တင်ညွန့်
အို … အသင်လောက … ထူးဆန်းလှချည့်
1. လောကထဲလာ လက်ဗလာ၊ နေရခိုက်မှာ လောဘနဲ့လိုက်တိုက်ခိုက်၊ ထွက်သွားတော့လည်း ဘာမျှ မယူသွားနိုင်ပါလား။
2. လိုချင်တာကို ရအောင်လုပ်ကြ၊ လိုက်ပြီးတော့လည်း ပြိုင်ဆိုင်ကြနဲ့ နောက်ဆုံးတော့လည်း ကိုယ့်မှာ ဘာမျှ မရှိတာ မသိကြပါလား။
3. စိတ်ကူးနောက်ကို တကောက်ကောက်လိုက်၊ တစ်နေ့ရွှေ၊ တစ်နေ့ငွေ မျှော်လင့်ချက်တွေနဲ့ နောက်ဆုံးမှာသေ၊ ကိုယ်လျှောက်ခဲ့တဲ့လမ်းကို တန်ဖိုးထားရကောင်းမှန်း မသိခဲ့ပါလား။
4. မနက်ဖြန်အတွက်တွေးပူ ဗလောင်ဆူနေပြီး ဒီနေ့အတွက် အကောင်းဆုံးဘယ်လို နေထိုင်ရမယ်မှန်း မသိ၊ သတိတွေ မရှိကြပါလား။
5. သူများအကြောင်း မကောင်းပြောဖို့အပြစ်ရှာရင်းနဲ့ ကိုယ့်တန်ဖိုးကိုယ်မေ့ကာ သတိလက်လွတ်နေကြ ပါလား။
6. ပျော်ရွှင်မှုဆိုတာ အပြင်မှာထွက်ရှာရင်း၊ ကိုယ့်ကိုယ်တွင်းမှာ ပျော်ရွှင်စရာရှိနေတာတွေကို သတိမေ့ နေကြပါလား။
7. ပြောင်းလဲမှာကိုကြောက်၊ အစဉ်အလာကို ခင်တွယ်ကိုင်စွဲ၊ မသိမှုနယ်ထဲ မဝင်ရဲမထွက်ရဲနဲ့ ခေတ်တွေ နောက်ကျ၊ ခေတ်နောက်ကိုပြန်၊ ခေတ်မှန်မသိစွာ လူဖြစ်နေကြပါလား။
8. ပျော်ရွှင်မှုကိုလိုက်ရှာ၊ အပျော်ရှာသူအချင်းချင်း တိုးမိ တိုက်မိ၊ အပျော်ဆိုတာ တကယ်မရှိတာကိုလည်း မသိသူတွေ ဖြစ်နေပါပေါ့လား။
9. ကျေးဇူးတင်ထိုက်သူကို ကျေးဇူးတင်ရမှန်းမသိ၊ ကျေးဇူးကို မူးလို့တောင် ရှူစရာမရှိသူကို ကျေးဇူးရှင်လို့ထင်၊ အသိပညာခေါင်းပါး၊ ကိုယ့်ကိုယ်ကိုယ် ဘာမှန်းညာမှန်း မသိသူတွေ များလှပါလား။
10. အောင်မြင်မှုနောက်ကို လိုက်ရင်း လိုက်ရင်းနဲ့ စိတ်ရဲ့ ငြိမ်းချမ်းမှုကို ရှာရမှန်းမသိသူတွေ ဖြစ်နေကြ ပါလား။
11. သူဘယ်လိုတိုက်ခိုက်ရုန်းကန်ပြီး သူ့ဘဝကို ဘယ်လိုတည်ဆောက်ထူထောင်ခဲ့ရတယ်ဆိုတာ ကောင်းကောင်း မသိဘဲ သူ့ကို ဆုံးဖြတ် ကိုယ်ထင်သလို သုံးသပ်နေကြပါလား။
12. ကလေးတွေကို အောင်မြင်စေချင်လို့ အတင်းတွန်းတင်၊ ကိုယ်မဖြစ်ခဲ့တာတွေ သူတို့ကို မဖြစ်ဖြစ်အောင် လုပ်ခိုင်း၊ ငါ့သား ငါ့သမီးတွေကို ကလေးဆိုတာ မေ့နေကြပါလား။
13. သူများဆီက အချစ်ကိုရဖို့ အပင်ပန်းခံလိုက်ရှာ၊ ကိုယ့်ကိုယ်ကိုယ် ချစ်ဖို့ဆိုတာ မေ့နေတဲ့သူတွေပါလား။
14. တစ်နေ့နေ့တော့ ဖြစ်လာမှာပါလို့ထင်ကာ အဲဒီနေ့ကို ရှာရင်းနဲ့ အဲဒီနေ့ဟာ ဒီနေ့ဆိုတာ မေ့နေ ကြပါလား။
15. ကျရှုံးမှာကိုကြောက်လွန်းလို့ အောင်မြင်အောင်လုပ်ရင်းနဲ့ အောင်မြင်မှုဆိုတာ အရှုံးကနေ သင်ခန်းစာ ယူရတာမျိုးဆိုတာ မေ့နေကြပါလား။
