ဒီဟော်နသံ
Carried A Torch // ဒီဟော်နသံ
---
လူတယောက်ရဲ့ နာကျင်မှု အမြင့်ဆုံး သတ်မှတ်ချက်က ဘယ်လောက်လဲ။ နာကျင်မှုအတွက် သတ်မှတ်ထားတဲ့ ယူနစ်ရှိလား။ အခုတလော ဒီအကြောင်းတွေကိုပဲ တွေးနေမိတယ်။ အခြေအနေတိုင်းမှာ အဆုံးသတ်ရှိတယ်။ တည်မြဲတဲ့ အရာဆိုတာ မရှိတဲ့။ ကျွန်တော် မကြိုက်တဲ့ အခြေအနေတခုကို မတည်မြဲချင်တော့ဘူး။ မတည်မြဲခြင်းရဲ့ တည်မြဲခြင်းကိုပဲ ကိုးကွယ်ရတော့မယ် ထင်ပါရဲ့။
“ ××× နာကျင်လေသော ... နှလုံးသားမှာ ... ခံစားချက်တို့ရှိပြီကွယ် ××× ”
နားထောင်နေပေမယ့် မကြားဘဲနေလို့ရတဲ့ အရည်အချင်း ကျွန်တော့်မှာရှိတယ်။ အဲ့ဒါကြောင့် သီချင်းဖွင့်ထားပြီး သီချင်းနဲ့ မဆိုင်တဲ့ဆီ အတွေးတွေဖြန့်ထားမိတာကြာပြီ။ မဟုတ်ဘူး ကျွန်တော့်အတွေးတွေက သီချင်းနဲ့ ဆိုင်မှာပါ။ အနည်းဆုံးတော့ ဒီသီချင်းကို မကြာခဏ ညည်းတတ်တဲ့ လူတယောက်နဲ့ပေါ့။
သီချင်းကို သတိထားမိတဲ့အခါ နာကျင်ရတယ်။ ဘယ်အထိ နာကျင်မှုကို သည်းခံနိုင်မလဲ မခန့်မှန်းတတ်ဘူး။ နာကျင်မှုမှာ အမြင့်ဆုံး သတ်မှတ်ချက်ရှိလား။ နာလွန်းရင် ထုံသွားတတ်တယ်။ ဒါမှမဟုတ် သိစိတ်နဲ့ အဆက်အသွယ်ပြတ်သွားနိုင်တယ်။ ကျွန်တော် အဲ့ဒီ အဆင့်ထိ မရောက်သေးဘူး။ သွားနေပေမယ့် ... သေချာတယ် သွားနေပေမယ့်။
ကတ်ဆက်ခလုတ်ကို ပိတ်လိုက်ပြီး စီးကရက်တလိပ်ကို မီးညှိလိုက်တယ်။ အသွေးထဲ နီကိုတင်းဓာတ် တချို့ ဝင်သွားမှ ပိတ်မိနေတဲ့ စိတ်တချို့ လွင့်သွားတာ။ တကယ်က လွင့်သွားသယောင်ပါ။ မဂ္ဂဇင်းတအုပ် ယူပြီး ရောက်တက်ရာရာ လျှောက်လှန်ကြည့်ရင်း စာမျက်နှာတခုဆီရောက်တော့ ပြုံးလိုက်မိတယ်။ ကျွန်တော်ရေးထားတဲ့ ဝတ္ထုတိုပါတဲ့ စာမျက်နှာတခု။ ဘာကြောင့် အတွေးတိုင်းက သူနဲ့စတာလဲ။ ကျွန်တော့်ရဲ့ ကဗျာတွေ၊ ဝတ္ထုတွေနဲ့ ပြန့်လွင့်နေတဲ့ အတွေးတွေအထိ သူ့ဆီက မြစ်ဖျားခံတယ်။ နာကျင်မှုမှာ အဆုံးသတ်တယ်။ နာကျင်မှုရဲ့ အလွန်မှာ ဖြစ်ကောင်းဖြစ်နိုင်လိမ့်မယ်။ စီးကရက်ထိပ်က ပြာကို ပြတင်းပေါက် အပြင်ဘက်ဆီ တောက်ချလိုက်တယ်။
---
