Author's Profile Photo

Tawtawti

16/12/2024

အသဲကွဲယဥ်ကျေးမှု ( ကဗျာလုံးချင်း )

9 mins read
Poetry
Art

"အသဲကွဲယဥ်ကျေးမှု - ကဗျာ (21)ပုဒ် "

တော်တော်တည်

...........................................

( 1 )

" လိုတရ "

မင့်လက်ထဲကစာအုပ်လို
ချန်ထားရင်လည်းရ
ခံစားရင်လည်းလှ
တရေးနိုးထကြည့်လည်း
နှလုံးသားရဲ့စာမျက်နှာတိုင်းမှာ
ချစ်ခြင်းတရားနဲ့အကြင်နာဖွဲ့နွဲ့မှုတွေ
ကျောက်စာလိုရေးထိုးထားတာကိုပဲ
Tattoo သဖွယ် စွဲစွဲမြဲမြဲ တွေ့ရမှာရယ်

မင့်မျက်မှန်က ရရှိတဲ့
အကြည်ဓာတ်လေးပမာ
ကိုယ့်အတွက်
အကြည်ဓာတ်လေးရရှိဖို့လည်း
ထာဝစဥ်သာ အလင်းပြပေးပါ
ဘဒ္ဒကမ္ဘာကို
အသက်တမျှချစ်ရတဲ့ မင့်ကြောင့်သာ
အပြစ်မှမထင် လှလှပပမြင်လိုပါတယ်

မင့်အတွက်
အန္တရာယ်ဗိုင်းရပ်စ်အပေါင်းကဝေးအောင်
မင့်အသက်ရှုသံနဲ့
အနီးဆုံးစောင့်ရှောက်ပေးနေတဲ့
Mask ပမာ
ကိုယ့်ဘဝကိုလည်း ဖြစ်ချင်ရဲ့

ဆံနွယ်တွေကိုနမ်းရှိုက်တဲ့
လေပြေကိုတောင်
ဝန်တိုမိတာကတော့
မင့်အလှတရားကိုတန်ဖိုးထားမိလို့ပေါ့

မင့်သွားလိုရာတကောက်ကောက်ပါတဲ့
ပုခုံးထက်က အိတ်လေးလိုဖြစ်ဖို့
သွားလေရာ ခေါ်ယူပါကွယ်
လိုအပ်လို့ထုတ်ယူလိုက်တိုင်း
ရင်ဘတ်ထဲက ဣစ္ဆာသယ ရစေမယ်။

............................................

( 2 )

"အသက်မြို့ရိုးနဲ့
စောင့်ရှောက်ထားချင်တဲ့ ရမ္မက်ဧကရီ "

ဘယ်လောက်အထိချစ်သလဲဆိုရင်
သင်္ကြန်ကို မြို့ခံလူတွေ
တန်ဖိုးထားသမျှပေါ့
ဘယ်အချိန်အထိချစ်မှာလဲဆိုရင်
နာရီစင်ကြီးရှိနေသေးသရွေ့ကွယ်

တောင်ပေါ်က လှေကားထစ်တွေလို
ဘဝက အနိမ့်အမြင့်
အတက်အဆင်းရှိပေမယ့်
မန်းနွေမှာလည်း ပန်းတွေဝေမယ်

မင့်အတွက်မို့
အကြင်နာတွေက စျေးချိုတယ်
ကိုယ့်နှလုံးသားရပ်ဝန်း ထွက်ကုန်အဖြစ်
ထိုးမုန့်လို မင့်စားသုံးဖို့သာ ပေးအပ်ချင်ရဲ့
ထပ်တူထပ်မျှကော
ဖြစ်စေလိုတဲ့ဆန္ဒနဲ့ရယ်

မင့်ရပ်တည်တဲ့ရှင်သန်မှုက
အနုပညာရေခံမြေခံနဲ့
ယဥ်ကျေးမှုမြို့တော်ဖြစ်တော့
ဇာတိမြို့သူ မင့်ဆီမှာကော
ချိုသာနူးညံ့တဲ့
ဆက်ဆံရေးတွေ ထွန်းကားတာများ
မထူးဆန်းတဲ့အရာ

