Author's Profile Photo

SarPhat Author

2/05/2024

"ဝေးခဲ့ကြသော်လည်း နီးမလာပါ"

2 mins read
Poetry
Art
18 Again
"ဝေးခဲ့ကြသော်လည်း နီးမလာပါ"'s photo

အဲဒီနေ့ကမိုးတွေကျနေခဲ့တယ်။ ကျောင်းရှေ့ကကားမှတ်တိုင်လေးမှာရပ်ရင်း သုံးဘီးအလာကိုစောင့်နေတဲ့နွယ့်ကို "ကျွန်တော့်ဆိုင်ကယ်နဲ့ လိုက်ခဲ့ပါလားနွယ်"လို့ခေါ်ခဲ့ပေမယ့် နွယ်က မလိုက်ခဲ့ပါဘူး
"နေပါစေ အိမ်ကသိရင် ဆူလိမ့်မယ်"တဲ့။

နွယ်က အိမ်ကိုကြောက်ရပုံပေါ်တယ်။ အိမ်ကိုကြောက်ရတယ်ဆိုတာထက် နွယ်တို့အိမ်ကစည်းကမ်းကြီးပုံပါပဲ။ ရှေးရိုးဆန်မယ်လို့လည်း ထင်မိတယ်။
တက္ကသိုလ်ကျောင်းသူဖြစ်နေတဲ့နွယ်က ကျောင်းလာရင် ထမင်းချိုင့်လေးရယ်၊ရေဘူးလေးရယ်၊လက်သုတ်ပဝါလေးရယ်ထည့်ထားတဲ့ လက်ဆွဲခြင်းလေးအမြဲပါတယ်။
ကျောင်းမှာ စားသောက်ဆိုင်ဘယ်နှခုလောက်ရှိလဲဆိုတာတောင် နွယ်က သိပုံမပေါ်ပါဘူး။
မနက်ကျောင်းကိုရောက်ရင် အတန်းထဲဝင်တယ်။နေ့ခင်းမှာ သူ့ထမင်းချိုင့်လေးသူ ဖွင့်စားတယ်။အတန်းချိန်တွေမရှိတော့ရင် ကျောင်းရှေ့မှာ သုံးဘီးစောင့်ပြီး သူ့အိမ်ပြန်တယ်။
ဒါက နွယ့်ရဲ့ တက္ကသိုလ် တစ်နေ့တာတွေပါပဲ။ကျွန်တော်ကတော့ နွယ့်ရဲ့ မှတ်တမ်းရေးမှူးပေါ့။ဘယ်သူမှခန့်ထားတာမဟုတ်ပါဘူး။ ကျွန်တော့်ရဲ့နှလုံးသားက တာဝန်ပေးထားလို့ပါ။ ဟုတ်ကဲ့။

ပထမနှစ်မှာ ကျောင်းတက်မမှန်တဲ့ကျွန်တော်က ဒုတိယနှစ် နွယ် အတန်းပြောင်းလာတဲ့အချိန်မှာပဲ အတန်းချိန်တွေ မှန်လာတော့တာပါပဲ။ အချစ်ကလူကိုပြောင်းလဲ‌စေတယ် ဆိုတာ ဒါမျိုးပဲဖြစ်မယ်ထင်ပါတယ်။

