြင်းကို သူ့မျက်ဝန်းမှာ ထူးထူးခြားခြား ကျွန်တော်မမြင်မိဘူး ။ ကျွန်တော့်ကိုတွေ့ တော့ လက်ပြပြီး ပြုံးနေတယ် ။ သူငယ်ချင်းတချို့ကို စနောက်နှုတ်ဆက်ရင်း သူ့ ဆီကို ပြေးသွားလိုက်တယ် ။
“မကြီး … သားကိုစောင့်နေရတာကြာသွားပြီလား ”
“ အင်း ...”
သူ ပြုံးပြီး ခေါင်းညှိတ်တယ် ပြီးတော့ ဆက်ပြောတယ် ။
“ ကြာပြီ ...”
“ အချိန်ပြည့်မှ ထွက်လို့ရတာမဟုတ်လား အဲ့ဒါကြောင့် ...”
“စာမေးပွဲဖြေနေတာကို စောင့်ရလို့ပြောတာမဟုတ်ပါဘူး”
“အမ် ... မကြီးကဘာကိုစောင့်နေတာလဲ”
ကျွန်တော့် အမေးကို သူပြုံးပြီးတော့ လစ်လျူရှုလိုက်တယ် ။
ကျွန်တော့်အတွက် ဒီအပြုံးတွေကမထူးဆန်းပါဘူး ။ သူဒီလိုလုပ်နေကျပဲ ။ အဲ့ဒီအတွက်လည်း ဘယ်လိုမှမခံစားမိဘူး … မခံစားတတ်သေးတာဆိုပိုမှန်မလားပဲ။
သူ့အပြုံးက တခါတလေ လစ်လျူရှုခြင်းကို ကိုယ်စားပြုသလို တခါတလေ ပြီးပြည့်စုံတဲ့ အဖြေတခုကို ကိုယ်စားပြုတယ်ဆိုတာ နားလည်နိုင်လောက်အောင် ကျွန်တော်အရွယ်မရောက်သေးဘူး။ ဘာပဲဖြစ်ဖြစ် အဲ့ဒီနေ့က ကျွန်တော် ပျော်ခဲ့တယ် ။ စာမေးပွဲဖြေနိုင်တယ်ဆိုတာထက် စာမေးပွဲဖြေပြီးသွားပြီဆိုတဲ့စိတ်က ကျောင်းသားတိုင်းကို လွတ်လပ်ပေါ့ပါးပျော်ရွှင်စေတယ်ဆိုတာ မငြင်းနိုင်ဘူးလေ ။
ကျွန်တော့် တောင်းဆိုချက်ကြောင့် ဘုရားလိုက်ပို့ပေးပြီး ကျွန်တော် ကြိုက်တဲ့ မုန့်တွေကိုလည်း သူလိုက်ကျွေးတော့ ဘဝမှာ အပျော်ဆုံးနေ့လို့ ထင်ခဲ့ရတဲ့အထိ ပျော်ရွှင်ခဲ့ရတယ် ။
အဲ့ဒီနေ့က ကျွန်တော့် စိတ်ထဲ မရှင်းတဲ့ အကြောင်းအရာတွေအများကြီးထဲက တခုကို မေးဖြစ်ခဲ့တယ် ။
“ မကြီး ... သားကိုဖြေနိုင်လားလို့မမေးဘူးလား ... မစိုးရိမ်သလိုပဲ ဘာဖြစ်လို့လဲ ”
“ယုံလို့ ... သားကိုယုံလို့ ”
ဘာဖြစ်လို့ယုံတာလဲလို့ မေးချင်ပေမယ့် သူ့အဖြေတိုင်းက ကျွန်တော့်အတွက်မေးခွန်းထုတ်စရာတွေပဲဖြစ်လာမှာကို သိနေတော့ မမေးဖြစ်တော့ဘူး ။
---
စက္ကန့် မိနစ် နာရီ နေ့ရက်တွေက ကျွန်တော့်ကို ဆယ်တန်းကျောင်းသားဆိုတဲ့ ဘဝအစိတ်အပိုင်းတခုဆီကိုရောက်စေခဲ့ပြီ ။
အဲ့ဒီအချိန်တွေမှာလဲ သူကျွန်တော့်အနားမှာရှိခဲ့တယ် ။
သူရှိရင် ကျွန်တော်ပျော်တယ် ။
ကျွန်တော့်ကို ပျော်ရွှင်အောင်လဲ သူလုပ်ပေးနိုင်တယ် ။
ကျွန်တော် နဲ့အတူကစားတယ် ။
ကျွန်တော် သွားချင်တဲ့နေရာတွေကိုလိုက်ပို့ပေးတယ် ။
စားချင်တာတွေဝယ်ကျွေးတယ် ။
ကျူရှင်ကိုလည်းလိုက်ပို့ပေးတယ် ကျူရှင်ကအပြန်မိုးချုပ်သွားတဲ့ ညတွေဆိုလည်း သူကိုယ်တိုင်လာကြိုတတ်တယ် ။
သူငယ်ချင်းတွေက သူ့ကိုဘယ်သူလဲလို့မေးတိုင်း ...
“ငါ့ မကြီး ”
လို့ ဖြေလိုက်ရတဲ့အခိုက်အတန့်ကို ကျွန်တော်ကြိုက်တယ် ။
မကြီးက ကျွန်တော့်ထက် ၉နှစ်ကြီးပေမယ့် သူနဲ့ကျွန်တော် အမျိုးတွေမတော်စပ်ကြပါဘူး။
ဆယ်တန်းဆိုတဲ့ ၁၅ နှစ်သာသာ အရွယ်တခုဟာ ကလေးဘဝရဲ့နောက်ဆုံးနေ့ရက်တွေ ဖြစ်သလို အရွယ်တခုကိုအစပျိုးချိန်လဲဖြစ်တယ်။
ခံစားချက် တခုနဲ့တခုအကြား ပြောင်းလဲရတာသိပ်လွယ်သလို ... ခံစားချက် အသစ်တချို့ကိုလဲ ရင်းနှီးဖို့ခြေဦးလှည့်နေတဲ့အချိန်ဖြစ်တယ် ။
သူငယ်ချင်း တွေကြားမှာ အချစ်ဆိုတဲ့ ဝေါဟာရကို တခမ်းတနား သုံးနေကြတာလဲ နားယဉ်သလိုတောင်ဖြစ်နေပြီ ဒါပေမယ့် ခံစားချက်တော့မယဉ်ပါးသေးဘူး။
အချစ်ဆိုတာကို ရင်ခုန်ခြင်းလို့လည်း ပြောကြတာပဲ အဲ့ဒီအချက်သာအမှန်ဆိုရင် ကျွန်တော်ရင်ခုန်တတ်နေပြီ ဒါဆို ကျွန်တော်ချစ်တတ်နေပြီလား။