နန်းဆန်တဲ့အလှအတွက်
ကိုယ့် ချစ်ခြင်းတရားက...
ဦးပိန်တံတားလို သက်တမ်းရှည်
ကျုံးရေလို
အေးမြခြင်းတို့ မခမ်းစတမ်းလေ

မဟာမြတ်မုနိရင်ပြင်က ခေါင်းလောင်းလို
မတီးရင်မမြည်မှာမို့
မပြောမပြီးမဖြစ်ရအောင်
ရင်ဖွင့်လိုက်ပါရဲ့
ကံကြမ္မာကူရင်
မန္တလာသူနဲ့ သံသရာအတူတူ
နေချင်ပါတယ်ကွယ်။

............................................

( 3 )

" အပျော် "

ကိုယ်မရှိလည်း ပျော်နေလျက်ကို
ဘာလို့..ချစ်တယ်လို့
အပျော် ပြောသွားလဲ...။

ကိုယ် ပျော်ရဖူးတဲ့
မင့်ကတိနဲ့အမျှ
သတိရမိတဲ့အခါ
တကယ်ပြောခဲ့သလားပြန်မေးဖို့
ဘယ်မျက်ဝန်းကိုကြည့်ရမလဲ
ဘဝထဲ
အတူရင်ဆိုင်ရင်း
လက်တွေ့နူးညံ့ကြစတမ်းဆိုတော့
အချစ်မှာ...
အပျော်ဆိုတာရယ်
ငွေကုန်မခံနိုင်ရင် မရဘူးလား ။

ပျော်ပါတယ်
နေရောင်အောက်က
ရေခဲလို...။

အပျော်ရှာတာပါ ကိုကိုရယ် လား
ပျော်အောင်ထားချင်ပါတယ်
ဘဝဆိုတာ..
အပျော်သက်သက်ချည်းမရနိုင်တော့
အချစ်မှာလည်း
အပျော်သက်သက်ပဲ မရှိတာကို ကြုံရတယ်
အပျော်ထားခဲ့တာတော့မဟုတ်ဘူးကွယ်
ထားခဲ့ရတာကော..ပျော်ရဲ့လား..။

မင့်ရောကိုယ်ပါ
ပျော်တယ်

မင့်ပျော်ပုံက...
လိပ်နင်ဂျာက နံချပ်ကူကို
အားပါးတရ ဆော့ကစားရလို့
ပျော်ချင်သလိုပျော်တာ
ပြီးမှ
ခေါက်ထားလိုက်ရုံ အချိုးမျိုး

ကိုယ်ပျော်ပုံက...
မင့်ကျေနပ်သွားခြင်းမှာ
ပျော်ဝင်မိရင်း ပျော်တာ
တစ်စုံတရာ အန္တရာယ်များ
ကြုံလာရင်
မင့်ပြန်အသုံးချမလားဆိုတဲ့
ဖြည့်စည်းပေးလိုမှုမျိုးနဲ့ကောပေါ့...။

.............................................

( 4 )

" ထွက်ခွာရာ "

သတိရနေဦးမည်ထင်ပါသည်
ကြည်နူးခွင့်တော့ မရှိတော့ပါ

အရှုံးပေးပြီးသားဆက်ဆံရေးထဲမှာပဲ
ဆက်သွယ်မှု ကင်းမဲ့နေပါသည်
အရင်ကလို
အချစ်မခံရတော့သော်လည်း
အရစ်မခံရတော့ပါ
အပြစ်တင်ခြင်းကိုလည်း
တိုက်ရိုက်မခံရတော့ပါ

သည်းခံမိခြင်းနှင့်အတူ
သင်္ခန်းစာရဖူးပါပြီ
အစစ..ကျေးဇူးတင်ကြောင်း
ယုံကြည်စွာ သိစေလိုမှုသာ
ကျန်တော့သည်

ငေးကြည့်နေပါသည်
ပျော်နိုင်မည်ဟု မျှော်လင့်မိပါသည်

ရင်ထဲမှာ ရှိပါသည်
စကားမပြောဖြစ်ကြတော့ပါ
အမှန်တကယ်ပင် လွတ်လပ်နိုင်ပါစေ။

.............................................