နွယ့်ကို ကျွန်တော်မြင်မြင်ချင်း ချစ်မိတယ်လို့ပြောရင် မှားပါတယ်။ စမြင်တဲ့အချိန်က သူငယ်ချင်းတွေလက်ချက်နဲ့ ကျွန်တော့်မျက်မှန်ကျကွဲသွားလို့ ဘယ်သူ့ကိုမှ ရှင်းရှင်းလင်းလင်းမမြင်ရပါဘူး။ဒါ‌ကြောင့် ကျွန်တော်မြင်မြင်ချင်းမချစ်မိတာဖြစ်ခဲ့ပါလိမ့်မယ်။ ကျောင်းစဖွင့်ဖွင့်ချင်းဆိုတော့ အတန်းချိန်တွေလည်းမရှိပါဘူး။ နွယ့်ကိုနွယ်လို့သိရတာကတော့ သူငယ်ချင်းတွေပြောပြလို့ပါ။ မနှစ်က ငါတို့အတန်းကမဟုတ်တဲ့ကျောင်းသူတစ်ယောက် ငါတို့အတန်းဘက်ရောက်လာတယ်တဲ့။မနှစ်ကလည်း နွယ့်ကိုကျွန်တော်တို့ တစ်ယောက်မှ မမြင်ဖူးလိုက်ပါဘူး။ကျောင်းတက်မှန်တဲ့နွယ်နဲ့ အတန်းလစ်တဲ့ကျွန်တော် အခန်းကပ်လျက်လွဲသွားပုံပါပဲ။

ဒုတိယနှစ်ဝက်မှာ နွယ့်ကို ကျွန်တော်ချစ်ရေးဆိုခဲ့ပါတယ်။ မှတ်မှတ်ရရပါပဲ။
နွယ့်ကို ဆိုင်ကယ်နဲ့လိုက်ခဲ့ပါလားလို့ ပြောတဲ့နေ့ကပေါ့။ နွယ်ကမလိုက်တော့ကြောင်း ခေါင်းလေးခါပြခဲ့ပေမယ့် ကျွန်တော်ကတော့ နွယ့်အနားရောက်သွားခဲ့ပါတယ်။
ကျွန်တော့်ကို ကြည့်မနေတဲ့နွယ့်ကို စကားလေးနည်းနည်းလောက်ပြောချင်လို့ပါလို့ခွင့်တောင်းတော့ "ဟုတ် ပြောပါ"တဲ့လေ။
ဦးနှောက်ထဲကစာတွေစီပြီး နှလုံးသားရဲ့အားအင်ကိုယူပြီး အဆုံးမှာ "နွယ့်ကိုကျွန်တော်ချစ်တယ်"လို့ပြောလိုက်တယ်။
နွယ်က ကျွန်တော့်ကို နားမလည်နိုင်သလိုကြည့်နေပြီး အံ့ဩတဲ့မျက်လုံးလေးတွေနဲ့
"နွယ်ကတော့ အချစ်ကိုမယုံကြည်ဘူး"လို့
အသံတိုးတိုးလေးနဲ့ငြင်းပယ်ခဲ့ပါတယ်။
နောက်...သူ့ရဲ့လက်ပတ်နာရီလေးကိုငုံ့ကြည့်ပြီး "၄နာရီ ၅မိနစ်တောင်ရှိနေပြီ အိမ်ကဆူတော့မှာပဲ"တဲ့။ စိုးရိမ်မှုနဲ့နွယ့်ရဲ့မျက်နှာလေးကို ငေးကြည့်ရင်း "ကျွန်တော့်ဆိုင်ကယ်နဲ့လိုက်ခဲ့လိုက်ပါ"လို့ထပ်ပြောလိုက်ပေမယ့် နွယ့်ဆီက ဒုတိယပ္ပိငြင်းပယ်မှုကိုသာရရှိလိုက်ပါတယ်။
ကျွန်တော်လည်း နွယ်နဲ့အတူသုံးဘီးစောင့်ပေးမယ်လို့ပြောရင်း သူ့ဘေးမှာဝင်ထိုင်လိုက်ပါတယ်။
နွယ်ကကျွန်တော့်ကိုမျက်စောင်းလေးထိုးပြီး မတ်တပ်ထရပ်ပါတယ်။ချစ်ရသူရဲ့မျက်‌စောင်းဆိုတော့ မြည်းမကြည့်လိုက်ရပေမယ့် သိပ်ချိုမြိန်ပါတယ်။
ကျွန်တော်ကနွယ်နဲ့အတူလိုက်ရပ်လိုက်ချိန်မှာပဲ သုံးဘီးတစ်စီးရောက်လာပြီး ကျွန်တော်ချစ်ရသူကို ကျွန်တော်နဲ့ဝေးရာကိုခေါ်ဆောင်သွားပါတယ်။
ကျွန်တော်တို့က နေ့စဉ်အဲဒီလိုဝေးနေကြရတာပါ။