ကျွန်တော့်ကို ရင်ခုန်စေတဲ့သူက ကျွန်တော်တို့ စာသင်ခန်းရဲ့ကပ်ရပ် တခြားအခန်းက မျက်လုံးဝိုင်းဝိုင်းနဲ့ကောင်မလေးပေါ့ ။ သူ့ကိုမြင်တိုင်း ရင်ထဲမှာ လှပ်ခနဲဟာသွားလို...တခါတလေ ခန္ဓာကိုယ်တခုလုံးလည်း ပူရှိန်းသွားတတ်တယ် …။ မသိဘူး ကျွန်တော် အဲ့ဒါကို အချစ်လို့ခေါင်းစဉ်တပ်ပြီး သူ့ကိုဖွင့်ပြောဖို့ ဆုံးဖြတ်ထားမိပြီ ။
ဒါပေမယ့် အဲ့ဒီခံစားချက်အကြောင်း မျက်လုံးဝိုင်းလေးကို ဖွင့်မပြောခင် တယောက်ယောက်ကို ရင်ဖွင့်တိုင်ပင်ချင်သေးတယ် ...။
ဘယ်သူ့ကို ရင်ဖွင့်တိုင်ပင်ရမလဲ စဉ်းစားဖို့မလိုလောက်အောင် ကျွန်တော် လိုအပ်ချိန်တိုင်း အနားမှာရှိနေတဲ့ မကြီးကို သတိရမိတယ် ။
မျက်လုံးဝိုင်းလေးကိုမြင်တိုင်း ဖြစ်တတ်တဲ့ ခံစားချက်တွေအကြောင်း မကြီးကိုပြောပြပြီး ဘာဆက်လုပ်ရမလဲ မေးကြည့်တော့ ထုံးစံအတိုင်း သူပြုံးတယ် ။
အရင်တုန်းက ဒီအပြုံးတွေကို ဘယ်လိုမှ အဓိပ္ပါယ်မဖွင့်ဖူးတဲ့ ကျွန်တော်က ဒီတခါတော့ အပြင်းအထန်အဓိပ္ပါယ်ဖွင့်ကြည့်မိတယ် ။
မသိဘူး အဲ့ဒီအပြုံးကို ကျွန်တော် တကယ်မသိဘူး ...။
“မကြီး … ဖြေလေဗျာ ကျွန်တော်ဘာဆက်လုပ်ရမှာလဲ ”
သူ့မျက်နှာက အပြုံးလေး တဖြည်းဖြည်းလျော့သွားပြီး ကျွန်တော်မေးတာနဲ့ မဆိုင်ဘူးလို့ထင်ရတဲ့အဖြေကို သူဖြေတယ်။
“ကလေးလေးတောင် လူကြီးဖြစ်လာပြီပဲ ”
ကျွန်တော်လိုချင်တဲ့ အဖြေမရသေးတာသေချာနေတော့ ထပ်မေးရတာပေါ့ ။
“ မကြီး … ကျွန်တော်ဘာဆက်လုပ်ရမလဲ … သူ ကျွန်တော့်ကိုချစ်လာအောင်ဘာဆက်လုပ်ရမလဲ ”
သူ ဒီတခါတော့မပြုံးတော့ပါဘူး ကျွန်တော့်ကိုကြည့်ရင်းဆက်ပြောတယ်…
“ ကလေးလေးက သူ့ကိုတကယ်ချစ်တာ သေချာပြီလားဆိုတာ ကိုယ့်ကိုယ်ကို သိအောင် အရင်လုပ် ... ချစ်တာသေချာတယ်ဆိုရင် ဘာဆက်လုပ်ရမလဲဆိုတာ ကလေးလေးသိလာလိမ့်မယ် ”
သိပ်ဘဝင်ကျလှတဲ့အဖြေမဟုတ်ပေမယ့် ကျွန်တော်ဆက်မမေးဖြစ်ဘူး …။ သူ ကျွန်တော့်ကို ဖြေတဲ့အဖြေနဲ့အတူ သူ့ရဲ့ ပျောက်ကွယ်လုနီးပါး အပြုံးယဲ့ယဲ့လေးကို သတိထားမိပေမယ့် မျက်လုံးဝိုင်းလေးက ကျွန်တော်အတွေးတခုလုံးအပြည့်နီးပါးစိုးမိုးထားတော့ ဘာကိုမှတောင်သေချာမတွေးနိုင်တော့ပါဘူး ။
သူ ကျွန်တော့်ကို နှုတ်ဆက်ရင်း ထွက်သွားခဲ့တယ် …။
---
ကျွန်တော် မျက်လုံးဝိုင်းလေးဆီက အဖြေရတယ်
“ ချစ်တယ် ” တဲ့
သူလည်း ကျွန်တော့်ကို အရမ်းချစ်ပါတယ်တဲ့ဗျာ ။
ဘဝမှာ ဘယ်လောက်ပျော်ဖို့ကောင်းလိုက်တဲ့ အချိန်မျိုးလဲ ...
ကိုယ်ရင်ခုန်ရတဲ့သူက ကိုယ့်ကိုလည်းရင်ခုန်နေတယ်တဲ့ ရင်ခုန်သံခြင်းထပ်တူကျတယ်ဆိုတာဒါမျိုးလား …။ မသိတော့ဘူး ချစ်တယ် …။
ကျွန်တော် သူနဲ့ရှိနေချိန်မှာလည်း သူ့အကြောင်းပဲတွေးသလို သူနဲ့ခဏလေးခွဲနေရချိန်မှာလည်းသူ့အကြောင်းပဲတွေးတယ် ...။ ကျောင်းမှန်မှန်တက်တယ်
ဒါပေမယ့်စာတွေခက်သထက်ခက်လာတယ် ...။ သူတတ်တဲ့ ကျူရှင်မှာပဲ ကျွန်တော်လိုက်တက်တယ် …။ ကျူရှင်ကအပြန် သူ့အိမ်ကလာမကြိုတဲ့နေ့တွေဟာ ကျွန်တော့်ဘဝအတွက် ပျော်ရွှင်စရာနေ့ရက်တွေပဲ ။ အဲ့ဒီလို နေ့တွေက အမြဲလိုလို ရမနေတတ်ပါဘူး ။ ကျူရှင်အချိန်ပိုယူလိုက်တဲ့နေ့တွေဆို သူ့အိမ်ကလူတွေ လာကြိုတတ်ကြတယ် ။ ရှားရှားပါးပါးရမယ့် အခွင့်အရေးနေ့ရက်လေးတွေကို စောင့်စားနေရတာဆိုတော့ ကျွန်တော့်ကို လာကြိုနေကျ မကြီးကိုလည်း လာမကြိုဖို့ ပြောလိုက်ရတော့တာပေါ့ ...။ ဒီတခါ မေးခွန်းထုတ်တဲ့သူက မကြီး ...
