KoZaw-Nway Oak Awl
မြမြ၏မိသားစုတွင်မြမြအပါအဝင်မိသားစုလေးဦးရှိသော်လည်းအလုပ်လုပ်ကာပိုက်ဆံရှာနိုင်သူမှာမြမြတစ်ယောက်သာရှိလေသည်။ဖခင်ဖြစ်သူအလုပ်လုပ်နိုင်ခဲ့စဉ်အခါကဖခင်၏ဝင်ငွေနှင့်ပေါင်းလျှင်မိသားစု
စားဝတ်နေရေးချောင်လည်ခဲ့သော်လည်းယခုအချိန်မှာတော့ဖခင်ဖြစ်သူမှာလေဖြတ်ကာအိပ်ရာထဲတွင်လဲသွားခဲ့သဖြင့်မိသားစု၏ဝင်ငွေသည်လည်းလျော့နည်းသွားသလိုဆေးဖိုးများကလည်းကုန်ကျလာခဲ့ပါတော့သည်။မိခင်ဖြစ်သူကနေမကောင်းဖြစ်နေသည့်ခင်ပွန်းသည်ကိုအနီးကပ်ပြုစုနေရသည့်အတွက်အလုပ်မလုပ်နိုင်ခဲ့သလိုညီမဖြစ်သူကလည်းယခုမှအလယ်တန်းတက်နေသည့်ကျောင်းသူတစ်ယောက်။ထိုကြောင့်မြမြ၏လစာတစ်ခုတည်းနှင့်မလောက်ငတော့ပဲလိုငွေပြလာခဲ့ပါတော့သည်။
လိုငွေအတွက်မိခင်ဖြစ်သူကိုစိတ်မပင်ပန်းစေချင်သဖြင့်အတိုးပေးသည့်ဒေါ်သူဇာ့ထံတွင်လိုအပ်သည့်ငွေပမာဏအားအတိုးနှင့်ချေးခဲ့ပါတော့သည်။အတိုးနှင့်ချေးထားသည့်ပိုက်ဆံကိုပြန်လည်ပေးဆပ်ရန်အတွက်စဉ်းစားရင်းမြမြတစ်ယောက်ရင်ထဲတွင်ပူနေမိပါတော့သည်။နေ့စဉ်ဝင်ငွေထဲမှတစ်ပုံကိုချန်ထားကာအကြွေးဆပ်မည်ဆိုပါကအိမ်၏အသုံးစရိတ်ကိုထိခိုက်နိုင်သည်ဟုတွေးကာအိမ်၏အသုံးစရိတ်များထဲမှမယူဖြစ်ခဲ့ပေ။
လောကဓံကိုမြမြတစ်ယောက်တည်းခါးစည်းခံရင်းအချိန်ပိုင်းအလုပ်တစ်ခုကိုထပ်ပြီးလုပ်ကိုင်ရန်
ဆုံးဖြတ်ခဲ့ပါတော့သည်။သည်လိုနှင့်မနက်ပိုင်းတွင်စတိုးဆိုင်တစ်ဆိုင်၏အရောင်းဝန်ထမ်းအလုပ်ကိုလုပ်ကိုင်ခဲ့သလိုညပိုင်းတွင်အင်္ကျီချုပ်ဆိုင်မှအပ်ထည်များကိုလက်ချုပ်ချုပ်ရင်းအပိုဝင်ငွေရလာဖို့အတွက်လုပ်ကိုင်ခဲ့ရပြန်သည်။
လောကဓံကိုယခုလိုကြံ့ကြံ့ခံရင်းတစ်နေ့မှာတော့မိခင်ဖြစ်သူကယခုအကြောင်းများကိုသိသွားကာ
စိတ်မကောင်းဖြစ်ခဲ့ရသလိုဖခင်ဖြစ်သူကလည်းသမီးဖြစ်သူမြမြ၏သိတတ်လိမ္မာမှုအတွက်ဝမ်းနည်းဝမ်းသာဖြစ်ရရှာတော့သည်။
"သမီးအခု ထမ်းထားခဲ့တဲ့ တာဝန်တွေက အမှန်တကယ်ကျတော့ ဖေဖေထမ်းရမယ့်တာဝန် တွေပါသမီးရယ်။ဖေဖေ့ရဲ့ ကိုယ်စား မိသားစုရဲ့ တာဝန်တွေကို တစ်ယောက်တည်း ထမ်းနေရတဲ့ သမီးကို ဖေဖေ အားနာမိသလို ကျေးဇူးလည်း တင်ပါတယ်ကွယ်"
ဖခင်ဖြစ်သူထံမှကြားလိုက်ရသည့်စကားကြောင့်မြမြက....
"ဖေဖေရယ်။သမီးကဖေဖေ့ရဲ့သမီးတစ်ယောက်ပါ။အဲဒါကြောင့်ဖေဖေကသမီးကိုအားနာနေစရာလည်းမလိုသလိုကျေးဇူးတင်စရာလည်းမလိုပါဘူးဖေဖေ။ဖေဖေ့အတွက်လိုအပ်တာရှိရင်သာသမီးကိုပြောပါနော်"
မြမြ၏စကားများကိုနားထောင်နေသည့်ဖခင်ဖြစ်သူကမြမြအားပြုံးလျက်ကြည့်ရင်း
"ဖေဖေ့အတွက် ဘာတစ်ခုမှ မလိုအပ်တော့ ပါဘူး သမီးရယ်။ဖေဖေက အခုအချိန်မှာ သေရမယ်
ဆိုရင်တောင် သေပျော်ပါပြီကွယ်"
ဖခင်ဖြစ်သူ၏စကားကြောင့်မြမြတစ်ယောက်စိတ်မကောင်း။
"ဖေဖေလည်းစကားတွေအများကြီးကိုပြောလိုက်ရတော့မောနေမှာပေါ့။အဲဒါကြောင့်ပြန်ပြီးအနားယူလိုက်ပါဦးနော်"
လောကဓံတွေကိုဘယ်လိုပဲရင်ဆိုင်နေရပါစေ။အဖေနဲ့အမေသာအနားမှာရှိနေရင်သမီးအနေနဲ့ရင်ဆိုင်ဖြတ်ကျော်ရဲပါတယ်ဖေဖေနဲ့မေမေ
မြမြတစ်ယောက်စိတ်ထဲတွင်ယခုကဲ့သို့တွေးနေမိရင်းအလုပ်များကိုကြိုးစာကာလုပ်ကိုင်နေမိလေသည်။မိဘကိုသိတတ်သည့်ကံအကြောင်းတရားကြောင့်လမ်းကြုံ၍ထီဆိုင်တွင်ဝင်ပြီးထိုးထားသည့်ထီလက်မှတ်မှကျပ်သိန်းငါးဆယ်ဆုကိုမထင်မှတ်စွာဆွတ်ခူးခဲ့လေသည်။ထိုအခါတွင်အတိုးနှင့်ယူထားသည့်ပိုက်ဆံများကိုပြန်ပြီးဆပ်နိုင်ခဲ့သလိုမိဘနှစ်ပါးကိုစိတ်အေးချမ်းသာစွာထားနိုင်ခဲ့ပါတော့သည်။
#ကိုဇော် နွေဥဩ
Keep Reading