ပဲခူးမြို့ရဲ့ နွေနေ့လည်ခင်းက ခပ်လေးလေး လှုပ်ရှားနေရဲ့။ ထိုင်နေကျ သစ္စာ လက်ဖက်ရည်ဆိုင်ကလည်း သူ့ပုံစံအတိုင်း ငိုက်မြည်းလို့။ ဆိုင်ရဲ့ ထောင့်ဆုံးကျကျ တနေရာကိုရွေးလိုက်တယ်။ သစ်သားခွေးခြေခုံပုလေးပေါ် နေရာတကျထိုင်ပြီးမှ ခါးကြားထဲက ဝတ္ထုစာအုပ်ကို စားပွဲပေါ်တင်တယ်။ မင်းလူ အသစ်ထွက်တဲ့ ရေတမာ။ စားပွဲထိုးလေးက ပေါ့ဆိမ့်တခွက်ကို ခပ်ညစ်ညစ်အရောင် ဖန်ခွက်ပုလေးနဲ့ လာချပေးတယ်။ ဒါက ကျွန်တော်သောက်နေကျဆိုတော့ ထူးထွေပြီး မှာစရာမလိုဘူး။
“ ဟိုအစ်ကို မပါဘူးလား ”
“ အင်း ... ရုပ်ရှင်သွားကြည့်နေလို့ ”
“ မောင့်မူပိုင်ရှင်တဲ့ ဒွေးကား ... ကျွန်တော်လည်းကြည့်ချင်နေတာ ... အစ်ကို မကြည့်ဘူးလား ”
“ မကြည့်ဘူး ”
စတီးဇွန်းလေးနဲ့ တချက်နှစ်ချက်မွှေလိုက်ပြီးမှ အလွတ်ရနေတဲ့ လက်ဖက်ရည်ရဲ့ အရသာကို အာစွတ်ရုံငုံရင်း အပြင်ကို ငေးနေလိုက်ပြန်တယ်။ စားပွဲထိုးလေးက ကျွန်တော့်ဘေးမှာ ရပ်နေတုန်းပဲ။ ဆိုင်မှာ လူရှင်းနေတာကြောင့်ထင်တယ်။ သူ ကျွန်တော့်မီးခြစ်ကို စိတ်ဝင်တစားကိုင်ကြည့်ရင်း
“ မိုက်လှချည်လား ... ဘယ်ကဝယ်တာလဲ ”
“ လက်ဆောင်ရတာ ”
“ ကောင်မလေးပေးတာလား ”
ကျွန်တော် သူ့ကို တချက်ကြည့်လိုက်မိတယ်။ တော်တော်စပ်စုတဲ့ကောင်။ သူမေးတဲ့မေးခွန်းကို မဖြေမိပေမယ့်၊ ဖြေစရာမလိုပေမယ့် တွေးစရာကဖြစ်လာပြန်ရော။
“ ခြစ်ကြည့်လို့ရလား ”
“ အင်း ”
ထောက်ကနဲ မီးတောက်သွားတာကို သဘောကျသွားတယ်ထင်ရဲ့။
“ ကောင်းလှချည်လား ... ဖင်မှာဘာရေးထားတာလဲ ”
“ ဇစ်ပို ”
“ အော် ” ဆိုပြီး သဘောပေါက်တဲ့ဟန် လုပ်ပေမယ့် ဘာကိုသဘောပေါက်သွားမှန်း ကျွန်တော်လည်းမသိဘူး။
“ အစ်ကို ... သီချင်းနားထောင်မလား စိုးလွင်လွင် အခွေရှိတယ် ”
“ ဟင့်အင်း ”
“ အော် ” လို့ပြောရင်း သူ ကျွန်တော့်ဘေးနားက ထွက်သွားတယ်။ အဲ့ဒါမှ ကျွန်တော့် ခေါင်းထဲ သုခရပ်ဝန်းလေး ဖြစ်ခွင့်ရမှာ။ အိတ်ကပ်ထဲ စမ်းကြည့်တော့ ဗီးဂတ် တလိပ်တွေ့တယ်။ ခုနကမီးခြစ်ရဲ့ မီးတောက်နဲ့တို့ပြီး တချက်ရှိုက်လိုက်တယ်။ မီးခြစ်အဖုံးကို ပိတ်လိုက်တော့ ပြုံးမိသေးတယ်။ ဘာရယ်ကြောင့် မဟုတ်ပါဘူး “ကောင်မလေးပေးတာလား” ဆိုတဲ့ စားပွဲထိုးလေးရဲ့ အမေးကို သဘောကျလို့ပါ။ ဝတ္ထုစာအုပ်ကိုဖွင့်ပြီး လေး,ငါးမျက်နှာလောက်အထိ စိတ်နှစ်ပြီးတဲ့အချိန်မှ သတိထားမိတာ ဘယ်တုန်းက ဖွင့်လိုက်မှန်းမသိတဲ့ ကတ်ဆက်က ထွက်နေတဲ့ သီချင်းသံ။