“ဘာဖြစ်လို့ လာမကြိုစေချင်တာလဲ ကလေးလေး ”
ကျွန်တော် ရယ်ရင်းဖြေလိုက်တယ်
“ ကလေးလေးက လူကြီးဖြစ်နေပြီလေဗျာ ”
သူပြုံးပြီးခေါင်းညှိတ်တယ် …။
ကျွန်တော်အမှတ်မမှားဘူးဆိုရင် အဲ့ဒီအချိန်မှာ အိပ်တန်းပြန်ငှက်တွေ အုပ်စုလိုက် ဟိုတစု ဒီတစု ပျံသန်းရင်း ညနေမှ နေအဝင်အမှောင်ဆီကို တိုးဝင်ပျောက်ကွယ်နေကြတယ် …။
---
တက္ကသိုလ်ဝင်တန်းစာမေးပွဲဆိုတဲ့ စိတ်ဖိစီးမှုကြီးက အပေါ်ကနေ ဖိအားကြီးကြီးနဲ့ဖိနေတော့ ခေါင်းတွေပါကျိန်းနေသလိုခံစားရတယ် ။ ချစ်သူနဲ့ အဆင်ပြေပေမယ့် နီးကပ်လာတဲ့ စာမေးပွဲရဲ့ဖိအားကို နှစ်ယောက်လုံး အတူတူခံစားနေရချိန်ဆိုတော့ အရင်လိုဆုံဖြစ်ဖို့ တွန်းအားမပေးနိုင်ကြဘူး ။ လွမ်းတာပေါ့ဗျာ …။
ကိုယ်သိချင်နေတဲ့ အချစ်ဆိုတာ ဘာလဲသိရပြီ။ ပျော်တယ် …။ ဒါပေမယ့် မသိချင်တဲ့ အလွမ်းကိုလည်း သူ့အလိုလိုခံစားတတ်လာပြီ။ ဝမ်းနည်းတယ် …။
ဒီရက်ပိုင်းတွေမှာ စာတွေကျက်ရတာများတော့ ခဏတာစိတ်ထွက်ပေါက်အဖြစ် ပျော်ပျော်နေချင်မိတယ် ...။ ချစ်သူကိုတွေ့ပြီး ပျော်ချင်တဲ့အပျော်မျိုးမဟုတ်ဘူး ။ ဒီလိုဆိုတော့ မကြီးကိုသတိရမိတယ် ... သူ အခုတလော ကျွန်တော့်ဆီမလာတာတောင် အတော်ကြာပြီပဲ ။
ဒီလိုသတိထားမိချိန်မှာပဲ သတိမထားဖြစ်ခဲ့တာ ကြာပြီဆိုတာကိုလည်း သတိထားလိုက်မိတယ် ။ မကြီးအိမ်ကို လိုက်သွားဖို့ဆုံးဖြတ်လိုက်ချိန်မှာ ကျွန်တော် စက်ဘီးပေါ်တောင်ရောက်နှင့်နေပြီ ။
စိမ်းရောင်တဝက်ရွှေရောင်ပြပြ တမာရွက်တွေက နွေရောက်တော့မယ့် ရှေ့ပြေးနိမိတ်နဲ့အတူ နွေကိုကြိုဆိုနေကြပြီ ...။
ကြွေလွင့်လာတဲ့ ရွက်ခြောက်တခုကို ကျွန်တော် အမိအရလှမ်းဖမ်းလိုက်တယ် ။
“ ရွက်ကြွေလေးတွေကိုဖမ်းပြီး ဆုတောင်းရင် ပြည့်တယ်တဲ့ ”
မကြီး ပြောခဲ့ဖူးတဲ့ စကားလေးကိုသတိရမိတယ်။
လေမတိုက်ခင်ကတည်းက ကြွေလွင့်ချင်နေကြတဲ့ ကုက္ကိုရွက်တအုပ်က လေးပြေတချက်အဝှေ့မှာတော့ အုပ်စုလိုက် ဝေ့ဝဲလွင့်ကြွေကျလာတယ် ။ အဲ့ဒီလိုအချိန်တိုင်း ကျွန်တော်ပျော်ခဲ့မိတယ် … ရွက်ကြွေတွေထဲက တရွက်ကို အမိအရဖမ်းပြီး ... “ကျွန်တော်စာမေးပွဲအောင်ပါစေ ” လို့ဆုတောင်းဖူးတယ် ။
မကြီးပြောတဲ့စကားကို ကျွန်တော် ယုံတယ် ။ သူလည်း ကျွန်တော့်ကို ယုံတယ်လို့ ခဏခဏပြောဖူးတယ် ။ ကျွန်တော် ပျော်နေတဲ့အချိန်ဆို သူအမြဲအနားမှာရှိခဲ့တယ် ။ ကျွန်တော် တခုခုလိုအပ်တာနဲ့ အရင်ဆုံးသတိရမိတာ သူ့ကို ။ ဒါပေမယ့် ကျွန်တော်ချစ်သူရသွားချိန်မှာတော့ သူ့ကိုမေ့နေခဲ့မိတယ် ။ ဒါပေမယ့် အရင်တုန်းက ခံစားချက်အတိုင်း သူ့ကိုကျွန်တော် လိုအပ်နေတုန်းပဲ ။
ရွက်ကြွေတခုကို လက်ထဲဆုပ်ကိုင်ရင်း ဘာမှမဆုတောင်းမိပဲ ပြန်လွှတ်ပေးလိုက်တယ် ။ တခြားရွက်ကြွေတွေနဲ့အတူ ရောနှော လွင့်ထွက်သွားတာကိုကြည့်ရင်း ကျွန်တော်လွမ်းသလိုခံစားမိတယ် ….။ ဩော် သစ်ရွက်လှုပ်တာတောင် ခံစားတတ်တဲ့ အရွယ်တဲ့လားဗျာ ...။
မကြီးတို့အိမ်ရှေ့မှာ စက်ဘီးကိုရပ်ရင်း အိမ်ထဲကိုလှမ်း ကြည့်လိုက်တယ် ။အိမ်ခေါင်းရင်း ခြံကွက်လပ်ထဲမှာတော့ မကြီးရဲ့အမေ က ငရုတ်ဗန်းတွေလှန်းနေတယ် ။
“ အကြီး ... မကြီးရှိလား ”
ကျွန်တော်လှမ်းအော်မေးလိုက်တော့ အကြီးက ကျွန်တော့်ကို တအံ့တသြကြည့်ရင်း ...
