Author's Profile Photo

Aung Kyaw Soe

18/11/2024

တစ်ကိုယ်ရည် လွမ်းဆွတ်မှု

1 min read
Poetry


သေခြင်းနဲ့ရှင်ခြင်းကြား အလွှာပါးပါးလေးမှာ လမ်းလျှောက်နေတဲ့ လူတွေအဖို့ ဆုံးရှုံးစရာအနည်းအကျဉ်း ဒါမှမဟုတ် လုံးဝမရှိတဲ့ အခြေအနေဟာ ဘယ်လောက်ကျေနပ်ဖို့ကောင်းလိုက်လေမလဲ

ဆိုးရွားလှပါတယ်ဆိုတဲ့ အခြေအနေတွေကို ကိုယ်တိုင်မကြုံတွေ့ရသည့်တိုင် လက်တစ်ကမ်းအကွာက ကြားနေသိနေမြင်နေရတဲ့အခါ တွယ်တာစရာတွေ ပူပန်စရာတွေဆိုတာ ကိုယ့်ကို နှစ်ခါပြန်သေစေမှန်း တဖြည်းဖြည်း သိလာရတယ်

ဗုဒ္ဓမြတ်စွာဟောခဲ့သလို တစ်ကိုယ်တည်းနေရတဲ့ ကျေနပ်မှုက လောကမှာ အကောင်းဆုံးပဲပေါ့

ဒါပေမယ့် ပုထုဇဉ်လူသားအဖို့တော့ ဒီကျေနပ်မှုမှာ တွယ်ငြိစရာတွေ စိတ်အချဉ်ဓာတ်လေးတွေ အထီးကျန်ဆန်မှုတွေက အရောင်ဆိုးနေတာ မဆန်းပေဘူးပေါ့လေ

လူတွေကခက်တယ်ကွာ ဆိုတဲ့စကားကို ခနခနသုံးမိနေပေမယ့် ကိုယ့်ကိုယ်နားလည်နိုင်ဖို့လည်း ခုထိကြိုးစားနေရဆဲ

အထီးကျန်မှုကို ရမ်နဲ့ အရည်ဖျော်ဖို့ ကြိုးစားဖူးတယ်
စကော့တွေနဲ့လည်း ထုခြေဖို့ ကြိုးစားဖူးပါတယ်

ရင်ဘတ်ထဲက ဒီအစိုင်အခဲက လူတစ်ချို့ပြောသလို ဘာနဲ့ဖျော်ဖျော် မပျော်မှန်း သိလာရတော့ ကော်ဖီခါးခါးတစ်ခွက်နဲ့ ဆေးပေါ့လိပ်တစ်လိပ်ကို အနားခေါ်ထားမိပြန်တယ်

သွားပေါ်က stain တစ်ချို့ဟာ အထီးကျန်ဆန်မှုရဲ့ ရောင်ပြန်ပေါ့ကွာလို့ ပြောရင် လူတစ်ချို့က ခပ်သဲ့သဲ့ရယ်လိမ့်မယ်

ဘဝဆိုတာ နေတတ်ရင်တော့ ကျေနပ်စရာကြီးပါကွာ
ငါ့ကောင်ရေ မနေတတ်တော့လည်း သေမတတ်ပါပဲ

ငှက်တစ်ကောင်လည်းမဖြစ်ချင်တော့ပါဘူးအမေ

ဖြစ်ပျက်သမျှကို အပေါ်စီးက အကုန်မြင်နေရရင် ဒီလောကမှာ နေချင်စိတ်ကိုရှိတော့မယ် မထင်ပါဘူးအမေ

လေလွင့်သူဝတ္ထု ထဲက ကောလင်းလေးလို တစ်ချိန်တော့ Home ဆိုတဲ့ အိမ်အစစ်အမှန်ကို ပြန်ရောက်ဦးမှာပါ အမေ

အခုတော့ ဆက်လျှောက်ဆဲလှမ်းဆဲ

ဝါးတားတားမျှော်လင့်ခြင်းမီးအိမ်လေးပဲ အဖော်ပြုလို့
မရေရာမှုကန္တာရထဲ တစ်ကိုယ်ရည် လမ်းပျောက်နေဆဲပါ
အမေ

ထူးအိမ်သင်သီချင်းထဲကလို မိုက်မိုက်မဲမဲရိုးသားနေဆဲပေါ့အမေ

မျှော်လင့်ခြင်းမီးအိမ်လေး မီးစာကုန်တဲ့နေ့ ကျွန်တော်ဘယ်ကိုများရောက်နေမလဲ

ရောက်တဲ့နေရာမှာ ပက်လက်လှဲလို့ ကောင်းကင်ကြီးကြည့်ပြီးအားရပါးရထိုင်ရယ်ဖြစ်မယ်ထင်ပါရဲ့
အရယ်လွန်ပြီးကျတဲ့မျက်ရည်တစ်စက်နှစ်စက်တော့ ရှိနိုင်ရဲ့

#အောင်ကျော်စိုး















Keep Reading

"သွားပါ...ကလေးငယ်"အထီးကျန်နန်းကျဘုရင်ဥပေက္ခာ ပြုမထားသင့်ပါ သူငယ်ချင်းမေတ္တာဖြင့် ချစ်ခွင့်ပန်ခြင်းနေချင်တဲ့ ဘဝမွေး​နေ့လက်​ဆောင်ပျော်မောသူလက်တွေ့(action)ယနေ့ကဗျာ