“ ××× နာကျင်လေသော နှလုံးသားမှာ ခံစားချက်တို့ ရှိပြီကွယ် ××× ”
“ အစ်ကို ဒီသီချင်းကြိုက်တယ် မဟုတ်လား ”
ဘယ်အချိန်က အနောက်ကို ရောက်နေမှန်းမသိတဲ့ စားပွဲထိုးလေးရဲ့ အသံကြောင့် အာရုံတခု ရုတ်ကနဲ ပျောက်သွားပြန်ရော။
“ မင်းတော်တော်အားနေလား ”
“ နေ့လည်ဆို ဒီလိုပဲ ”
သူ့ရဲ့ အဖြေကြောင့် ဘာဆက်ပြောရမှန်းမသိ။ စာအုပ်ကို ပိတ်ပြီး သီချင်းကိုပဲ ဆက်နားထောင်နေလိုက်တယ်။ ဒီသီချင်းကို မကြိုက်ပါဘူး။ မကြိုက်တာကသတ်သတ် အမြဲနားထောင်ဖြစ်တာကသတ်သတ်ပါ။ နားထောင်ပါများရင် ရိုးသွားမယ်ဆိုတဲ့ စိတ်နဲ့ပေါ့။
ကျွန်တော့်လက်ထဲက ဆေးလိပ်ကို တယောက်ယောက် ယူလိုက်တယ်။ ကျွန်တော်သိတာပေါ့ ဒီလိုယူတတ်တာ သူတယောက်ပဲရှိတယ်။ ခွေးခြေခုံကို ဆွဲလိုက်တဲ့အသံ။ စက်ဘီးသော့ကို ခုံပေါ်တင်လိုက်တဲ့အသံ ပြီးတော့ သက်ပြင်းချသံ။ အဲ့ဒီ အသံတွေရဲ့လားရာဆီကို မကြည့်ဘဲ သီချင်းသံထဲကိုပဲ အာရုံစိုက်နေလိုက်တယ်။
“ မောင့်မျက်ရည်ဝိုင်း မောင့်မျက်ရည်ဝိုင်း တွေးမိလေတိုင်း ငိုချင်တယ် ... ထွန်းမင်းလတ် ... ငါနဲ့ ဘာလို့ ရုပ်ရှင်လိုက်မကြည့်တာလဲ ”
“ မင်းတို့ အေးဆေးကြည့်ရတာပေါ့ ”
“ မအေးဆေးဘူး ဟိတ်ကောင်ရေ ... ငါတယောက်တည်း ကြည့်လိုက်ရတယ် ”
“ ဘာဖြစ်ပြန်တာလဲ ”
သူပြန်မဖြေတော့မှ ဘာလို့လဲဆိုပြီး ကြည့်လိုက်မိတာ။ သူက အေးအေးဆေးဆေးပါပဲ။ ကျွန်တော့လက်ထဲက ယူလိုက်တဲ့ ဆေးလိပ်ကို တချက်ရှိုက်လိုက်ပြီးမှ
“ မသိပါဘူးကွာ ”
ဘာကို မသိမှန်းမသိပေမယ့် သူမသိတဲ့ကိစ္စကို ကျွန်တော်လည်း မသိချင်ပါဘူး။ ဘာမှဆက်မပြောဖြစ်ဘဲ သီချင်းကိုပဲ ဆက်နားထောင်ဖြစ်တယ်။ သူလည်း ကျွန်တော့်လိုပဲ ထင်ပါရဲ့။
“ အစ်ကိုက ဒီသီချင်းကို ကြိုက်တာလား ”
“ မကြိုက်ဘူး ” “ အေး ကြိုက်တယ် ”
“ ... ”
စားပွဲထိုးလေးရဲ့ အမေးကို ပြိုင်တူ ဖြေလိုက်ကြပေမယ့် ကျွန်တော်က မကြိုက်ဘူးလို့ဖြေလိုက်တာပါ။ ခင်မောင်ဦးက ဒီသီချင်းကို အမြဲညည်းနေကျဆိုတော့ သူကြိုက်တယ်ဆိုတာ သေချာပါတယ်။