“ဟယ် … သား ။ နင့် မကြီး နယ်စပ်ကျော်သွားပြီလေ အဲ့ဒီမှာ အလုပ်ရတယ်တဲ့ ... သားကိုပြောမသွားဘူးလား ။ အကြီးက သားသိမယ်ထင်နေတာ ”
ကျွန်တော် နားမလည်ခြင်းတချို့ နဲ့ အံ့သြမိသွားတာ ထင်ပါတယ် ဘာမေးခွန်းမှတောင်ပြန်မမေးဖြစ်လိုက်ဘူး ...။
“ အကြီး … သားပြန်တော့မယ် ”
“အေး အေး သား ... စက်ဘီး ဂရုစိုက်နင်းဦး ... သားမေကြီးကိုလည်းပြောလိုက်ဦး အားရင် အိမ်ဘက်လာလည်ပါဦးလို့ နော့ ”
ကျွန်တော် ခေါင်းညိတ်လိုက်လား ဟုတ်ကဲ့လို့ပြောလိုက်လားတောင် မသိတော့ ... ရွက်ကြွေတွေ အလွင့်နဲ့အတူ စက်ဘီးကိုအပြိုင် နင်းလာခဲ့မိတယ် ။ ဝမ်းနည်းတယ် အားမလိုအားမရနဲ့ဒေါသဖြစ်သလိုလဲခံစားရတယ် တခုခုကိုဆုံးရှုံးသွားရတဲ့ခံစားမှုမျိုးလား အဲ့ဒါတော့ ကျွန်တော်မဝေခွဲတတ် ။ ဘာလို့ ကျွန်တော့်ကို မပြောပဲ ထွက်သွားရတာလဲ ။ မျက်ရည် တချို့ကို စီးဆင်းခွင့်ပြုလိုက်တယ် ။ ငိုတာ ဟုတ်ချင်မှဟုတ်လိမ့်မယ် ။
---
(၈ နှစ်ခန့် ကြာပြီးနောက်)
၂၀၁၃ ခုနှစ်
ကျွန်တော်တာဝန်ကျရာ နယ်မြို့လေးရဲ့ ပတ်ဝန်းကျင်အနေအထားအသစ်ကြောင့် စရောက်ခါစမှာ စိမ်းသလိုခံစားရပေမယ့် ရင်းနှီးလွယ်တဲ့ကျွန်တော့်အတွက်တော့ နေသားကျဖို့ အချိန်သိပ်မပေးလိုက်ရပါဘူး ...။
နွေရာသီကို အကြိမ်ကြိမ်ဖြတ်ကျော်ခဲ့ဖူးပေမယ့် ဒီမြို့လေးရဲ့ နွေကတော့ အေးစက်စက်နိုင်လွန်းတယ် ... မပီပြင်တဲ့ နွေဆိုပေမယ့် နေရတာတော့ သက်တောင့်သက်သာဖြစ်တာပေါ့ ။
အစိုးရဝန်ထမ်းလူပျိုဘဝ ကျရာဒေသမှာ တာဝန်ထမ်းဆောင်ရပေမယ့် တာဝန်လို့မထင်မိအောင်ကိုပဲနေပျော်ပါတယ် ။
အောက်ခြေအစိုးရဝန်ထမ်းဘဝ လစာက လောက်ငှရုံလောက်ဆိုပေမယ့် အလုပ်တခုအတည်တကျရှိတဲ့ ကိုယ့်ဘဝကိုယ်တော့ ကျေနပ်မိတယ် ။ ဒီလိုအချိန်အခြေအနေမျိုးမှာ ဘွဲ့ရပေမယ့် အလုပ်မရနိုင်သေးတဲ့လူငယ်တွေ ပုံနေတာလေ ။
အတွေးတချို့ကို ပျံ့လွင့်ခွင့်ပေးနေချိန် အသံဆူညံဆူညံတခုက ကျွန်တော့်အခန်းနားထိရောက်လာတယ် ။ ထုံးစံအတိုင်းပါပဲ တကယ်ကို ထုံးစံအတိုင်းပါပဲ ...
“ကိုကြီး ... ကိုကြီး ... ကိုကြီး ... ဘယ်ရောက်နေတာလဲ ”
ကျွန်တော် အသံမပေးပဲ ငြိမ်နေလိုက်တယ် …။
ကျွန်တော့်အခန်းကိုကျော်ပြီး ရေချိုးခန်းနဲ့ အိမ်သာဘက်အထိ အဲ့ဒီအသံလေးက လျှောက်ပြေးနေလေသေးရဲ့ …။
“ ဟာ အိမ်သာထဲမှာလဲမရှိဘူး ”
ကျွန်တော်ပြုံးရင်း ဆက်နားထောင်နေမိတယ် ။
အချိန်တခုထိ မဆွဲထားချင်တော့တာနဲ့ ရယ်ရင်း အသံလှမ်းပြုလိုက်ရတော့တယ် ။
“ ငါ ဒီမှာဟ အခန်းထဲမှာ ”
သူပြေးလာပါပြီ အသံလေးကတော့ ဆူညံ ဆူညံ ပေးတုန်းပါပဲ ။
“ ကိုကြီးကလည်း သားဒီလောက်အော်ခေါ်နေတာ ဘာလို့ငြိမ်နေတာလဲ”
သူ ပြောလည်းပြော ကျွန်တော်လှဲနေတဲ့ ကုတင်ပေါ်လည်း ပစ်ထိုင်ချလိုက်တယ်။
“ကိုကြီး … ဘော့လုံးကန်မယ်ဗျာ ”
“မကန်ဘူး ငါစာရင်းတွေလုပ်ရဦးမယ် ”
“ မဟုတ်တာ ... သားအားတဲ့အချိန်လေး ခဏကစားရတာကို ... ကိုကြီး စာရင်းတွေကလဲဗျာ သားလုပ်တတ်ရင် ဝိုင်းလုပ်ပေးပါတယ် ”
ကျွန်တော် ပြုံးလိုက်မိပြန်တယ် ...။
သူစကားပြောတိုင်း ကျွန်တော် ဘာကြောင့်ခဏခဏ ပြုံးနေမိမှန်း ကျွန်တော်ကိုယ်တိုင်လည်း အဖြေမရှာမိဘူး ။
“ အေးပါကွာ … ခဏကစားမယ် ပြီးကျရင်တော့ စာလုပ်ရမယ်နော် ”
“ ဟုတ် ကိုကြီးပါ ဝိုင်းကူလုပ်ပေး ဟီး ...”
သွားတွေကိုစိပြီး ရယ်ပြတဲ့ သူ့ပုံစံလေးက အပြစ်ကင်းပြီး ချစ်စရာကောင်းနေပြန်ရော။
အစိုးရနေအိမ်တန်းလျားဆိုပေမယ့် နယ်ရုံးခွဲမှာဝန်ထမ်းအင်အားနည်းတော့ သူ့အတွက်သူငယ်ချင်းကလည်း ကျွန်တော် … ကျွန်တော့်အတွက်ကလည်း သူဖြစ်နေတော့တာပေါ့ ။
သူက ကျွန်တော့်အရာရှိရဲ့ တဦးတည်းသော သားပါ။ ဒီနှစ် ကိုးတန်းတက်နေတာဖြစ်ပြီး စာအရမ်းတော်တဲ့ကလေးတော့မဟုတ်ပါဘူး ။ ဒါပေမယ့် ကလေးပီသတဲ့ကလေးတယောက် ဖြစ်တဲ့အတွက် ကျွန်တော်လည်း သူနဲ့ပေါင်းပြီး သူ့သူငယ်ချင်းတပိုင်း သူ့ကျောင်းစာတွေဝိုင်းကူလုပ်ပေးရတဲ့ ဆရာတပိုင်း ဖြစ်နေပြီ။
---
သူစာမေးပွဲဖြေတဲ့နေ့တိုင်း ကျောင်းလိုက်ပို့ အပြန်ကြို ... လုပ်ဖြစ်ခဲ့တယ် ။ စာမေးပွဲခန်းထဲကထွက်လာတိုင်း ကျွန်တော် သူ့ကိုဖြေနိုင်လားမမေးရသေးခင် ...
“ အေးဆေးပါ ” လို့ပြောပြီး ... သူပြောတာသူပြန်သဘောကျနေတဲ့ ကလေးလေးကိုကြည့်ရင်း ကျွန်တော်ပါလိုက်ရယ်ဖြစ်တယ် ။
စာမေးပွဲနောက်ဆုံးနေ့ဖြေပြီးတော့ သူက ပန်းခြံထဲက ရေခဲမုန့်စားချင်တယ်ဆိုလို့ အတူတူသွားခဲ့ကြတယ်။ ပန်းခြံထဲ လွတ်လွတ်လပ်လပ် ပြေးဆော့နေတဲ့ သူ့ကိုကြည့်ရင်း ... ကလေးတယောက်ရဲ့ ပျော်ရွှင်ခြင်း နဲ့ အပူအပင်ကင်းမှုတွေကို ပြန်တမ်းတမိတယ် ။
ပန်းခြံကအပြန် အတူတူလမ်းလျှောက်ကြတော့ ကျွန်တော့်လက်ကိုဆွဲပြီး ကားလမ်းဘေးအခြမ်းကို သူပြောင်းလျှောက်လိုက်တယ် ...