16. ငွေဆိုတာ ပြဿနာတိုင်းကို ဖြေရှင်းပေးနိုင်လိမ့်မယ်လို့ထင်နေကြတာ။ ငွေရှိအောင်ရှာရင်းက အဲဒီ ရှိလာတဲ့ငွေက ကိုယ့်ကို ပြဿနာအသစ်တွေ ဖန်တီးပြီးရင်း ဖန်တီးပေးနေတယ်ဆိုတာ မေ့နေကြ ပါလား။
17. အရာရာကို ထိန်းချုပ်နိုင်လိမ့်မယ်လို့ ထင်နေကြတာ တစ်ခါတစ်ရံမှာ လွှတ်ပေးလိုက်တာက ပိုကောင်းတယ် ဆိုတာ မသိကြပါလား။
18. ကိုယ့်အိမ်ရှေ့ကမြက်ခင်းကို အခြားအိမ်ရှေ့ကမြက်ခင်းထက် ပိုစိမ်းတယ်လို့ထင်နေကြ အဲဒါသဘာဝ။ အမှန်တော့ အတူတူပဲဆိုတာ မသိကြပါလား။
19. အဖြေတစ်ခုခုရဖို့ သူများကိုအားကိုး သူများဆီမှာရှာ၊ အမှန်တော့ ကိုယ်ရှာနေတဲ့အဖြေဆိုတာ ကိုယ့်ဆီမှာ ရှိနေတာ မသိကြပါလား။
20. အနာဂတ်အတွက် ဘာတွေလုပ်မယ်ဆိုကာ စီမံချက်တွေ အမျိုးမျိုးချနေကြ၊ မျက်မှောက်ဘဝမှာ ဘယ်လိုနေထိုင်ရမယ်ဆိုတာ မေ့နေကြပါလား။
21. ရုပ်ဝတ္ထုပစ္စည်းတွေကိုတန်ဖိုးထားကိုးကွယ်နေကြရင်းက လူ့တန်ဖိုးတွေကို တန်ဖိုးထားလေးစားဖို့ ပျောက် ကွယ်နေပါပေါ့လား။
22. ရှေ့ရေးကိုကြိုတွေး အလုပ်တွေကြိုးစား၊ ငါတို့သွားနေတဲ့ခရီးကို ပျော်ပျော်ရွှင်ရွှင်ချစ်ချစ်ခင်ခင် သွားရမယ်ဆိုတာ မေ့နေကြပါလား။
23. မှားမှာကြောက်လို့ မလုပ်ရဲ မကိုင်ရဲ မပြောရဲနဲ့ သူများအားကိုးကာ ကြီးပြင်းနေရမှန်း မသိကြသေး ပါလား။
24. ကိုယ့်ကိုအကျိုးမပြုနိုင်တာတွေကိုဆုပ်ကိုင်ထား၊ ရင်ဝကို ကန်မှ နာလှချည်ရဲ့လို့ အော်နေကြတဲ့ ဘဝတွေပါလား။
25. ဖြတ်လမ်းကိုရှာ ပန်းတိုင်ကိုမရောက် လမ်းတွေပျောက်မှ၊ လမ်းရိုးအတိုင်းကိုလျှောက်ရင် ခုလောက်ဆို ရောက်နေပြီရယ်လို့ နောင်တတွေရနေကြပါလား။
26. ကြောက်စိတ်က ကိုယ်လုပ်ချင်တာတွေ မလုပ်မိအောင် ထိန်းချုပ်နိုင်စွမ်းရှိနေပါလား။
27. ပျော်ရွှင်မှုဆိုတာ ပျော်ပါးကခုန် ရွှင်မြူးနေမှလို့ ထင်ကြသူတွေက ပျော်ရွှင်မှုဆိုတာ ငြိမ်သက်စွာ ထိုင်လျက် ရှာနိုင်ရင်ရတယ်ဆိုတာ မသိကြပါလား။
28. လူတွေက ကိုယ့်ကို သူများကထောက်ခံဖို့ လိုက်ရှာနေကြ၊ ကိုယ့်ကိုယ်ကိုယ် ထောက်ခံမှရတယ်ဆိုတာ မေ့နေကြပါလား။
29. သဘာဝအတိုင်းနေထိုင်ဖို့ထက် ပကာသနတွေနဲ့အသက်ရှင်ဖို့ တွေးနေကြပါလား။
30. ငါဟာ တစ်ယောက်တည်းပါလားဆိုတာကိုမေ့ကာ သူတစ်ပါးအတွက် အသက်ရှင်ကာ မောပန်းနေ ကြပါလား။
(Life is Strange! Basil Mutelia ကို မြန်မာမှုပြုထားခြင်းဖြစ်ပါသည်)
တင်ညွန့်
၂၂.၄.၂၀၂၅
Keep Reading