စားပွဲထိုးလေးက လက်ဖက်ရည်တခွက်ကို ခင်မောင်ဦး ရှေ့မှာချလိုက်ပြီး ခေါင်းကုတ်ရင်း ဆိုင်အနောက်ဘက်ကို ပြန်ထွက်သွားတယ်။
“ ထွန်းမင်းလတ် ”
“ အင်း ”
“ ညနေ ဆိုင်ကိုလာခဲ့ဦး ... နီကိုရဲ အသစ်ထွက်တယ် ”
“ သောက်ဖို့ အကြောင်းဖန်လာပြန်ပြီမဟုတ်လား ”
“ အေးပါ တင်ထွန်းရာ ”
“ ငါ-ိုးမ စန်းလွင် ”
အဖေနံမည်တွေ ကိုယ်စီတပ်ဆဲရင်း ရယ်လိုက်ကြသေးတယ်။ နာကျင်မှု ဒီဂရီလျော့သွားသလို ခံစားရတယ်။ တကယ်တော့ အဲ့ဒါကြောက်ဖို့ကောင်းတယ်။ လွတ်မြောက်ဖို့အတွက် အနှောက်အယှက်ပဲ။ အမြင့်ဆုံးနာကျင်မှုကို ရောက်ကိုရောက်မှဖြစ်မှာ။
“ ××× မင်းနံမည်ကိုပြောရင် ငါ့နံမည်လည်းပြောမယ် Nitric နေရာက ဒီကောင် ဇေယျာသော် ××× ”
လက်ဖက်ရည်ဆိုင်က သီချင်းတောင် နောက်တပုဒ်ပြောင်းလိုက်ပြီပဲ။ အခုတလော ခေတ်စားနေတဲ့သီချင်း။ အသစ်တခု။ ကျွန်တော် ကြိုက်ကောင်းကြိုက်ဖြစ်မယ့် ဂီတပုံစံတမျိုးပါပဲ။ ခင်မောင်ဦးကတော့ မျက်စိမှိတ်ရင်း သီချင်းအသစ်ရဲ့ စည်းချက်အတိုင်း သူ့ခြေမလေးကပါ လှုပ်နေတယ်။
သူ့လက်ထဲက ကုန်ခါနီး စီးကရက်ကို ကျွန်တော် ယူရှိုက်လိုက်ပြီး အစီခံနားထိသွားတော့မှ လက်ထဲမှာတင် ဖိချေပစ်လိုက်တယ်။
---
ရေချိုးဖို့ အင်္ကျီချွတ်လိုက်တော့ အိတ်ကပ်ထဲက တခုခုကို စမ်းမိတယ်။ စီးကရက်အစီခံလေး။ စားပွဲအောက်က ဖန်ပုလင်းထဲ ပစ်ထည့်လိုက်တယ်။ ကတ်စက်ကိုဖွင့်လိုက်တော့ ရေဒီယိုမုဒ်ဘက်ရောက်နေတာကြောင့် သတင်းကြေညာသံတခုထွက်လာတယ်။
“ ××× အတွက် လိုအပ်သည်များကို မှာကြားပြီး ပြန်လည်ထွက်ခွာ ××× ...”
ရေဒီယိုမုဒ်ခလုတ်ကို တိတ်မုဒ်ဘက် ချက်ချင်းရွှေ့လိုက်ပြီး ပလေး ခလုတ်ကို နှိပ်လိုက်တယ်။
“ ××× ရယူပြီး ပြန်ပေးလိုက်ရတာရယ် မရထိုက်လို့ ကိုယ်ယူဆပါ့မယ် ××× ”
သီချင်းတပုဒ်ကို ရိုးသွားဖို့ ဘယ်နှခေါက်နားထောင်ရမလဲ။ ပုခုံးပေါ် ရေလဲလုံချည် တထည်တင်ပြီး အိမ်ခေါင်းရင်းဘက်က ရေတုံကင်ဆီ ဆင်းလာခဲ့တယ်။ အိမ်ဘက်က ဖွင့်ခဲ့တဲ့ သီချင်းအသံသဲ့သဲ့ကို ကြားရတာလည်း တဆစ်ဆစ်နာကျင်ဖို့အထိ လုံလောက်ပါရဲ့။ နေသာထိုင်သာရှိလိုက်တာ။
---