“ ကားလမ်းဘက်အခြမ်းကို သားလျှောက်မယ် … မတော်တဆ ကိုကြီးကို ကားတိုက်မိသွားမှာစိုးတယ်”
ဘာရယ်ကြောင့်မှန်းမသိ ကျွန်တော်ပြုံးလိုက်မိပြန်တယ်။ တခါတလေ ငါဘာတွေတွေးနေပါလိမ့်လို့ ခဏခဏတွေးမိတယ် ။ ကလေးလေးပခုံးကို ကျွန်တော်လက်တဖက်နဲ့ ဖက်လိုက်ရင်း သူ့ကိုတချက်ကြည့်လိုက်တယ်။
“ ကားတိုက်တော့ဘာဖြစ်လဲ”
“သေမှာပေါ့ ”
“သေတော့ရော”
“ အွန်း ... ”
သူ ခဏစဉ်းစားသလို နားရွက်ကုတ်ရင်း ...။
“ ကိုကြီးသေတော့ သားနဲ့ဘော့လုံးကန်မယ့်သူမရှိတော့ဘူး မုန့်ဝယ်ကျွေးမယ့်သူ ပန်းခြံလိုက်ပို့မယ့်သူလည်း မရှိတော့ဘူးပေါ့ အဲ့ဒါဆို သားက တယောက်တည်းပျင်းနေမှာ ပြီးတော့ ... ကျောင်းကကောင်တွေနဲ့ရန်ဖြစ်ပြီးရင်လည်း သားကချည်း စခေါ်နေရတော့မှာ ”
ကျွန်တော် ရယ်လိုက်မိတယ် ဘယ်လောက်အပြစ်ကင်းတဲ့အဖြေလဲ ။ သူကျွန်တော့်ကို လိုအပ်နေသေးသ၍ ကျွန်တော်လည်း သူ့အနားရှိနေပေးမှာပါ ။ ကျွန်တော် သူ့ရဲ့ဆံပင်လေးတွေကို ပုတ်ဖွလိုက်ရင်း ...
“တော်တော် ချစ်ဖို့ကောင်းတဲ့ ကောင်ပဲ ... မင်းအဖော်မရှိမှာစိုးတာနဲ့ ငါ့ကိုမသေစေချင်ဘူးပေါ့ ”
“ ဟီး ”
သွားလေးတွေကိုစိပြီး ရယ်တတ်တဲ့ သူ့ရဲ့မူပိုင်အကျင့်လေးကို မြင်ခွင့်ရတာနဲ့တင် ကျွန်တော်သူနဲ့ရှိနေပေးရတာကျေနပ်ပါပြီ။
---
တက္ကသိုလ်ဝင်တန်း အရွယ်ကိုရောက်လာတဲ့ ကလေးလေးက မနှစ်ကထက် သိသိသာသာ ပိုထွားလာတယ် ။ အဆော့ကတော့မက်တုန်းပဲ ။ သူအားတဲ့အချိန်တိုင်း ကျွန်တော့် အခန်းဘက်ပြေးလာပြီး ဘော့လုံးကန်ဖို့ ရောက်လာတုန်း ။ ပန်းခြံထဲက ရေခဲမုန့်တွေကိုကြိုက်တုန်း ။ လမ်းလျှောက်တိုင်း ကားလမ်းဘက်အခြမ်းကိုရွေးပြီးလျှောက်တုန်း ။ ကျွန်တော့်အမြင်မှာတော့ သူက ခန္ဓာကိုယ်သာထွားလာတာ ဘာမှမပြောင်းလဲသေးတဲ့ ကလေးလေးပါပဲ။
တခါတခါတော့ အရွယ်ရောက်တဲ့သူတယောက်လို မေးခွန်းတွေထုတ်တတ်တယ် …
“ အချစ်ဆိုတာဘာလဲ ကိုကြီး ”
“ ဟာ... ဒီကလေး အချစ်အကြောင်းတွေမေးလို့ပါလား ... ဘာလဲ ချစ်သူတွေ့နေပြီလား ”
ကျွန်တော့်မေးခွန်းကို သူ လူကြီးလေးတယောက်လိုပဲ တည်တည်ငြိမ်ငြိမ်ပြန်ဖြေတယ် ...
“ မဟုတ်ဘူး ... ဒီအတိုင်း အချစ်ဆိုတာဘာလဲ သိချင်တာ ”
ကျွန်တော်လည်း သေချာမသိတဲ့ အချစ်အကြောင်းကို အလွယ်ပဲဖြေလိုက်မိတယ် …။
“ အချစ်ဆိုတာ ခံစားမှုတခုပါပဲကွာ ”
“ဘယ်လိုခံစားမှုလဲ … ပျော်ရွှင်တာမျိုးလား ဝမ်းနည်းတာမျိုးလား ”
ကျွန်တော် သေချာမသိတဲ့ အရာအတွက် ဘယ်လိုပြန်ဖြေရမလဲမသိတော့ သူ့ကိုပဲမေးခွန်း ပြန်ထုတ်လိုက်တယ်။
“ချစ်ဖူးရင်သိလိမ့်မယ် ... မင်းက ချစ်ရမယ့်သူတွေ့ နေပြီလား ... အကို အတည်မေးတာ ”
သူ ကျွန်တော့်ကို မကြည့်ဘဲ ဟိုးအဝေးတနေရာကိုငေးသလို ကြည့်ရင်းဖြေတယ် ...။
“ အချစ်ဆိုတာ သူနဲ့ရှိနေခွင့်ရရင်ပျော်တယ် သူနဲ့ဝေးနေရင် သတိရလို့ဝမ်းနည်းတယ် ... သူ့ကို သားဘဝအတွက် လိုအပ်တယ် ... အဲ့ဒီလောက်ကို အချစ်လို့သတ်မှတ်ရင် သားမှာ ချစ်ရမယ့်သူရှိနေပြီထင်တယ် ”
ကလေးလေးတောင်အရွယ်တခုရောက်မှန်းမသိရောက်ခဲ့ပြီပဲ ...။
ဒီတခါတော့ သူ ကျွန်တော့်ကို သေချာကြည့်ရင်းမေးတယ် ...။
“ အချစ်ဆိုတာ ချစ်ဖူးမှသိမှာလား ကိုကြီး ”
ကျွန်တော် ဘာမှပြန်မပြောဖြစ်ဘူး ... ဘာမှပြောစရာမရှိတော့သလိုလဲ ခံစားမိတယ် ။
“ ဟီး ...”
သူတည်တည်ငြိမ်ငြိမ်လေးဖြစ်နေရာက ရုတ်တရက် သွားတွေစိပြီး ရယ်လိုက်ရင်း ...
“ ရည်းစားထားချင်သည်ဟု တိုက်ရိုက်မပြောဘဲ ဘာဖြစ်သည်ညာဖြစ်သည်ဟု သွယ်ဝိုက်မေးခွန်းထုတ်နေသောကြောင့် ဝင်္ကဝုတ္တိလင်္ကာမြောက်ပါသည် ဟီး ...”