(5)

" အိပ်မက်မက်တဲ့ည "

အတိတ်က
ကိုယ့်ရင်မှာပြန်နေရာယူလို့
လွမ်းမိပါတယ်ကွယ်
မနက်ခင်းအလင်းလို
မင့်ပြန်ရောက်လာရင် ကောင်းမှာပဲ

နာကျင်ခဲ့ပါတယ်
နာကျည်းမှုတော့မဲ့ပါရဲ့
နောင်ကြဥ်ခြင်းလည်း ကင်းနေတုန်းပေါ့

ဘယ်သူ့အတွက်မှ အသုံးမဝင်မယ့်
မျက်ရည်ကျမိပါစေ
ကိုယ့်တကိုယ်ရည်အတွက်တော့
အထီးကျန်မှုအတွက် အတ္တမဲ့အဖော်ပါကွယ်

အချစ်ကြောင့်
လိမ္မာဖို့ကလွယ်ပါတယ်
မိုက်ဖို့တော့ခက်တယ်

နတ်ပြည်က ရေစင်တစက်ကအစ
ငရဲပြည်က ဆီပူတစက်အဆုံး
မင့်ဖန်ဆင်းပေးသမျှဆိုရင်
နှလုံးသားနဲ့ခံယူ..ကြည်ဖြူပြီးသားလေ

မိုးကြိုးစက်ကွင်းထဲမှာ
သဲအိမ်လေးပဲဆောက်ခဲ့မိမိ
ဖြူဖြူစင်စင်နဲ့
မင့်ပျော်မလားလို့သာကွဲ့

ပုံရိပ်ယောင်မှန်းသိလည်း
အယုံစိတ်က
မင့်စကားတိုင်းကို သတိရမိနေဆဲရယ်။

.............................................

(6)

" မလွန်ဆန်သာနိုင်တဲ့အခါ..."

ဘယ်လိုပင်သတိရပါစေဦးတော့
နှုတ်ခမ်းကိုတင်းတင်းစေ့ထားလိုက်ရုံ
မခံနိုင်တဲ့အဆုံးမှာလည်း
တိုက်ဆိုင်တဲ့တေးတပုဒ်နဲ့ပဲ
သမုဒယကို အာသာဖြေလိုက်တာပေါ့

ဘယ်လိုပင် မျက်ရည်ဝိုင်းပါစေဦးတော့
ခေါင်းကို မတ်မတ်မော့ထားလိုက်ရုံ
မခံနိုင်တဲ့အဆုံးမှာလည်း
မပျက်သွားအောင် ထိန်းထားမိတာပါပဲ
အရင်လို ကြည်နူးချိန်က အပြုံးတွေကိုပေါ့

ဘယ်လိုပင် ဝေးရပါစေဦးတော့
ကိုယ့်စိတ်ထဲ စွဲစွဲမှတ် ယုံထားလိုက်ရုံ
မခံနိုင်တဲ့အဆုံးမှာလည်း
စာသားလေးတွေ ချရေးမိတာပါပဲ
မင့်ရင်ထဲမှာ အတိတ်ကို မေ့နိုင်မယ် မဟုတ်မှန်း
ကိုယ် သိနေမိသလိုပေါ့ ။

.............................................

( 7 )

" ဆွေးနွေး "

ဆွေးနွေးဘုရားမှာ
ဆွေးနွေးရင်
ချစ်သူတွေ ပြန်ပြေလည်သတဲ့
ပြေလည်ချင်ရင်
ပြေ(ပြည်)ကို အလည်သွားပါလား
ပြည်မှာ ဆွေးနွေးဘုရားရှိတယ်...လို့
ဆိုရဲ့ကွယ်...

ဒါပေမယ့်
တတူတူမြည်တဲ့ ရထားလေးနဲ့
အတူတူသွားဖို့ကကော
တူတူတန်တန် စကားပြန်မပြောတော့သူကို
ပြည်သွားမယ်... ကိုယ့်အချစ်ရေ...လိုက်ရဲလားလည်း
ကိုယ်...ဘယ်လို ပြောရပါ့မလဲ...