လမ်းထိပ်က ခင်မောင်ဦးရဲ့ ဇီဇဝါစာအုပ်အငှားဆိုင်ကို ရောက်တော့ ည ၈နာရီ ကျော်ပြီ။ ဆိုင်ထဲမှာ လူငယ်တချို့ ရှိတယ်။ စာအုပ် ငှား/အပ် စာရင်းတွေကို လုပ်နေတဲ့ ခင်မောင်ဦးရဲ့ ခြေမကို ကျွန်တော် စိုက်ကြည့်မိနေတာကြာပြီ။ သူတော့ သတိမထားမိလောက်ဘူး။ သေချာတယ် သတိမထားမိဘူး။ သူ့အလုပ်နဲ့သူရှုပ်နေတာ။ သူတခုခုကို အာရုံစိုက်နေရင် ခြေမနဲ့ ခြေညှိုးကို ပွတ်နေတတ်တယ်။ ဒီကောင်က အလုပ်မှမဟုတ်ဘူး အကုန်ရှုပ်တာ။ သူ့ကိုမြင်နေရရင် ကိုယ့်ရဲ့စိတ်တွေပါ တခုနဲ့တခု ရောယှက်ကုန်တယ်လို့ ခံစားရတယ်။ သူ့ခြေမဆီက အကြည့်ကိုခွာလိုက်ပြီး စာအုပ်တချို့ကို လှန်လှောကြည့်နေလိုက်တယ်။
“ ထွန်းမင်းလတ် ... ဘာလို့စောစောမလာတာလဲ ”
“ မင်းဆိုင်ပိတ်ခါနီးကို တမင်လာတာ ”
“ ကိုးနာရီမှ ပိတ်တာ ... မပိတ်တော့ ဘာဖြစ်လို့လဲ ”
“ ... ”
“ တံခါးတချပ် ဖွင့်ထားမယ် ... အကုန်ပိတ်ရင် လှောင်နေမှာ ”
ဆိုင်ထဲမှာ လူမရှိတော့ဘူး။ ဆိုင်ရှေ့အဝင်ကို နံပါတ်စဉ်တွေ တပ်ထားတဲ့ သစ်သားပြားတွေနဲ့ ခင်မောင်ဦး လိုက်ပိတ်နေတယ်။ နောက်ဆုံးတပြားကို မပိတ်ဘဲ ချန်ထားတယ်။ လက်က နာရီကိုကြည့်လိုက်တော့ 08:32 PM။
“ ဒီနေ့ လူနည်းတယ်နော် ”
“ အေး ကျောင်းဖွင့်ရက်လေ ခွက်တောင် အဆင်သင့်လုပ်ပြီးပြီ ”
“ ဘာလဲ ”
“ စကားဆက်သွားတာဟ သောက်ဖို့ ခွက်တွေ ခုံပေါ်ရောက်နေပြီဆရာရဲ့ ”
ကျွန်တော် စားပွဲအောက်က ရမ်ပုလင်းကို ယူပြီး ခွက်နှစ်ခွက်ထဲ အညီအမျှ ခွဲထည့်လိုက်တယ်။ သူက ရေဗူးကိုဖွင့်ပြီး ရေနည်းနည်းစီရောလိုက်တယ်။
“ ချီးယား ... စာကလေးခွေပဲရှိတယ် ”
“ ထားပါ ”
ပူရှခါးသက်နေတဲ့ ရမ်အရသာက ရင်ထဲထိ ပူဆင်းသွားသလိုပဲ။ ခင်မောင်ဦး မျက်နှာတချက်မဲ့သွားတယ်။ စားပွဲ အံဆွဲထဲက စာအုပ်တအုပ်ထုတ်လိုက်ပြီး ကျွန်တော့်ရှေ့ချလိုက်တယ်။
“ ဇာတ်မသိမ်းသေးဘူး မဟုတ်လား ”
“ အင်း ... ဘယ်လို သိတာလဲ ”
“ မင်းရဲ့ မင်းမြတ်က ဖွင့်မှမပြောတာ ”
“ ... ”
“ ဘာလို့လဲ ... sad ending ဖြစ်အောင် တမင်ရေးထားတာလား ”
ကျွန်တော့်ရဲ့ နာကျင်မှု ဒီဂရီ နည်းနည်းတိုးသွားတယ်။ ရုတ်ချည်းဆိုတော့ ဆစ်ကနဲပဲ။ ခင်မောင်ဦးရဲ့ မျက်နှာကို ကြည့်လိုက်မိတယ်။ သူ့မျက်လုံးတွေကို သေချာကြည့်မိတာပါ။