သူ့ကိုယ်သူ ပြန်ရယ်ရင်း ... သူ့မူပိုင်အပြစ်ကင်းတဲ့ ပြုံးဖြဲဖြဲပုံလေး ပြန်လုပ်ပြတော့ သူ့ကို ချစ်ဖို့ကောင်းတဲ့ကလေးလေးလို့ပဲ မြင်နေမိပြန်ရော ။
ဒီလိုနေ့ရက်တွေရဲ့နောက်ပိုင်းမှာတော့ တခြားမြို့တခုမှာ တက္ကသိုလ်တက်ဖို့ ကလေးလေး ဒီကနေ ထွက်ခွာသွားခဲ့ပြီ။
---
(၂ နှစ်ခန့်ကြာပြီးနောက်)
အချိန်တွေက ရပ်တန့်နေတာမှ မဟုတ်ပဲ …
အတွေးတွေကို နယ်မြေသစ်တည်လိုက် ... အလုပ်ထဲစိတ်ကိုနှစ်ရင်း ရက်လတွေကိုဖြတ်ကျော်လိုက်နဲ့ နေလာလိုက်တာ နှစ်တွေအဖြစ်တောင်ပြောင်းလဲခဲ့ပြီ ...။
“ကိုကြီးရေ ... ကိုကြီး ”
အသံဆူဆူလေးတခု ကိုကြားလိုက်မိတယ် ... အရင်တုန်းကတော့ နေ့တိုင်းလိုလို ထုံးစံတခုအဖြစ်ကြားခဲ့ရဖူးပေမယ့် အခုတော့ ဒီအသံလေးကိုမကြားရတာ အတော်ကြာခဲ့ပြီ ...။
အရင်ကလို ကျွန်တော် အသံမပေးဘဲ ငြိမ်ပြီး မနေနိုင်တော့ ....။
“ဟာ မင်းဘယ်တုန်းကပြန်ရောက်နေတာလဲ”
အသံလည်းပေးရင်း ကျွန်တော်ကိုယ်တိုင်လည်း အိမ်ရှေ့ရောက်နေခဲ့ပြီလေ။
“ အခုပဲ ရောက်တာ ... အိမ်ကိုခဏဝင်ပြီး ကိုကြီးဆီကို တန်းထွက်လာတာ ... သတိရနေတာဗျ ပြောစရာတွေလည်းအများကြီးရှိတယ် ”
“အေး ပြောတာပေါ့ကွာ လာ ”
“ ဟုတ် … ဒါပေမယ့် အပြင်သွားချင်တယ် ဒီမြို့ကိုလည်း လွမ်းနေတာ ”
“ ပန်းခြံထဲက ရေခဲမုန့်ဆိုင်လား ”
“ သား ကလေးမဟုတ်တော့ဘူးဗျ အခု ဒုတိယနှစ်ကျောင်းသားကြီးတောင်ဖြစ်နေပြီ ဟီး...”
သွားလေးတွေစိပြီး ရယ်နေတတ်တုန်းပဲ အရင်ကလိုလည်း ချစ်စရာကောင်းနေတုန်းပဲ ။
“ ကဲ ဒါဆို ဘယ်သွားမှာလဲ ”
“ ရုံးဘေးကလမ်းကြားမှာ ကော်ဖီဆိုင်လေး အသစ် ဖွင့်ထားတယ် အဲ့ဆိုင်လေးမဆိုးဘူး ... အဲ့ဒီကိုသွားမယ်လေ ”
“တခြားမြို့မှာကျောင်းတတ်နေတဲ့ကောင်က ဒါလည်းပဲသိတယ် ဟုတ်လား ... ခဏစောင့် မင်းကတော့ စမတ်ကျကျဖြစ်နေပြီး ငါက ရုပ်ပဲ့နေလို့မဖြစ်ဘူး ရေချိုးလိုက်ဦးမယ် ”
“ သားကိုကြီးက ရေမချိုးလည်း ချောပါတယ်ဗျာ ဟီး ...”
အဲ့ဒီလို သွားလေးစိပြီးရယ်တတ်တာက မပြောင်းလဲသေးပါလား ။
---
အပူချိန်သိပ်မရှိတဲ့ နယ်မြို့လေးဆိုပေမယ့် ကားလမ်းဘေးတလျှောက် အပင်ကြီးတွေရဲ့ ရွှေဝါရောင်ရွက်ကြွေတွေက နွေဆိုတာကိုဖော်ကြူးနေကြပြီ။
ကော်ဖီဆိုင်မှာထိုင်ရင်း ပြောစရာစကားတွေအများကြီးရှိတယ်ဆိုတဲ့အတိုင်း တကယ့်ကိုအများကြီးပြောဖြစ်ခဲ့ကြတယ်။
အဓိကကတော့ သူ ချစ်သူတယောက်ရသွားပြီဆိုတာကစပြီး သူ့ချစ်သူနဲ့ပတ်သတ်တဲ့အကြောင်းတွေပဲ ပြောဖြစ်ခဲ့ကြတယ် ။ ကျွန်တော်သူပြောတာတွေကိုပဲ သေချာနားထောင်ပေးခဲ့တယ် သိပ်တော့မပြောဖြစ်ခဲ့ဘူး ပြောစရာစကားလည်းရှိမှမရှိတာ ။ ကျောင်းပြီးရင် သူ့ချစ်သူနဲ့လက်ထပ်ဖို့ရည်ရွယ်ထားတဲ့အကြောင်းနဲ့ အဆုံးသတ်ပြီး ကော်ဖီဆိုင်ကနေပြန်လာကြတယ် ။
နွေရဲ့ပုံစံကို ဖော်ကြူးနေတဲ့ ကားလမ်းဘေးတလျှောက်က အပင်ကြီးတွေရဲ့အောက် သူနဲ့ကျွန်တော်အတူလမ်းလျှောက်ရင်း စကားတွေပြောဖြစ်ကြပါသေးတယ် ။ ထုံးစံအတိုင်း သူက ကားလမ်းဘေးအခြမ်းကလျှောက်ပေမယ့် အရင်လို ကျွန်တော့်လက်ကိုဆွဲပြီး ပြေးဆော့နေကျ ကလေးလေးတယောက်မဟုတ်တော့ဘူး ။
ကျွန်တော် စိတ်ထဲရှိနေသေးတဲ့ သူ့စကားတခုကိုသတိရလို့ မေးလိုက်မိတယ် ...