နွယ့်ကိုဖွင့်ပြောပြီးတဲ့နေ့ကစလို့ ကျောင်းရှေ့မှာသုံးဘီးအတူစောင့်ပေးရင်း စကားတွေပြောဖြစ်ခဲ့ကြပါတယ်။ မနက်အစောကြီးတိုင်း အမေ့ကိုထမင်းချိုင့်ထုတ်ပေးပါလို့ပူဆာပြီး နွယ်နဲ့အတူထမင်းစားဖြစ်ခဲ့ကြတယ်။ အတန်းထဲကသူတွေက ချစ်သူတွေဖြစ်သွားကြပြီလားလို့မေးရင် စကားနည်းတဲ့နွယ်က "မဟုတ်ပါဘူး"ဆိုတဲ့စကားကလွဲရင်မပြောပေမယ့် ကျွန်တော်ကိုယ်တိုင်ကလည်း "ဝိုင်းပြောပေးကြပါဦး"ဆိုတဲ့စကားအပြင်မပြောတတ်ခဲ့ပါဘူး။
အတန်းအားချိန်မှာ‌စာတွေအတူလုပ်နေရင်းက "ချစ်တယ်နွယ်"လို့ရုတ်တရက်ပြောလိုက်ရင် ရတတ်တဲ့ နွယ့်ဆီကမူပိုင်မျက်စောင်းလှလှလေးတွေကိုနှစ်သက်ခဲ့မိလေတော့ "ချစ်တယ်"လို့မကြာမကြာပြောတတ်ခဲ့ရပါသည်ပေါ့ခင်ဗျာ။

ချစ်ရသူရဲ့အနားမှာနေရတဲ့အချိန်က ဘယ်လောက်တောင်ပျော်စရာကောင်းလဲဆိုတာ ဆရာတွေမသိခဲ့ကြဘူးထင်ပါတယ် နွယ်ရယ်။ စာမေးပွဲဆိုတာကြီးကိုဖြေခိုင်းပြီး ကျွန်တော်နဲ့ နွယ့်ကိုရှင်ကွဲ ခွဲပစ်ရက်ကြတယ်။
ဒီလိုပြောလို့ ကျွန်တော်နဲ့ နွယ် ချစ်သူတွေဖြစ်ပြီး ဝေးသွားကြတာမျိုးလို့ မထင်လိုက်ပါနဲ့ဗျာ။

တမာတန်းမှာလမ်းအတူလျှောက်ခဲ့ကြပေမယ့် ဟာသတွေပြောရင်း အတူရယ်မောခဲ့ကြပေမယ့် ကျွန်တော်တို့ ဘုရားစူးချစ်သူတွေမဟုတ်ခဲ့ကြပါဘူး။ နွယ့်အတွက်တော့ ကျွန်တော်ဟာ မိတ်ဆွေသူငယ်ချင်းတစ်ယောက်အဆင့်ထက် ဘယ်တော့များမှပိုလာမယ်မထင်ပါ။

ကျွန်တော့်ဘက်ကသာ အတူရှိနေရရင် အချစ်ပိုရ။
ဝေးသွားတဲ့အခါ အလွမ်းပိုရနဲ့ ချစ်လို့လွမ်း လွမ်းရင်းနဲ့သာ ပိုပိုချစ်ခဲ့ရပါသည် နွယ်။

#T.Kyi

Keep Reading

အထီးကျန်ဥပေက္ခာ ပြုမထားသင့်ပါ သူငယ်ချင်းနေချင်တဲ့ ဘဝမွေး​နေ့လက်​ဆောင်ပျော်မောသူလက်တွေ့(action)"ရေသောက်ပြီး ရယ်ပါ"အို...လူ့ဘောင်လောက"နွေ"မျိုးစေ့