“ ဖွင့်ပြောရင်ရော ပျော်ဖို့ကောင်းမယ်လို့ ... မင်းထင်လား ”
“ အေး ... ငြင်းတော့လည်း နောက်တယောက်ရှာဖို့ အချိန်ရတာပေါ့ ”
“ အေးပေါ့ကွာ ”
သူရယ်တယ်။ ပြီးတော့ ဆက်သောက်တယ်။
“ ထွန်းမင်းလတ် ... စီးကရက်ပါလား ”
ကျွန်တော် အိတ်ကပ်ထဲ စမ်းကြည့်တော့ ဗီးဂတ်တလိပ် ထွက်လာတယ်။ ဒါပေမယ့် သုံးပိုင်းလောက် ကျိုးနေပြီ။ အမှိုက်ပုံးထဲ ပစ်ထည့်လိုက်တယ်။ ခင်မောင်ဦး သူ့စားပွဲပေါ်က စာအုပ်တအုပ်ကို လှန်လိုက်တယ်။ ကျောက်ဆူး ဆေးပေါ့လိပ် တလိပ်ထွက်လာတယ်။ ကျွန်တော့်ကို ပြုံးပြပြီး
“ အဆင်ပြေသလိုပေါ့ ”
ကျွန်တော် အိတ်ကပ်ထဲက မီးခြစ်ကို ထုတ်ပေးလိုက်တယ်။ သူမီးညှိပြီး တချက်ဖွာလိုက်ရင်း
“ တကယ့် အဖြစ်အပျက်လား ”
သူ့စကားက အဆက်အစပ်မရှိပေမယ့် ကျွန်တော်ရေးထားတဲ့ဝတ္ထုကို ရည်ညွှန်းမှန်း သိတယ်။
“ ဟုတ်မှာပေါ့ ”
ကျွန်တော် ဒီလိုပဲဖြေချင်တယ်။ ဒီအဖြေဟာ အသင့်တော်ဆုံးပဲ။ သူတချက်ရယ်လိုက်တယ်။ ပြုံးရုံသာသာပါ။ ခုနက နာကျင်နေတဲ့ ဒီဂရီအဆင့်ကနေ ရုတ်ချည်းကျဆင်းသွားသလိုပဲ။ မောဟိုက်သလို ဟာတာတာခံစားမှုတခု အစားထိုးဝင်လာတယ်။ ခွက်ထဲက လက်ကျန်ကို အကုန်မော့လိုက်ပြီး စာကလေးခွေအပိုင်းတခု ကောက်ဝါးလိုက်တယ်။
“ မင်းတို့ အဆင်ပြေကြလား ”
သူ ပြန်မဖြေဘူး။ ရမ်တငုံသောက်ပြီး ဆိုင်အပြင်ဘက်ကို ငေးနေတယ်။ ပြီးမှ ခွက်ထဲက လက်ကျန်ကို အကုန်မော့လိုက်ပြီး နှစ်ခွက်လုံးထဲကို ရမ်ထပ်ဖြည့်တယ်။ ရေရောတယ်။ သူ ဆေးလိပ်ဖွာမယ်လုပ်တော့ မီးကသေနေပြီ။ ခုံပေါ်ကမီးခြစ်ကို ကောက်ယူပြီး ဆေးလိပ်ကိုမီးညှိတယ်။ တချက်ဖွာလိုက်ပြီးမှ မီးခြစ်ကို ကြည့်ရင်း
“ ငါပေးတဲ့ မွေးနေ့လက်ဆောင် ”
“ ဆေးလိပ်က သောက်နေကျဆိုတော့ ဆောင်ထားဖြစ်တယ် ”
“ ပြန်ဖြည့်ဖို့လွယ်လား ”
“ အင်း ”
ကျွန်တော်တို့ ပြောစရာ စကားကုန်သွားတာလား၊ အတွေးကိုယ်စီနဲ့မို့လား မသိဘူး၊ စကားဝိုင်းက ခဏတိတ်သွားတယ်။ ဆက်သောက်နေလိုက်တယ်။ ခင်မောင်ဦးက ခြေမနဲ့ခြေညှိုးကိုယှက်ပြီးကွေးထားတယ်။ ဒါသူ့စိတ်ကျဉ်းကျပ်နေတဲ့ သဘော။ သူ့ခြေမကပြောတဲ့ ဘာသာစကားကို ကျွန်တော် နားလည်တယ်။ သူ ဖွာလက်စ ဆေးပေါ့လိပ်ကို ကျွန်တော့်ဆီ ကမ်းပေးတယ်။