“ အချစ်ဆိုတာဘာလဲလို့ မေးခဲ့တဲ့အချိန်တုန်းက ... ရှိနေပြီထင်တယ်လို့ ဖြေခဲ့တဲ့ ချစ်သူတယောက်ရော ဘယ်ရောက်သွားပြီလဲ”
သူက ကျွန်တော့်ကို သေချာကြည့်တယ် … ကျွန်တော့်မျက်လုံးတွေကိုသေချာကြည့်နေတာထင်တယ် ပြီးတော့ ဖြည်းဖြည်းချင်း ခေါင်းခါတယ် …။
“ ရှိနေပြီလို့ထင်ခဲ့တာလေ ... ထင်တယ်ဆိုတာ တကယ်မှမဟုတ်တာ ... ဒါပေမယ့် သူကရှိနေဦးမှာပါ ... သားရင်ထဲမှာ အသေအချာရှိနေဦးမှာပါ”
နောက်တော့ သူတပတ်လောက်နေပြီးရင်ပြန်တော့မယ့်အကြောင်းကိုပြောတယ် ။ အဲ့ဒါနဲ့တင် ကျွန်တော် တယောက်တည်းဖြစ်သွားသလိုခံစားရတယ် ။
အချိန်တန်တော့ သူတက်ရမယ့်တက္ကသိုလ်နဲ့ သူ့ချစ်ရမယ့်သူရှိတဲ့မြို့ဆီ ပြန်သွားခဲ့ပြီလေ ...။ သူ ပြန်သွားပြီးတလအကြာ ကျွန်တော်လည်း ကိုယ့်မွေးရပ်ဇာတိမြေဆီ ပြောင်းရွှေ့ တာဝန်ထမ်းဆောင်မိန့်ကြောင့် သူ့ကိုအသိမပေးပဲ ပြောင်းရွှေ့ခဲ့ရပြီ။
---
၂၀၁၈ ခုနှစ်
ကိုယ့်မွေးရပ်ဇာတိမြေကိုပြန်ရောက်တာနဲ့တင် လုံခြုံစိတ်ချရတဲ့ခံစားမှုကို အပြည့်ပြန်ရလိုက်တယ်...။ နွေဟာလည်း နွေပီသစွာ ပူနွေးမှုကိုပေးသလို ရွက်ဝါတချို့ဟာလည်း နွေလေရူးအောက် ပီပီပြင်ပြင်ဝေ့လည်လွင့်စင်နေကြတယ် ။ ရုံးသွားတဲ့လမ်းမှာ ကိုယ်တက်ခဲ့တဲ့ကျောင်းရှေ့ဖြတ်သွားရတိုင်း ငယ်ငယ်က အရောင်စွန်းလွယ်တဲ့ခံစားချက်တွေနဲ့အတူ မျက်လုံးဝိုင်းနဲ့ ကောင်မလေးကိုသတိရမိတယ် ။ လွမ်းဆွတ်တမ်းတတာမျိုးမဟုတ်ပေမယ့် ပတ်သတ်ခဲ့တဲ့ ဆက်နွယ်မှုကိုပြန်စဉ်းစားဖြစ်ခဲ့တယ် ။ သူလည်း သူ့အဖေတာဝန်ကျရာမြို့ကို လိုက်ပါသွားချိန်က စပြီး ကျွန်တော်တို့နှစ်ယောက်ကြားက သံယောဇဉ်ဟာ ဘယ်သူ့ဘက်ကမှ စမဖြတ်ပါပဲ ဝေးကွာခြင်းကြောင့် ပြတ်တောက်စေခဲ့တယ် ။ လွမ်းဆွတ်ခြင်းကို တလလောက်လူးလိမ့်ခံစားခဲ့ရပေမယ့် သတိရခြင်းကိုတော့ အချိန်တခုနဲ့အတူ တည်ငြိမ်နေသားကျစေခဲ့တယ် ။ အခုတော့လဲ ဘာမှမဖြစ်ခဲ့သလို အရာရာတိုင်းဟာ ပုံမှန်အတိုင်းလည်ပတ်နေလေရဲ့ ။
ကိုယ့်မွေးရပ်မြေကိုရောက်တာ နှစ်နှစ်ကျော်လောက်ကြာပြီဆိုပေမယ့် မရိုးနိုင်သေးတဲ့ ဝန်းကျင်တွေကိုလိုက်ကြည့်ရင်း ရထားလမ်းကုန်းဘက် လမ်းလျှောက်ထွက်ခဲ့တယ် ...။
နွေညနေခင်းရဲ့ ကျနေဟာ အနီရောင်ဘက်သန်းပြီး ရိုးပြတ်တွေနဲ့ ဆူးပင်ပုလေးတွေအပေါ်ဖြာကျနေတယ်။ ပတ်ဝန်းကျင်မှာတော့ ကိုင်းပင်ရှည်တွေကြား လေရူးတချို့ဖြတ်သန်းသွားတဲ့ အသံကလွဲရင် တိတ်ဆိတ်နေတယ်လို့ သတ်မှတ်တန်ကောင်းပါရဲ့ ။ တိတ်ဆိတ်ခြင်းကို စတင်အသက်ဝင်စေတဲ့အသံတခုကို ကျွန်တော့် နောက်ကျောဘက်ဆီက ကြားလိုက်ရတယ် …။
“ ကိုကြီး ... ကိုကြီးရေ ”
ကျွန်တော်လှည့်မကြည့်ပေမယ့် ဒီအသံကိုမှတ်မိတာပေါ့ ... အိပ်မက်ထဲမှာလည်းကြားတတ်တယ်... တခါတလေ အတွေးတွေတည်ငြိမ်နေတဲ့အချိန်မှာလည်း စိတ်အာရုံထဲကနေ ရုတ်တရက်ပေါ်ပေါ်လာတတ်တဲ့ ကလေးလေးရဲ့အသံဆိုတာ သိတာပေါ့။
“ ကိုကြီး ... ကိုကြီးရေ ”
ဒီတကြိမ်ခေါ်တဲ့အသံက အရင်လို ကျွန်တော့်စိတ်ထဲက လာတဲ့အသံမဟုတ်ဘဲ အပြင်မှာတကယ်ခေါ်တဲ့အသံဆိုတာ သေချာသွားပြီ ။ ကျွန်တော် လှည့်ကြည့်လိုက်ချိန်မှာလည်း လှည်းလမ်းတလျှောက် ပြေးလာတဲ့ ကလေးလေးကို တွေ့လိုက်ရတယ် ။ ကျွန်တော်တွေ့ စက သိခဲ့တဲ့ ကလေးလေးတယောက်လိုပဲ ဖုန်ငွေ့ တွေကြား လွတ်လပ်တက်ကြွတဲ့ ခြေလှမ်းတွေနဲ့အတူ ကျွန်တော့်ဆီအပြေးတပိုင်းနဲ့အတူ ရောက်လာပါပြီ။
“ ကိုကြီးက အတော်ဆိုးတဲ့လူဗျာ ... ကျွန်တော့်ကိုမပြောပဲထွက်သွားတယ် ... အကြာကြီးလည်းပစ်ထားတယ် ”
ကျွန်တော် ဘာပြောရမှန်းမသိအောင် မယုံနိုင်တဲ့စိတ်နဲ့ သူ့ကို ဒီအတိုင်းကြည့်နေမိတယ် ...
“ ကိုကြီး ... ”
သူနောက်တခေါက် ကျွန်တော့်ကိုခေါ်မှ ထိတ်ခနဲ အသိဝင်လာသလို ဖြစ်ပြီး ပြန်ထူးလိုက်ရတယ်။
“ အင်း ”
“ ကျွန်တော် ကိုကြီးအိမ်ကို ရုံးကတဆင့်စုံစမ်းလာတာ .. အိမ်ရောက်တော့လည်း ဒီဘက်ထွက်သွားတယ်ဆိုလို့လာရှာတာ ... ကိုကြီးကို ကျွန်တော်ဘယ်လောက်ထိတွေ့ ချင်နေလဲဆိုတာရော သိရဲ့လား ”
ကလေးလေးက သူ့ကိုယ်သူ ပြောနေကျအတိုင်း သားလို့မပြောတော့ဘဲ ကျွန်တော် ကျွန်တော်လို့ သုံးနေခဲ့ပြီ။
“ အင်း ... အခု ဒီမှာဘယ်နှစ်ရက်နေမှာလဲ ”
ကျွန်တော် ဘာပြောရမှန်းမသိဖြစ်နေချိန်မှာ အဆက်အဆက်အစပ်မရှိတဲ့ စကားတွေကိုပဲပြောနေမိတယ် ...။ ကလေးလေးက ကျွန်တော့်လက်နှစ်ဖက်ကိုယူပြီး ဆုပ်ကိုင်လိုက်တယ် ... ကျွန်တော့်မျက်လုံးတွေကိုသေချာကြည့်တယ် ...။
“ ကိုကြီး ”
“ ပြောလေ ”
“ ကျွန်တော့်ချစ်သူနဲ့ လက်ထပ်တော့မယ် ”
သူကိုင်ထားတဲ့လက်တွေဆီက ကျွန်တော့်လက်တွေကို ဒီအတိုင်းအသာလေး လျှိုထုတ်လိုက်မိတယ် ။
“ ကိုကြီး ...”