တူတံနဲ့စားရမယ့်
ဆီချက်ခေါက်ဆွဲမျိုးတောင်
ဝယ်ကျွေးဖို့
အလွယ်တွေးမရနိုင်တဲ့ အချိန်ထဲ
ဘုရားကို
ဗန်းမပြချင်ဘူးသာ...ထားပါတော့
ဆက်ချည်ချင်တဲ့
သံယောဇဥ်ကြိုးလေးကို
ဘန်းခံထားရလို့လေ

ဒီတော့လည်း...
တို့မှာ
ဆွေးနွေးရတာများ
ကိုယ်က..ရင်ခွင်ဗလာမဲ့နဲ့
ဆွေးလို့
သူကတော့ တပါးရင်ခွင်မှာ...
နွေး လို့

ရောက်နေတာများ..
အလည်တောင်မဟုတ်ပလေ
ပြည်တော့...ပြည်
ကိုယ်က ငရဲပြည်
သူက နတ်ပြည်။

..............................................

( 8 )

" သမုဒယဇာတ်လမ်း "

( ၁ )

မိုးကြောင့်
မြေဟာ အသွင်ပြောင်းရတယ်

ပန်းကြောင့်
လေဟာ ရနံ့ပြောင်းရတယ်

သူ့ကြောင့်
ကိုယ်ဟာ စေရာပြောင်းရတယ်။

( ၂ )

စမ်းချောင်းလေးမှာ ဝဲဂယက်ရှိမှန်း
မသိပါ
သတ်သူကအသံကျယ်သလောက်
သေသူကအသံမဲ့
တသွင်သွင်မာယာကြောင့်
ရေသောက်ဆင်းမိခဲ့တာရယ်။

(၃)

ဘဝဆိုတာ
လောက ဧည့်သည်မျှသာ
ဧည့်သည်တစ်ယောက်ရဲ့ရင်ထဲ
ဧည့်သည်တစ်ယောက်ဝင်ရောက်ခဲ့
လွမ်းရုံမှတပါး အခြားမရှိပါ။

(၄)

သူ့ကိုရဖူးတာနဲ့
ကိုယ့်ကိုယ်ကိုယ်
ပြန်မရတော့ဘူး
သူကရင့်ကျက်သူ
ကိုယ်က လွင့်ထွက်သူ။

( ၅ )

ဆောင်းမနက်ခင်းမှာ
နှင်းလို ဝင်ရောက်ခဲ့
ခက်ခဲခြင်းက
နေလိုတောက်လောင် လာချိန်မှာတော့
နှင်းပျောက်ချိန်မှာ နေလို့မသာယာပေမယ့်
နေလာနှင်းပျောက်ခဲ့ပါပြီ။

( ၆ )

လောကမှာ
မှတ်မိအောင်ထက်
အခက်ဆုံးအလုပ်က
မေ့ဖို့တဲ့
ချစ်လွယ်မုန်းလွယ် အပါအဝင်
သူ့အတွက် လွယ်တာကိုမှ
ကိုယ့်မှာ သတိရနေမိရဲ့။

( ၇ )

အကျင့်က
တရားသလား
မတရားသလား

တရားပဲကျင့်နိုင်ရင်
မင့်လည်း
ရည်းစားထားမှာမဟုတ်ဘူး
မတရားအနိုင်ကျင့်ချင်လို့သာ
ရည်းစားထားတာပဲ
ခွင့်လွှတ်မယ်နော် ။

( ၈ )

မရှိတော့ဘူးဆိုတော့
တကယ်ကော ရှိခဲ့လို့လား
တကယ်ဆိုရင်
မရှိတော့ဘူးဆိုတာ မရှိနိုင်ပါ

စစ်မှန်မှ တကယ်ဖြစ်မယ်မလား
အစစ်အမှန်ဆိုရင် အမြဲရှိနေရမှာပေါ့။

( ၉ )