“ အဆင်ပြေချင်ရင်တောင် မလွယ်လောက်ဘူး ”
“ ဟမ် ”
သူဘာကို ဆိုလိုတာမှန်းရုတ်တရက် နားမလည်လိုက်ဘူး။ ပြီးမှ ကျွန်တော်ခုနက မေးလိုက်တဲ့ ‘မင်းတို့အဆင်ပြေကြလား’ ဆိုတဲ့မေးခွန်းကို ဖြေမှန်းသိတာ။
အဲ့တော့မှ “ အော် ... ” ဆိုပြီး နားလည်ကြောင်း ပြလိုက်ရတယ်။
သူ့သွားနဲ့ကိုက်ထားလို့ ချိုင့်နေတဲ့ ဆေးပေါ့လိပ်ရဲ့ အစီခံနေရာလေးဆီမှာ ကျွန်တော့်ရဲ့ အာရုံက ကပ်နေပြန်တယ်။ အာရုံရဲ့ ခိုင်းစေမှုကြောင့်ထင်ရဲ့ အဲ့ဒီနေရာလေးကို လက်သည်းနဲ့ခြစ်မိနေပြန်ရော။ တခါတလေ တွေးမိတယ် ငါဘာတွေတွေးနေတာပါလိမ့်လို့။
ကျွန်တော် ဆေးပေါ့လိပ်ကို ဖွာလိုက်တယ်။ နောက်ထပ် ထပ်ဖွာတယ်။ ဆိုင်ကျဉ်းကျဉ်းလေးထဲ မီးခိုးတွေနဲ့ ခေတ္တမှိုင်းသွားတဲ့ အထိပဲ။
ကျွန်တော်တို့ စကားဆက်မပြောဖြစ်ဘဲ ထပ်သောက်ဖြစ်ကြတယ်။ ကျွန်တော်လည်း မေးခွန်းထပ်မမေးဖြစ်ဘူး။ စကားဝိုင်းတခု လည်ပတ်ဖို့ မေးခွန်းတွေချည်းပဲနဲ့လည်း အလုပ်မဖြစ်ဘူးလေ။
ဆိုင်အဝင် သစ်သားတချပ် ဟ ထားတဲ့ နေရာကနေ ကလေး တယောက် ဆိုင်ထဲကိုဝင်လာတယ်။ သူ့လက်ထဲမှာ ဝတ္ထုစာအုပ်တအုပ်။
“ မသီရိက ပေးခိုင်းလိုက်တာ ” လို့ပြောပြီး စာအုပ်ကို ခင်မောင်ဦးဆီကို ပေးလိုက်တယ်။
“ အေး စိုးစိုး ... စာကလေးခွေ စားမလား ”
“ ဟင့်အင်း ... သား တွတ်ပီ တအုပ်ယူသွားမယ် ”
“ အေး ... အေး ”
စိုးစိုးဆိုတဲ့ ရှစ်နှစ်အရွယ် ကောင်လေးက ကာတွန်းစာအုပ်တွေ စီထားတဲ့ အကန့်ထဲက တွတ်ပီ စာအုပ်တအုပ်ကို ယူလိုက်ပြီး
“ ကိုကြီး ဒီတအုပ်နော် ”
“ အေး ”
ကောင်လေး ဆိုင်ပြင်ကို ရောက်တော့မှ ခုနက သူပေးသွားတဲ့ ဝတ္ထုစာအုပ်ကို ကျွန်တော်ကြည့်လိုက်မိတယ်။ ပုညခင် တဲ့။ ဝတ္ထုနံမည်တော့ သေချာမမြင်မိဘူး။ ခင်မောင်ဦးက အဲ့ဒီ စာအုပ်ကြားထဲက စာရွက်အခေါက်လေးကို ဆွဲထုတ်လိုက်တယ်။ စာအုပ်ကို ကျွန်တော့်ဆီ လှမ်းပေးရင်း
“ ရော့ ... ဒါစာရေးဆရာမအသစ် ဖတ်ဖူးလား ”
ကျွန်တော် ခေါင်းခါလိုက်တယ်။
“ မဖတ်သေးပါဘူးကွာ ”
“ ဒါရော ”