သူခေါ်နေပေမယ့် ကျွန်တော်ဘာမှမပြောခဲ့မိဘူး။
သူနောက်တခေါက်ထပ်ခေါ်ရင်း ကျွန်တော့်ရဲ့မတည်ငြိမ်တဲ့ မျက်လုံးတွေနောက်ကိုလိုက်ကြည့်တယ် …။
ကျွန်တော် အတတ်နိုင်ဆုံးပြုံးခဲ့တယ် ။
“ အင်းလေ … မင်းလည်း အရွယ်ရောက်ပြီပဲ ဒါပေမယ့် အိမ်ထောင်ပြုဖို့အတွက် စောနေသေးလားလို့ ”
“ကျွန်တော့်အတွက်စောပေမယ့် ... ကိုကြီးလည်းသိတဲ့အတိုင်းပဲ ကျွန်တော့်ချစ်သူက ကျွန်တော့်ထက်အသက် ကိုးနှစ်ကြီးတဲ့ ကျွန်တော့် ဆရာမလေ... သူ့အတွက်စဉ်းစားပေးရမယ်မဟုတ်လား ”
သူ့အင်္ကျီအိတ်ထဲက စာအိတ်တခုကိုထုတ်ပြီး ကျွန်တော့်လက်ထဲထည့်လိုက်တယ် …။
“ ကျွန်တော့် မင်္ဂလာဆောင်ဖိတ်စာ ... ကျွန်တော် ကျောင်းတတ်ခဲ့တဲ့ သူ့မြို့မှာပဲ မင်္ဂလာဆောင်ဖြစ်မှာ ”
ကိုယ့်လက်ထဲရောက်လာတဲ့ ဖိတ်စာကို ဖွင့်ဖတ်လိုက်မိတော့ ...
ကျွန်တော် ထိတ်လန့်သွားတယ် ဒါက မယုံကြည်နိုင်လောက်အောင် တိုက်ဆိုင်လွန်းတာလား...။
ကလေးလေးရဲ့ ချစ်သူနံမည်က
ကျွန်တော့် မျက်လုံးဝိုင်းလေးရဲ့ နံမည်ဖြစ်နေတယ် … တဆက်တည်း သူ့ချစ်သူရဲ့ အဖေ နံမည်ပါဖတ်လိုက်တော့ ပိုအံ့သြသွားမိတယ် … ကျွန်တော့် မျက်လုံးဝိုင်းလေးရဲ့ အဖေနံမည်နဲ့တထပ်တည်းဖြစ်နေခဲ့တယ်လေ ...။ ကျွန်တော့်ရဲ့ ပျက်ယွင်းနေတဲ့ အနေအထားကို အမြန်ပြန်ထိန်းလိုက်ရင်း ...။
“အခုအကို့အိမ်မှာပဲနေမယ်မဟုတ်လား ”
“မဟုတ်ဘူး ကိုကြီး ... ကျွန်တော့် ကောင်မလေးအိမ်မှာပဲ နေဖြစ်မယ် ... သူလည်း ဒီမြို့မှာ ကျောင်းတတ်ခဲ့ဖူးတယ်လေ ... အခုသူ့အမျိုးတွေအိမ်လာလည်ရင်း ကိုကြီးဆီ ကျွန်တော်လာခဲ့တာ … ဒါပေမယ့် ဒီညတော့ ကိုကြီးကို ဆိုင်တဆိုင်မှာ ပြုစုမယ် ကျွန်တော့် ကောင်မလေးနဲ့လည်း မိတ်ဆက်ပေးချင်လို့ ... ဟီး ”
သူ သွားလေးတွေစိပြီး ကျွန်တော့်ကို ရယ်ပြတယ် ...။
တောင်းပန်ပါတယ် ကလေးလေးရယ် ဒီလိုတွေရယ်ပြီး အကို့ကိုမသတ်ပါနဲ့တော့ကွာ ။ သေချာပါတယ် ကျွန်တော့်မျက်လုံးဝိုင်းလေးက ကျွန်တော့် ကလေးလေးလက်ထပ်မယ့်သူတဲ့ . .. ။ ကမ္ဘာကြီးရာ အဲ့ဒီလောက်တောင် ကျဉ်းရလား ။
“ ကိုကြီး ”
ဖြတ်ကနဲ သတိဝင်တဲ့ လူတယောက်လို ကယောင်ကတန်းနဲ့ ကလေးလေးကိုကြည့်လိုက်မိတယ် ...။
“ အော် ... ပြောလေ ”
“ ကျွန်တော့် မင်္ဂလာဆောင်ကို လာဖြစ်အောင်လာပါနော် ကျွန်တော်ကအမျိုးနည်းတော့ အားငယ်တယ်ဗျ ... ဒါပေမယ့် ကိုကြီးလာရင် အားဖြစ်မိမှာ ... ကျွန်တော့် စိတ်ထဲမှာ ကိုကြီးကိုအမြဲသိမ်းထားတာ သိတယ်မဟုတ်လား ..."
ကျွန်တော်သိတာပေါ့ …
ဒါပေမယ့် ပြုံးပြပြီးခေါင်းညှိတ်လိုက်တယ် …
အဲ့ဒီ မျက်တောင်တခတ်စာအခိုက်အတန့်လေးမှာပဲ သူပျော်သွားတယ် ကျွန်တော်ကျေနပ်တယ် ကျွန်တော်လွတ်မြောက်ဖို့တော့ ကြိုးစားရဦးမှာပေါ့ …။
ညနေခင်း မှောင်ရီပျိုးစမှာ ပျောက်ကွယ်လုနေလုံးကြီးက ဟိုးအနောက်ဘက် တောအုပ်လေးဆီမေးတင်နေချိန်ကို ဖြတ်ကနဲ ငေးမိလိုက်တယ် ...။ ကျွန်တော့်ရဲ့ မျှော်လင့်ခြင်းအလင်းရောင်ဆိုတာလည်း နေလုံးကြီးနဲ့အတူ ပျောက်ကွယ်သွားတော့မှာကို သတိပြုမိတယ် …။
ဒါပေမယ့် နောက်တနေ့ လင်းရောင်ခြည်နုနဲ့အတူ ပြန်လည်ထွက်ပေါ်လာမယ့် နေလုံးကြီးကတော့ သူ့ရဲ့မျှော်လင့်ခြင်းအစပေါ့ ...။
သူကျောခိုင်းထွက်ခွာသွားတဲ့အချိန်မှာတော့ ကျွန်တော့်ရဲ့အတွေးတချို့ လွန်ခဲ့တဲ့ ဆယ်စုနှစ်တခုကျော်ဆီ အပြေးအလွှား ရောက်ရှိသွားခဲ့တယ် ...။
- ဒီဟော်နသံ -
Keep Reading