အရေခွံဘယ်လိုလဲလဲ
မြွေကမြွေပါပဲ

လိုအပ်ချိန်မှာ
ဓားလိုရှိခဲ့ပေမယ့်
မလိုအပ်တော့ချိန်မှာ
အပ်လောက်တောင်
တန်ဖိုးထားရကောင်း မသိရင်လည်း
ရတယ်

စံပယ်မှန်ရင်
ရုံနဲ့မှမွှေးတာမဟုတ်ဘူးလေ။

(၁၀)

နိမ့်နိမ့်လေး သီးပွင့်ခဲ့တာမဟုတ်ဘူး
ရွယ်တဲ့လက်က
မင့်ဖြစ်နေလို့
ခူးဆွတ်ဖို့အတွက်
ဦးညွှတ်ပေးလိုက်တာ။

..............................................

( 9 )

" ဒဿဂီရိ "

ဦးနှောက်က ဆယ်ခုရှိပေမယ့်
တစ်ခုတည်းသော နှလုံးသားကို
ဦးစားပေးလိုက်မိတော့
သူ့ကမ္ဘာ ပျက်သွားရရှာပေါ့ကွယ်။

............................................

( 10 )

" ဘဝနဲ့အချစ် "

အခုလို အခက်အခဲတွေကြားမှာ
အသုတ်နှစ်ပွဲစားချင်တယ်
အသက်နှစ်ခုရချင်တယ်
ချစ်သူကတော့
တယောက်တည်းထားမှာပါပဲ

စကားလုံးအတု
ငြိမ်းချမ်းမှုအတုနဲ့
အစစ်ဆိုလို့
ဒုက္ခပဲရခဲ့တဲ့ ငယ်ဘဝကို
တခါမှ ပြန်မလွမ်းလိုပေမယ့်
ဖြစ်နိုင်ရင်
တခါမှမရဖူးတဲ့ အနမ်းကိုတော့
သူမဆီက ရဖူးချင်မိတာပါပဲ

ဘဝမှာ
အဆင်ပြေတာဆိုလို့
နည်းနည်းပါးပါး ကျန်းမာခဲ့ရုံလေးပဲ ရှိပါတယ်
အချစ်မှာ
အဆင်ပြေတာဆိုလို့
ကဗျာလေးတွေ ရခဲ့ရုံလေးပဲ ရှိပါတယ်

ကိုယ့်လမ်းမှာကိုယ်
တရက်မှ မရပ်တန့်ခဲ့ပါဘူး
အတွေ့ခက်ပေမဲ့
စက်ပျော်ရာ သူ့နန်းဆောင်မှာ
ကိုယ့်အငွေ့အသက်တွေ သင်းပါစေ

တနေ့မှာတော့
မာယာမဲ့ခဲ့သမျှ
သာယာတဲ့အချိန်လေး
ပိုင်ဆိုင်ခွင့် ရှိရင်လည်း ရှိလာဦးမှာပေါ့
အဲ့ဒီ့အခါ...
အတူတူ စိတ်ချမ်းသာချင်ရဲ့။

.............................................

( 11 )

" အသဲကွဲယဥ်ကျေးမှု "

ရှင်သန်ခြင်းမှာ
လေလွင့်ရင်တောင်
အောင်လံလိုပဲ
ဖြစ်ချင်မိတာပေါ့

အခုတော့...
သိုင်းကြိုးပြတ်စွန်ပမာ
ဦးတည်ချက်မဲ့နေရသယောင်ယောင်

ကိုယ့်အလင်းနဲ့ကိုယ်
လမ်းမြင်ဖို့
ပိုးစုန်းကြူးလောက်မျှ
ပျံသန်းခတ်ခွင့် ခက်ဆဲလေ

ပြက်ရယ်သံတ

အထီးကျန်ဥပေက္ခာ ပြုမထားသင့်ပါ သူငယ်ချင်းမေတ္တာဖြင့် ချစ်ခွင့်ပန်ခြင်းနေချင်တဲ့ ဘဝမွေး​နေ့လက်​ဆောင်ပျော်မောသူလက်တွေ့(action)"ရေသောက်ပြီး ရယ်ပါ"အို...လူ့ဘောင်လောက"နွေ"

Unlock to read this premium article with 10 points.