သူ့လက်ထဲက စာရွက်ခေါက်လေးကို ထောင်ပြတယ်။ ကျွန်တော် ရယ်လိုက်တယ်။ နာကျင်မှုက သိသိသာသာ ပိုလာပြန်ပြီ။ လက်ထဲက ဆေးပေါ့လိပ်ကို သူ့ဆီလှမ်းပေးလိုက်တယ်။ သူ တဖွာ နှစ်ဖွာလောက်ဖွာပြီးမှ စာကိုဖွင့်ဖတ်တယ်။ သူ့ခြေမနဲ့ခြေညှိုးကို ခပ်သွက်သွက်လေးပွတ်နေတယ် ပြီးတော့ ရုတ်တရက် ရပ်သွားတယ်။ ကုန်နေတဲ့ အရက်ခွက်ကို ကောက်မော့တယ်။ ပြန်ချတယ်။ အရက်ထပ်ဖြည့်တယ်။ ကျွန်တော့ခွက်ထဲမှာ လက်ကျန်ရှိသေးပေမယ့် သူထပ်ဖြည့်တယ်။ ဒီကောင်စိတ်တွေလှုပ်နေတာ။ သေချာတာပေါ့။ ရေရောတော့ နည်းနည်းတောင် လျှံသွားသေးတယ်။ တခွက်လုံးကို တခါတည်းမော့ချတယ်။ ပြီးတော့ ဆိုင်အပြင်ဘက်ကို ငေးတယ်။ ပြီးတော့ ကျွန်တော့်ကိုကြည့်ပြီး ပြုံးတယ်။ အချိန်တိုတိုလေးအတွင်းမှာ ဆက်တိုက်လုပ်ဖြစ်သွားတဲ့ သူ့အမူအရာတွေကို သူကိုယ်တိုင်တောင် သတိထားမိမှာမဟုတ်ဘူး။ ခဏ ငြိမ်နေပြီးမှ စာရွက်ကို လုံးခြေပြီး အမှိုက်ပုံးထဲ ပစ်ထည့်လိုက်တယ်။ ဆေးလိပ်ကို ကုန်ခါနီးအထိဖွာပြီးမှ ကျွန်တော့်ဆီကမ်းတယ်။ ကျွန်တော် ထပ်မဖွာဖြစ်ဘဲ ခုံအစွန်းလေးမှာ တင်ထားလိုက်ပြီး အရက်ကိုပဲ ကုန်အောင်သောက်လိုက်တယ်။
ဆိုင်တံခါးကျဉ်းကျဉ်းလေးရဲ့ အပြင်ဘက်ကို သူငေးနေပြန်ပြီ။
ကျွန်တော် ရှာနေတဲ့ နာကျင်မှုက ရုတ်တရက် ကျပျောက်သွားသလိုပဲ။ အစကို ရှာမရတော့တာ။ အမြင့်ဆုံး နာကျင်မှုအထိ ရောက်ဖို့ဆိုတာ မဖြစ်နိုင်သေးဘူးပဲ။
ကျွန်တော်ကတော့ ဆေးပေါ့လိပ်ကိုပဲ မီးသေတဲ့အထိ ငေးနေမိတယ်။
---
ခပ်ထွေထွေ ဦးနှောက်ထဲက အတွေးတွေကလည်း ရီတီရောတော။ ညက ညနဲ့တူလိုက်တာ။ ပိုးဖလံတကောင် နီးကျင်ကျင်မီးသီးကို ထပ်ခါ ထပ်ခါ ဝင်တိုးနေတယ်။ နီကျင်ကျင်မီးသီးအစား မီးတောက်တခုသာဆို သူ့ဆန္ဒပြည့်ဝသွားမယ်ထင်ပါရဲ့။
“ ××× ရယူပြီး ပြန်ပေးလိုက်ရတာရယ် မရထိုက်လို့ ကိုယ်ယူဆပါ့မယ် ××× ”
ကျွန်တော့် စာကြည့်စားပွဲအောက်က ဖန်ပုလင်းလေးကိုယူပြီး ဖွင့်လိုက်တယ်။ အိတ်ကပ်ထဲက ဆေးပေါ့လိပ် အစီခံအပိုင်းလေးကို အဲ့ဒီပုလင်းထဲထည့်လိုက်တယ်။ ပုလင်း ပြည့်လုပြည့်ခင်အထိ အဖြူရောင်အစီခံတွေထဲကမှ ဒီတခုက ထင်းထင်လေး။
ကျွန်တော် ပြုံးလိုက်မိတယ်။ ကိုယ့်အပြုံးကို ကိုယ်သတိထားမိတဲ့ အထိ ပြုံးလိုက်မိတယ်။
- ဒီဟော်နသံ -
Keep Reading